အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးမည်ဟု စစ်အစိုးရကြေညာ
အေပီသတင်းဌာန
ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉
အေပီသတင်းဌာန
ဖေဖော်ဝါရီ ၂၁၊ ၂၀၀၉

မြန်မာ့ရုပ်မြင်သံကြား နှင့် မြန်မာ့အသံတို့က ကြေညာရာတွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို ယနေ့ (စနေနေ့)မှ စတင်ပြီး လွှတ်ပေးမည်ဟု ဆိုသည်။
လွှတ်ပေးမည့် အကျဉ်းသား အရေအတွက် ၆၃၁၃ ဦးရှိသည်ဟု သိရသည်။ စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများကို လွှတ်ပေးမည်၊ ၎င်းတို့အနေဖြင့် ရှေ့နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်မည်ဟု ဆိုသည်။
လူ့အခွင့်အရေး စောင့်ကြည့်သည့် အဖွဲ့များက မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ မက ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်။ ဒေါ်စုသည် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး နေအိမ်တွင် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်။ တရားစီရင်ခြင်းမရှိဘဲ ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ အကျယ်ချုပ် ကျနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလက အကျဉ်းသား ၉၀၀၂ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ရာ ထိုအထဲတွင် နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသူ ၁၂ ဦးခန့်သာ ပါဝင်သည်။
ပြီးခဲ့သည့် လများအတွင်း စစ်အစိုးရ တရားရုံးများက အတိုက်အခံ ၁၀၀ ကျော်ကို ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ထိုအထဲတွင် နာမည်ကျော် အတိုက်အခံ ခေါင်းဆောင်များ ပါဝင်သည်။
Comments