Book Worm The Geek - 3 Burmese E-Books on MoeMaKa Shelf

အင်တာနက်ပေါ်က ဖတ်စရာ အီးဘုတ်အုပ် အသစ် ၃ ခု

စာဂျပိုး သာဂိ

ဖေဖော်ဝါရီ ၁၆၊ ၂၀၀၉

၈၈ မျိုးဆက်ကျောင်းသား ကိုအောင်ထွန်း ပြုစုတဲ့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃ - ၁၉၉၁) စာအုပ်ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာ ကော်မီတီ)က ပြည်ပမှာ ဖြန့်ချိပါတယ်။ တန်ဖိုး အမေရိကန် ဒေါ်လာ ၃၀၊ အုပ်ရေ ၅၀၀။ ယခု အီးဘုတ်အုပ်အဖြစ် မေတ္တာဖြင့် ဖြန့်ချိတာကို တွေ့ရပါတယ်။

ကောင်းကင်စိတ်နဲ့ မြေလိုကျင့်တဲ့ ဧည့်သည်ကြီး နှင့်သူ၏ကဗျာများ - နေခြူး၊ တင်မိုး ။ ကဗျာဆရာကြီး ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရအဖြစ် မိုးချိုသင်း အင်တာနက်ဘလောက်က တင်ဆက်တဲ့ ဆရာဦးတင်မိုးရဲ့ အကျဉ်းထောင် ရုပ်ပုံလွှာဖြစ်ပါတယ်။ စာရေးသူက ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတဦး - နေခြူး ဖြစ်ပါတယ်။ ဆရာကြီးနဲ့ တွေ့ဆုံခဲ့သမျှကို တင်ပြထားတာပါ။ အဲဒီမှတ်တမ်းနဲ့အတူ မာယာမဂ္ဂဇင်း ဘလောက်က ကောက်နုတ်ထားတဲ့ ဆရာတင်မိုးရဲ့ ကဗျာများကိုပါ တွဲဖက်ထားပါတယ်။ အခု ဒါတွေကို စုစည်းတဲ့ အီးဘုတ်အုပ်ကို အိန္ဒိယက မြန်မာအိုင်အက်စ်ပီ ၀ိုင်းတော်သားများက မေတ္တာနဲ့ တင်ဆက်ပေးတာဖြစ်ပါတယ်။

မိုးမခ လစဉ် သတင်းလွှာ ပေါင်းချုပ် - ၂၀၀၆ ဖေဖော်ဝါရီ မှ ၂၀၀၇ ဇွန်လ။ ၂၀၀၆ က စတင်ပြီး အွန်လိုင်း စာနယ်ဇင်းစာမျက်နှာအဖြစ် အရှိန်စမြှင့်ခဲ့တဲ့ မိုးမခ တင်ဆက်ခဲ့သမျှ စာမူတွေကို (၂၀၀၆ - ၂၀၀၇) ၁ နှစ်ကျော် လစဉ်ပုံနှိပ်သတင်းလွှာအဖြစ် တင်ဆက်ခဲ့ပြီး အီးဘုတ်အုတ်အဖြစ် တစုတစည်းတည်း သိမ်းဆည်းဖတ်ရှုနိုင်ဖို့ ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပါတယ်။ စာမျက်နှာ ၈၀၀ ကျော် ရှိပါတယ်။ မိုးမခ စာနယ်ဇင်းက မေတ္တာနဲ့ ဖြန့်ချိပါတယ်။ ယခုနောက်ပိုင်း ၂၀၀၈ နိုဝင်ဘာက စတင်ပြီး မိုးမခလစဉ် အီးသတင်းလွှာကို စာမျက်နှာ ၁၆ မျက်နှာစာ အကျဉ်းကောက်နုတ် ပြန်လည် တင်ဆက်လာပြန်ပါပြီ။

Comments