Day one and day two in Thai-Burma border

ဒေးဝမ်း၊ ဒေးတူး
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၅၊ ၂၀၀၉


ဒေးဝမ်းအလုပ်
အလုပ် ၂ မျိုး ရှိတယ်။ “ဒေးဝမ်း၊ ဒေးတူး” (Day one, Day two)တဲ့။ ဒီ ဝေါဟာရသစ်တွေကို လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက ထိုင်းမြန်မာနယ်စပ်မှာ စပြီး ကြားခဲ့ရတယ်။ အရေးကြီးတဲ့၊ လတ်တလော မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကို ဒေးဝမ်း အလုပ်လို့ ခေါ်ကြတယ်။

နိုင်ငံရေးသမားတွေ သုံးတဲ့ စကားလုံးဖြစ်တာကြောင့် ဒေးဝမ်းအလုပ် ဆိုတာ စစ်အစိုးရပြုတ်ဖို့၊ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ လုပ်တဲ့အလုပ်တွေလို့ သတ်မှတ်ပါတယ်။

ဒေးတူးအလုပ်
နောက်တနေ့အထိ ရွှေ့လို့ရတဲ့ အလုပ်တွေကို ဒေးတူးလို့ သတ်မှတ်ကြတယ်။ ကျန်းမာရေး ပညာပေး၊ လူ့အခွင့်အရေး၊ နိုင်ငံတခု အပြောင်းအလဲ ကာလ အဆင်ပြေရေး စတဲ့ အကြောင်းအရာတွေက ဒေးတူး ဖြစ်နေတယ်။ အရေးတော့ ကြီးတယ်၊ နို့ပေမယ့် ထိပ်တန်းဦးစားပေးအလုပ် မဟုတ်လို့ သတ်မှတ်ထားတယ် ဆိုပါစို့။

အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု
ဒီခေါင်းစဉ်က လူအများစုအတွက် အစိမ်းသက်သက် ဖြစ်နေတယ်။ ပြည်ပရောက် နိုင်ငံရေးသမား တချို့ လေ့လာကြတဲ့ ဘာသာရပ် ဖြစ်တယ်။ အင်္ဂလိပ်လိုက Transitional Justice တဲ့။

ရွာလုံးကျွတ် မီးရှို့တဲ့၊ အမျိုးသမီးတွေကို မတရားကျင့်တဲ့၊ လူတွေကို နှိပ်စက်တဲ့၊ နိုင်ငံရေးသမားတွေကို ထောင်ချတဲ့ စသဖြင့် မဟုတ်တာလုပ်တဲ့ အာဏာပိုင်တွေက အများကြီးပဲ။ စစ်အစိုးရတွေ လက်ထက်မှာ အများကြီးပဲ ဖြစ်ခဲ့တယ်။ ကျူးလွန်တဲ့ ရဲ၊ စစ်သား၊ ဆယ်အိမ်ခေါင်း၊ ကြံ့ဖွံ့၊ အာဏာပိုင်အဆင့်ဆင့် အရေအတွက်က တသိန်းလည်း ဖြစ်နိုင်တယ်၊ ဆယ်သိန်းလည်း ဖြစ်နိုင်တယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတဲ့အခါ ဒီလို ပြစ်မှု ကျူးလွန်ခဲ့တဲ့သူတွေကို ဘယ်လိုလုပ်မလဲ။ လူအရေအတွက်က သိန်းချီပြီး ရှိတယ်။

ဒီလူတွေကို တရားပြန်စွဲပြီး ထောင်ထဲ ထည့်ထားလို့လည်း မဖြစ်ဘူး။ ထောင်တွေ အများကြီး ထပ်ဆောက်ရမယ်။ သူတို့က အများစု ဆိုတော့ လက်ခံပါ့မလား။

တရားစွဲခွင့် မပြုဘူး ဆိုရင်လည်း ခံခဲ့ရတဲ့ ကာယကံရှင်တွေက ကျေနပ်ကြမယ် မဟုတ်။

ဒီတော့ ကျူးလွန်သူရော၊ ခံခဲ့ရသူတွေရော နှစ်ဘက်စလုံး လက်ခံနိုင်အောင် ဖြေရှင်းရတော့မယ်။ ဒီလိုဖြေရှင်းတာကိုပဲ “အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု” လို့ ဆိုတယ်။

နောက်ကျမယ်
နိုင်ငံတခု အသွင် ကူးပြောင်းတဲ့အချိန်ရောက်မှ (ဒီမိုကရေစီရမှ) တရားမျှတရေး အလုပ်တွေကို ဆောင်ရွက်မယ် ဆိုရင် နောက်ကျမှာပဲ လို့ ဒီဘာသာရပ်ကို လေ့လာသူများက ဆိုကြတယ်။
နောက်ကျခဲ့ရင် လက်စားချေမှု၊ သွေးချောင်းစီးမှု၊ သူပုန်ထမှုတွေကြောင့် နိုင်ငံပြန်လည် တည်ထောင်ရေးကို လုပ်နိုင်တော့မှာမဟုတ်ပါဘူး တဲ့။

ခုကတည်းက ကြိုတင် လေ့လာထား၊ ပြင်ဆင်ထားကြရင် ခေတ်ပြောင်းချိန်မှာ အသင့်ဖြစ်မယ်၊ အကျိုးရှိမယ်လို့ ဆိုပါတယ်။

တောင်အာဖရိက၊ ချီလီ၊ အာဂျင်တီးနား စသဖြင့် အာဏာရှင်နိုင်ငံဘ၀ကနေ ဒီမိုကရေစီနိုင်ငံတွေအဖြစ် ပြောင်းသွားတဲ့ နိုင်ငံတွေရဲ့ ဥပမာတွေကို လေ့လာကြတယ်။ နိုင်ငံတခုနဲ့တခု ဖြေရှင်းကြပုံခြင်း မတူဘူး။ ခံခဲ့ရပုံချင်း၊ ယဉ်ကျေးမှုခြင်း မတူဘူး။ မြန်မာပြည် အသွင်ပြောင်းကာလမှာ ဘယ်လိုလုပ်သင့်သလဲ ဆိုတာကို လေ့လာကြတယ်။

ဝေဖန်မှုနဲ့ဖြေရှင်းချက်
အသွင်ပြောင်းကာလအတွက် ပြင်ဆင်လိုသူတွေကို ဒေးဝမ်းသမားတွေက မနှစ်သက်ကြပါဘူး။ ဒေးဝမ်းအလုပ် ဖြစ်တဲ့ စစ်အစိုးရပြုတ်ရေးကိုပဲ တစိုက်မတ်မတ်လုပ်ကြ၊ ၀ိုင်းလုပ်ကြရင် မကောင်းဘူးလားလို့ ပြောပါတယ်။ တိုးတိုးတိတ်တိတ် ပြောတဲ့အတွက် ဒေးတူးသမားတွေဆီက တုန့်ပြန်သံတွေ မထွက်သေးပါ။

တုန့်ပြန်မယ်ဆိုရင်လည်း စစ်အစိုးရကို လူထုအားနဲ့ ပြုတ်ကျအောင် လုပ်နေကြသူတွေ ရှိနေပြီပဲ၊ မြန်မာပြည် အနာဂတ်အတွက် အရေးတကြီး ပြင်ဆင်စရာတွေ အများကြီးထဲက တခုကို ဆက်ပြီး လေ့လာ စူးစမ်းပါရစေလို့ ပြန်ရှင်းပြမယ် ထင်ပါတယ်။ ။


Comments

ATN said…
ကျုပ်ကတော့ အဲကောင်တွေ သတ်ပစ်မယ်ဗျာ ဒေးသရီးမရောက်ခင်