မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၉)
မှတ်စုမှတ်တမ်း
ဖေဖေါ်ဝါရီ ၇ ရက်
မြတောင် - တောရ ဘက်ကမ်းရောက်တော့ ဦးစောအောင်ခင်လှ နေအိမ်လိုက်ရှာရန် ရွာလမ်းအတိုင်း လျှောက်သွားပါတယ်။ အိမ်တစ်အိမ်မှာ အမျိုးသမီး လေးယောက်ကို တွေ့ရပြီး တစ်ယောက်မှာ ပါပါစစ်ပြေးအဖြစ် မြစ်ကြီးနားမြို့၊ မိုင်းနား ရွာမှာ နေစဉ် ပါပါတို့နဲ့အတူ လာနေတဲ့ 'အကလောင်း' ခေါ် ဆရာမဒေါ်သဲနု ဖြစ်ပါတယ်။ (ယခု စစ္စတာ ဒေါ်သဲနု၊ မြောက်ဥက္ဗလာပ ဆေးရုံ) ဆရာမ ဒေါ်သဲနုကို မမြော်လင့်ဘဲ တွေ့ရသဖြင့် ပါပါအလွန်မှ ဝမ်းသာပါတယ်။ အကြောင်းမှာ ဆရာမဒေါ်သဲနုဟာ ပါပါလိုက်ရှာနေတဲ့ သစ်တောဝန်ထောက်ဦး စောအောင်ခင်လှရဲ့ ညီမအရင်း ဖြစ်ခြင်း ကြောင့်ပင် ဖြစ်တယ်။ ဆရာမ ဒေါ်သဲနုဟာ သူ့အစ်ကိုနှင့်အတူ နေပြီး ရွာထဲအိမ်တစ်အိမ်သို့ သွားရင်း ပါပါသူ့ကို တွေ့ရှိခြင်း ဖြစ်ပါတယ်။ ပါပါသူ့ကို ခေါ်ပြီး သူ့အစ်ကို အိမ်ကိုသွားပါတယ်။
ဦးစောအောင်ခင်လှ အိမ်မှာ ပါပါတို့နှစ်ရက်ကြာပါတယ်။ ဦးစောအောင်ခင်လှဟာ ပါပါတို့ကို ကောင်းမွန်စွာ ဧည့်ခံပြုစုပါတယ်။ အဲဒီ အချိန်မှာ ပါပါတို့လက်ထဲမှာ ငွေလက်ကျန်နည်းနေသည့် အတွက် လက်ကောက်တစ်ဖက်ရောင်းပေးရန် ဦးစောအောင်ခင်လှ အား ခိုင်းရာ ငွေကျပ်နှစ်ထောင် ရရှိပါတယ်။
ကသာ နယ်မြေ အခြေအနေနှင့် ပတ်သက်၍ ဦးစောအောင်ခင်လှ ထံမှ သိရှိရသည်မှာ ကသာမြို့မှာ ဂျပန်တပ်များ အခိုင်အမာတပ်စွဲထားကြောင်း မြစ်ကြီးနား၊ ဗန်းမော်တဝိုက်မှာ ကချင်အမျိုးသား၏များ လူမျိုးရေးဆန်ဆန် ဆူပူထကျွနေကြောင်း၊ ဘီဒီအေယူနီဖောင်းနှင့် သွားလာနေသဖြင့် သတိဝီရိယနှင့် သွားလာရန်လိုကြောင်း၊ ဗန်းမော်ဘက်မှ ဂျပန်များဆုတ်ခွာလာသောအခါ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆုတ်ခွာလာကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။
ပါပါတို့မြစ်ကြီးနား ဘက်ကို တောလမ်းအတိုင်း သွားရမည်ဖြစ်တဲ့ အတွက် လမ်းပြအဖြစ် ဦးစောအောင်ခင်လှက ကချင်အမျိုးသားတစ်ယောက်ကို စီစဉ်ပေးပါတယ်။ ကချင်အမျိုးသားဟာ ပါပါတို့နဲ့ နိုဝင်ဘာလ (၁ဝ) ရက် (၁၁) ရက်နေ့မှာ မြတောင်- တောရ အရှေ့ဘက်ရှိ ကမ်းသာရွာမှာ ဆုံရန်ဖြစ်တယ်။ ၎င်းရွာမှ နေ၍ ကချင်အမျိုးသားဟာ ပါပါတို့နဲ့အတူ မြစ်ကြီးနားဘက်ကို တောလမ်းအတိုင်း လိုက်သွားရန် ဖြစ်တယ်။
လိုအပ်သော အစီအစဉ်များအားလုံးဆောင်ရွက်ပြီးဖြစ်၍ မြတောင်- တောရ အုပ်ချုပ်ရေး အရာရှိ၏ အကူအညီဖြင့် လှေတစ်စင်းငှားကာ တကောင်းသို့ ညဘက်မှာ စုံဆင်းသွားပါတယ်။ ဧရာဝတီမြစ်ပြင်သည် မြောက်မှ တောင်သို့ တငြိမ့်ငြိမ့် တသွင်သွင် စီးဆင်းလျက် ရှိနေပါတယ်။ လသာ နေတဲ့ညမို့ လရောင်မှာ ဝင်းဝင်းပနေပြီး မြစ်ပြင်တစ်ခုလုံးမှာ လရောင်ကြောင့် ဖွေးဖွေးဖြူနေတယ်။ ဂယက်ကလေးများ ထသွားသည့်အခါတွင် ရေပြင်သည် လရောင်အောက်၌ တဖျပ်ဖျပ်လက်နေပါတယ်။ ခပ်ဝေးဝေးကမှုတ်နေတဲ့ ပလွေသံလဲလွင့်နေပါတယ်။ လှေလှော်သမားနှစ်ယောက်လဲ ခပ်မှန်မှန်ပင် လှော်သွားပါတယ်။ ဗိုလ်မှူးချစ်ကောင်းနှင့် ပါပါလဲ ငြိမ်သက်စွာ စီးနင်းလိုက်ပါရာ ကိုယ့်အတွေး နဲ့ကိုယ် နေကြပါတယ်။ ဒီလိုနဲ့တကောင်းကို ရောက်မှန်း မသိ ရောက်သွားပါတယ်။ နာရီကို ကြည့်တော့ ည (၁ဝ) နာရီထိုးပြီး ဖြစ်တယ်။
တကောင်းဟာ မြို့ခေါ်ရမလား၊ ရွာခေါ်ရမလား မပြောတတ်ပါ။ အစိုးရ ရုံးစိုက်တဲ့ မြို့တော့ မဟုတ်ပါ။ တစ်ချိန်တစ်ခါက ရာဇဝင်အရ ကျော်ဇော ထင်ရှားသော မြို့ဖြစ်ခဲ့ပါတယ်။ ပြိုကျပျက်စီးနေသော မြို့ရိုးဟောင်းရှိပြီး 'ရွှေစည်းခုံ' 'ရွှေဆံ့တော်' အမည်ရှိသော စေတီတော်ကြီးလဲ ရှိပါတယ်။ 'မြန်မာအစ တကောင်းက' ဆိုတဲ့စကားလဲ လူတိုင်း ကြားဖူးပါတယ်။
ပါပါတို့ရောက်ရှိတဲ့အချိန်မှာတော့ အထက်ကုန်၊ အောက်ကုန် ရောင်းဝယ်ဖလှယ်နေတဲ့ နေရာအဖြစ် တွေ့ရှိရပါတယ်။ ည (၁ဝ) နာရီထိုးပြီး ဖြစ်သော်လည်း ကမ်းနားမှာ ကုန်သည်ပွဲစားများ အလုပ်ရှုပ်နေတုံး ဖြစ်ပါတယ်။ ဦးအေး - ဒေါ်ဧမီအိမ်ကို မေးပြီး ပါပါတို့ တက်သွားပါတယ်။ ဦးအေး - ဒေါ်ဧမိ အိမ်အရောက်မှာ ဗိုလ်လှတစ်ယောက် တော်တော်ကလေး နေကောင်းလာကြောင်း အိမ်ထဲမှာ ဟိုအနား၊ ဒီအနား လမ်းလျှောက်နိုင်ကြောင်း၊ ဆန်ပြုတ်ပင် သောက်နိုင်ကြောင်း ကြားသိရတော့ ပါပါ့အနေနဲ့ ဝမ်းသာမဆုံး ဖြစ်ပါတယ်။
ဂဟဲမှာ အားလုံးက သေမယ်လို့ တွက်ထားတဲ့ ဗိုလ်လှဖေ၊ ဂျုံးဂျုံးဂျမှ နေ၍ ငါးဖောင်နဲ့စုန်အဆင်း ပါပါက ဖောင်ပေါ်မှာ သေမယ်လို့ ထင်တဲ့ ဗိုလ်လှဖေ၊ ခုတော့ ဗိုလ်လှဖေ ကျန်းမာလာပြီဖြစ်တဲ့အတွက် ပါပါဝမ်းသာ မဆုံး ဖြစ်သလို ပါပါနဲ့အတူ ဗိုလ်လှဖေကို တကူးတက တကောင်းကို အရောက်ပို့ဆောင်ပေးရတဲ့ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီးဦးအုန်းမောင်တို့လဲ လိုက်ပို့ရကျိုးနပ်ပြီ အသိနဲ့ ဝမ်းသာကြပါတယ်။
ပါပါတို့ ဦးအေး-ဒေါ်ဧမိအိမ်မှာ အိပ်ပြီး မနက်မိုးမလင်းတလင်း အချိန်မှာ လေထီးဦးအုန်းမောင်က ထပြီး မီးဖိုချောင်ကို သွားတာ မြင်ရပါတယ်။ ဗိုလ်လှဖေညီမ မတင်လှနှင့်အတူ ဗိုလ်လှဖေအတွက် ဆန်ပြုတ်ထတည်ခြင်း ဖြစ်ပါတယ်။ ဒီမြင်ကွင်းကို တွေ့တော့ ပါပါက ဗိုလ်မှူး ချစ်ကောင်းကို တိုးတိုးကလေး 'တို့လူတော့ နေရာကျပြီထင်တယ်' လို့ပြောမိပါတယ်။
ဟင်္သာရွာမှာလမ်းပြ ကချင်အမျိုးသားနဲ့ နိုဝင်ဘာလ (၁ဝ)ရက်၊ (၁၁) ရက်နေ့မှာ တွေ့ဆုံရန်ချိန်းဆိုထားချက် အရ တကောင်းမှာ တစ်ပတ်ခန့်နေပြီး မှသွားရမယ်ဖြစ်ပါတယ်။ ပါပါတို့ မရောက်မီ တကောင်းမှာ ဆင်ရိုင်း ဝင်လာတဲ့အတွက် လာဘ်တိတ်တယ်လို့ အယူရှိတဲ့ပလူတွေ တခြားသို့ပြောင်းရွှေ့သွားကြောင်း သိရတယ်။
တကောင်းရောက်ပြီးတဲ့နောက်တစ်နေ့မှာပဲ ဦးအေးစီစဉ်ပေးချက်အရ တကောင်းနှင့် နှစ်မိုင်ခန့်ဝေးတဲ့ ယာခင်းမှာ တောဝက် ပစ်ရန် ပါပါသွားပါတယ်။ ညဘက်မြေပဲစိုက်ထားတဲ့ ယာခင်းမှာ လာရောက်ဖျက်စီးတဲ့ တောဝက်ကို ပစ်ရန် ဖြစ်ပါတယ်။ ပါပါတို့အဖော် သုံးယောက် ကိုယ်စီ ဂျပန်ရိုင်ဖယ်ရှိတော့ ပါပါရိုင်ဖယ် ပါပါယူသွား ရပါတယ်။ ယာခင်းထဲမှာ ပါပါတို့နေပြီး ညဘက်တောဝက်အလာကို စောင့်ဆိုင်းနေပါတယ်။ ညဘက်မှာ ပစ်ရမယ်ဖြစ်တဲ့အတွက် ရိုင်ဖယ်ရှေ့ချိန်နှင့် နောက်ချိန်သီးမှာ ဝါဂွမ်းအဖြူကပ်ထားရပါတယ်။ ပထမညမှာ တောဝက်မလာသဖြင့် နောက်တစ်ညမှာ ဆက်စောင့်ရပါတယ်။ နောက်တစ်ညမှာ ပါပါအိပ်ချင်တာနဲ့ ယာတဲမှာ ပဲအိပ်ပြီး သေနတ်ကို မုဆိုးလက်သို့ အပ်ပါတယ်။
သန်းကောင်ကျော် အချိန်မှာ သေနတ်သံကြားရပြီး မကြာမီမုဆိုးက သူ့အဖော်များနှင့် ဝက်ကြီးတစ်ကောင်ထမ်းလာပါတယ်။ ဖျက်ပြီး ချိန်တွယ်ကြည့်သောအခါ အချိန်ပိဿာ ငါးဆယ်ကျော်ပါတယ်။ ရပ်ရွာဓလေ့ထုံးစံအရ မုဆိုးနဲ့ သေနတ်ရှင်ဟာ အသားကို တစ်ယောက်တစ်ဝက်ရပြီး ခြေ၊ လက်၊ ခေါင်း၊ ဝမ်းတွင်းသားများကို မုဆိုးက ရပါတယ်။ ဓလေ့ထုံးစံအရ ပါပါက ဝက်သား (၂၅) ပိဿာရပါတယ်။ အဲဒီအချိန် တကောင်းမှာ ဝက်သား ဈေးကျပါတယ်။ တစ်ပိဿာ (၂၅) ကျပ်ဖြစ်ပြီး ချက်အရက်ကလဲ တစ်ပုလင်း (၂၅) ကျပ်ဖြစ်ပါတယ်။ ဝက်သား ငါးပိဿာကို ဦးအေးအိမ်ပို့ပြီး ကျန်တာကို အရက်နှင့် လဲလိုက်ပါတယ်။
တကောင်းမှာ အုန်းပင် တွေတော်တော်များများ ရှိပါတယ်။ ချက်အရက်နှင့် အုန်းရည်စပ်ပြီး သောက်တာ တော်တော်ကလေး အရသာ ထူးခြားပါတယ်။ လိုက်ဖက်ဖြစ်တယ်လို့ ဆိုရတယ်။ (ပါပါဝန်ကြီးနှင့် သမ္မတဖြစ်တော့ ပါပါ့မိတ်ဆွေတွေက ဝီစကီနှင့်အုန်းရည်ဟာလည်း လိုက်ဖက်ဖြစ်တယ်လို့ ပြောပါတယ်။)
တကောင်းမှ မထွက်ခွာမီတစ်ရက်အလိုမှာ ပါပါတို့အဖော်သုံးယောက်သား ရွှေစည်းခုံ၊ ရွှေဆံတော်စေတီတော်ကို သွားကြပါတယ်။ ဗိုလ်လှဖေကို ကယ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ခရီးလမ်းတလျှောက်လုံး ဘေးမသီရန်မခဘဲ တပည့်တော်တို့ ကုလားပြည်သို့ ချောမောစွာ ရောက်ရှိလိုပါ၏ အရှင်ဘုရားဟူ၍ ဆုထူးပန်ကြပါတယ်။
နောက်တစ်နေ့နံနက် ဦးအေး - ဒေါ်ဧမိ၊ ဗိုလ်လှဖေတို့ကို နှုတ်ဆက်ပြီး တကောင်းမှ ပါပါတို့ စတင်ခရီးထွက်ကြပါတယ်။ (ဦးအေးသည် တကောင်းမှာပဲ ဆုံးသွားပါတယ်။ ဒေါ်ဧမိကတော့ မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ပါတယ်။ ပါပါသမ္မတအဖြစ် မြစ်ကြီးနား ရောက်စဉ် ဒေါ်ဧမိကို သွားရောက်နှုတ်ဆက်ပါတယ်။ မတင်လှ တစ်ယောက်လဲ မြစ်ကြီးနားမှာ အိမ်ထောင်ကျသွားပါတယ်။)
ညနေပိုင်းမှာ အုတ်ရှစ်ကုန်းရွာသို့ ရောက်သွားပါတယ်။ ရွာခေါင်းအိမ်မှာ တည်းခိုပြီး ပါပါတို့ကို ထမင်းကျွေးတဲ့အခါ ဆင်သားဟင်း ပါထည့်ကျွေးပါတယ်။ အခြေထောက်သားလို့ ပြောပါတယ်။ အဆီဝင်းတယ်လို့ ပြောရမှာအခက်၊ မကောင်းဘူးလို့ ပြောရမှာလဲအခက် ဖြစ်ပါတယ်။ အုတ်ရှစ်ကုန်းရွာနားတဝိုက် မြေပြန့်မှာ တိုင်ခွန်များ စိုက်ထားတာကို တွေ့ရပါတယ်။ အင်္ဂလိပ်လေထီးစစ်သားများ မဆင်းနိုင်အောင် ဂျပန်စိုက်ခိုင်းသည့်အတွက် စိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ည ရွာထဲမှာ ရှေ့မှာ သံဘီးတစ်လုံးထဲရှိပြီး သံကိုယ်ထည်နှင့် လက်ကိုင်နှစ်ဖက်ရှိသော တွန်းလှည်းတစ်စင်းကို တွေ့ရပါတယ်။ ဂျပန်နောက်ပိုင်း 'ဝင်းဂိတ်' စစ်သားများ လေထီးဖြင့် ဆင်းစဉ် ကျန်ရစ်ခဲ့သော တွန်းလှည်း ဖြစ်ကြောင်း သိရှိရပါတယ်။ ပါပါတို့ရောက်ရှိ နေတဲ့နေရာဟာလပိုင်းမျှသာ မကြာသေးမီက ဝင်းဂိတ်စစ်သားများ သွားလာကျက်စားသည့် နေရာဖြစ်ကြောင်း သိရှိရပါတယ်။
အုန်းရှစ်ကုန်းရွာမှ ပါပါတို့နောက်တစ်နေ့ နံနက်စတင်ခရီးထွက် ကြပါတယ်။ နိုဝင်ဘာလ (၁ဝ)ရက် ဖြစ်ပါတယ်။ ဟင်္သာရွာမှ လမ်းပြအဖြစ် လိုက်မယ့် ကချင်အမျိုးသားနှင့် ချိန်းဆိုထားသောရက် ဖြစ်ပါတယ်။ ဟင်္သာရွာကို ညနေဘက်မှာ ရောက်ပြီး ဦးစံဒွန်း - ဒေါ်စကာတို့အိမ်မှာ တည်းခိုပါတယ်။ တစ်ချိန်ကဟင်္သာရွာမှာ ဝင်းဂိတ် စစ်တပ်နှင့် ဂျပန်စစ်တပ်များ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်တဲ့အတွက် ရွာသားတွေဟာ သုံးရက်သုံးညအိမ်ပေါ်မှာပဲ ပိတ်မိနေတဲ့အကြောင်း ကြားသိရတယ်။ အင်္ဂလိပ်စစ်သား တွေဆုတ်ခွာပြီးနောက် ဂျပန်စစ်သားတွေက အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်ကို မြင်းနဲ့ တရွတ်တိုက်ဆွဲတယ်လို့ ရွာသားများက ပြောပြပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
Comments