letter for Daw Khin Khin Hla

အမေကြားသိ အားရှိပါစေ
အရှင်ဉာဏိက
ဖေဖော်ဝါရီ ၆၊ ၂၀၀၉

ဒကာမကြီး ဒေါ်ခင်ခင်လှ
အ လ က (၄)

ဆရာတော် ရဝေနွယ် (အင်းမ) နဲ့ ပေးလိုက်တဲ့ ဒကာမကြီးရဲ့ စာကို ဖတ်ရတယ်။ အဲဒီကတည်းက ပြန်စာရေးဖို့။ ရှေးကတော့ ပြောကြတယ်။ ကိစ္စများမြောင် လူတို့ဘောင် တဲ့။ ခုတော့ ကိစ္စများမြောင်က လူတို့ဘောင်ပါ မက ရဟန်းတော်တွေရဲ့ဘောင် ရောက်နေပြီလို့တောင် ပြောရမယ့်အထိ ဖြစ်နေပြီလား မသိဘူး။ ရဟန်းတော်တွေမှာလည်း ကိစ္စတွေက များများ။ ဒါတောင် ဦးဇင်းတို့က လူအများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်ဆံမှု သိပ်ရှိတာ မဟုတ်သေးဘူး။ သိပ်ပြီး ထင်ရှား ကျော်ကြားတဲ့ ဆရာတော်များအတွက် ဆိုရင်တော့ ကိစ္စက များတယ်ဆိုတဲ့ စကားနဲ့တောင် လုံလောက်ပါ့မလား မဆိုနိုင်ဘူး။

စာရေးမယ်လို့ စိတ်ကူးလိုက်။ ဟိုဟိုဒီဒီ အကြောင်းလေးတွေက ပေါ်လာလိုက်နဲ့ ရေးဖြစ်တဲ့အထိ မရောက်ခဲ့ဘူး။ ဒါကြောင့် နောက်ကျသွားတာ။ ခုရက်ပိုင်းမှာတော့ ရွာက ဦးဇင်းရဲ့ ဒကာကြီးက မူလတန်းလွန်ကျောင်း(ဒီအသုံးအနှုန်းကို ဦးဇင်းအရင်က မကြားမိခဲ့ဖူးဘူး) အတွက် ကျောင်းဆောင်လေး ဆောက်ပေးစေချင်တယ်လို့ လျှောက်ထားလာလို့ အလယ်တန်းအရွယ် ကလေးတွေကို စာသင်ပေးနေတယ်ဆိုတဲ့ ဒကာမကြီးကို သတိရမိနေတတ်တယ်။ ဒါကြောင့် ရေးဖြစ်အောင် ရေးမယ် ဆိုပြီး ရေးလိုက်တာ။ နေရာ အပြောင်းအရွှေ့တွေ များတတ်လွန်းတဲ့ခေတ်မှာ ဒကာမကြီးက မူလကျောင်းမှာမှ ရှိနေသေးသလား မဆိုနိုင်ဘူး။ ရောက်စေချင် ဖတ်စေချင်တဲ့ ဆန္ဒနဲ့ ရေးတာမို့ ပြောင်းရွှေ့သွားခဲ့ရင်တောင် ဒကာမကြီး အသေအချာ ဒီစာကို ဖတ်ခွင့်ရလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ပဲ ရေးလိုက်ပါတယ်။

ဦးဇင်းရေးတဲ့ စာအချို့ဟာ လူငယ်တွေကို နည်းပေးလမ်းပြ လုပ်ရာမှာ အထောက်အကူ ဖြစ်တယ် ဆိုတာ ဖတ်ရလို့ ဝမ်းသာမိပါတယ်။ ဒကာမကြီးလည်း သတိထားမိမလား မသိပါဘူး။ ဦးဇင်း ရည်ရွယ်တာကလည်း လူငယ်များကိုပါ။ လူငယ်များဆိုရာမှာလည်း အသိဉာဏ် အတန်ရင့်ကျက်ပြီး ဦးဆောင်မှုအပိုင်းကို ယူကြမယ့်သူတွေအတွက် ပိုပြီး ရည်ရွယ်ပါတယ်။ သူတို့တွေ မှန်မှန်ကန်ကန် တွေးခေါ်မြော်မြင် စဉ်းစား တတ်စေဖို့၊ ကရုဏာမဲ့တဲ့ ပညာရှင်တွေ မဖြစ်ရအောင်၊ ပညာကင်းတဲ့ ကရုဏာရှင်ကြီးတွေ မဖြစ်ကြစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်ခဲ့တာ များပါတယ်။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်ခွင့် ရှိတဲ့ နေရာများမှာ ရှိနေတဲ့သူတွေ ဖတ်ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့ စွမ်းအားဟာ သာမန်လူ ရာထောင်မကထက် အကျိုးဖြစ်ထွန်းနိုင်တတ်ပါတယ်။ အခြားတဖက်မှာလည်း လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတို့ရဲ့ အတွေးအခေါ် ချွတ်ချော်မှု၊ အကြင်နာကင်းမှုကလည်း အများသူငါအတွက် ကြီးမားသော ဒဏ်ချက်ကို ဖြစ်စေတတ်တာမို့ သူတို့တွေရဲ့ အတွေးအခေါ် မြင့်မားရေးနဲ့ စာနာမှုတရား ကြွယ်ဝရေးကလည်း အရေးကြီးလှတယ်လို့ ယုံကြည်မိပါတယ်။ ဒီအတွက် သူတို့တွေကို ရည်ရွယ်ပြီး ရေးဖြစ်တာများတာပါ။

ဒကာမကြီးက ဦးဇင်း ကိုရင်ဘဝက ဆရာကြီး ဦးသုခရဲ့ မေတ္တာသုတ် စာအုပ်လေးဝယ်ဖို့ ချီတုံချတုံ ဖြစ်နေတဲ့ အကြောင်း ရေးထားတာကို ဖတ်ရလို့ ငိုမိတယ် - လို့ ရေးလိုက်တယ်။ တကယ်တော့ ဒီအဖြစ်အပျက်မျိုးထက် ပိုပြီးဝမ်းနည်းစရာ အဖြစ်မျိုး၊ ပြန်လည် ပြောမပြချင်လောက်အောင်ပဲ အားငယ်စိတ် ဝင်ရတဲ့ သိမ်ငယ်ရမှုမျိုးတောင် ရှိခဲ့ဖူးပါတယ်။ ဆင်းရဲခြင်းဆိုတာ တကယ်တော့ ဝမ်းနည်းစရာပေါင်း များစွာကို သယ်ဆောင်လာတတ်တာမျိုးပါ။

ဒကာမကြီးစာထဲမှာ “ဆေးကြောက်တဲ့ အမေ” ဆောင်းပါးနဲ့ ပတ်သက်လို့ ရေးထားတာ ဖတ်ရလို့ အမေ့အကြောင်းကို ပြောချင်တယ်။ ဦးဇင်းရဲ့ ဒကာမကြီး (အမေ) က နား မကြားဘူး။ နောက်ပြီး စာပေကလည်း မတတ်ရှာဘူး။ ဒါပေမယ့် သူက ဒကာကြီးနဲ့စာရင် ထက်မြက်တယ်။ မိသားစုကို သူက ဦးဆောင်တယ်လို့တောင် ပြောလို့ရတယ်။ အများကလည်း သူ့ကို ထက်မြက်တယ်လို့ အသိအမှတ် ပြုကြပါတယ်။ သို့ပေမယ့် သူ့မှာ နားမကြားမှုကြောင့် မသိမသာ အားငယ်နေတဲ့ စိတ်ကလည်း တဖက်မှာ ရှိနေတယ်။ အဲဒီစိတ်ကပဲ သူ့နားက ဘယ်တော့မှ ပြန်ကောင်းလာနိုင်စရာ မရှိဘူးလို့ ယူဆထားပုံရတယ်။ နားကို ဆရာဝန်နဲ့ပြဖို့၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နားကြပ်တပ်ဖို့ ပြောပေမယ့် ပြန်ကောင်းမလာနိုင်ဘူး ဆိုတဲ့ သူ့ရဲ့ယုံကြည်ချက်ကြောင့် နားကြပ်ကို ခဏတဖြုတ်ပဲ တပ်ပြီး ဆက်မသုံးဘဲ ထားလေ့ရှိတယ်။ ဒါကြောင့် ဦးဇင်းက အဝေးကနေ ဖုန်းဆက်တိုင်း ဒကာမကြီးနဲ့က တိုက်ရိုက်ပြောလို့ မရဘူး။ ဒါပေမယ့် ဦးဇင်းဘာပြောလဲ ဆိုတာကို အသိချင်ဆုံးကလည်း သူပဲဖြစ်နေတယ်။ အမေတွေ ဆိုတာ တကယ်တော့ အမေတွေပဲလေ။ ဒါကို ဒကာမကြီးလည်း ကောင်းကောင်း စာနာနိုင်မှာပါ။

အာလာပသလ္လာပ စကား ပြောမရတာထက် တရားထိုင်ဖို့၊ တရားမှတ်ဖို့၊ မြေးတွေနဲ့ အချိန်ကုန်ပြီး မနေဖို့ ဆိုတာမျိုးလေးတွေ၊ ဘဝအတွက် အကျိုးများမည့် စကားလေးတွေ ကိုယ်ကိုယ်တိုင် တိုက်ရိုက် မပြောနိုင်တာအတွက် သိပ်ပြီး အားမရဖြစ်မိပါတယ်။ ပိုပြီး ဆီလျော်တဲ့စကားကို သုံးရမယ်ဆိုရင် အင်မတန်မှ ဝမ်းနည်းရပါတယ်။ တကယ်တော့ ဗုဒ္ဓရဲ့ နှိုင်းပြလို့ မရနိုင်လောက်အောင် တန်ဖိုးကြီးမားပြီး ဝိမုတ္တိသုခအထိ ပေးစွမ်းနိုင်တဲ့ ဓမ္မရသတွေကို ကိုယ်ကိုယ်တိုင် တန်ဖိုးထား လေးစားပြီး အတိုင်း အတာ တစ်ခုအထိ ခံစားနိုင်ခဲ့ပေမယ့် ကိုယ့်ဘဝအတွက် အဓိကဖြစ်တဲ့ ကိုယ့်မိခင်အရင်းတစ်ယောက်ကို ကိုယ်ခံစားနိုင်တဲ့ ရသမျိုး ခံစားခွင့်ရအောင် ဆွဲဆောင်ခွင့်မသာတဲ့ အနေအထားကရော ဘယ်လောက်များ ဝမ်းနည်းဖွယ် အဖြစ်မျိုးပါလဲ။

အသက်အရွယ် ကြီးရင့်ကြတဲ့ မိဘနှစ်ပါးကို မကြောင့်မကြ နေနိုင်အောင် ပံ့ပိုးပေးခွင့်ရပေမယ့် ဦးဇင်း တကယ် ပေးချင်တာက ဒီတဘဝ တခန္ဓာလေးမျှလောက် လုံလောက်မျှတသွားရုံ မကပါဘူး။ ငွေကြေး ပစ္စည်းဆိုတဲ့ ရုပ်ဝတ္ထုလေးလောက်လည်း မကပါဘူး။ ဦးဇင်းရဲ့ ဆေးကြောက်တဲ့အမေ-ဆိုတဲ့ စာလေးထဲမှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ မိဘတွေကို လမ်းစလေး ရရုံမျှတော့ ကူညီပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ ဒါက တကယ့်ကိုမှ အစလေးမျှသာပါ။ ဒီအစလေးကို အရင်းပြုပြီး လူ့ဘဝ ရရှိလိုက်ရခြင်းရဲ့ တန်ဖိုးကို ကိုယ်ပိုင်အသိနဲ့ ရသွားကြသည်အထိ နှစ်နှစ်ကာကာ လက်ခံသွားစေချင်တာပါ။ သာသနာနဲ့ ကြုံကြိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း အပြည့်အဝ ခံစားရရှိသွားစေချင်တာပါ။ တခုကံကောင်းတာကတော့ အနီးအနားမှာရှိတဲ့ တရားစခန်းများကိုတော့ အခါအားလျော်စွာ ဝင်ရောက်အားထုတ်တယ် ဆိုတာ သိရတဲ့အတွက်တော့ အနည်းငယ် ဖြေဆည်ရာ ရပါတယ်။

ဒကာမကြီးရေ
ဘဝဆိုတာ ခန္ဓာအစဉ်တွေ တပြောင်းပြန်ပြန် လည်ပတ်နေတဲ့ အဝန်းအဝိုင်းတခုပဲ မဟုတ်လား။ ဒီတော့ မိဘသားသမီး စသည် မတော်စပ်ဘူးသူရယ်လို့ မရှိနိုင်ဘူးတဲ့။ ဒီတော့ ပြောရလျင် မိဘတွေ ဆိုတာလည်း အများကြီး။ ခင်မင်ရင်းနှီးခဲ့ဖူးသူတွေ ဆိုတာလည်း အနန္တ။ ဘယ်လိုပဲဖြစ်ဖြစ် ပညတ်နယ်ပယ်မှာ နေထိုင်နေကြရတဲ့သူတွေမှာက ပညတ်ကို အခြေခံပြီးပဲ စဉ်းစားကြရတာ မဟုတ်လား။ ဒီတော့လဲ ဘဝ ဘဝ ဟောင်းတွေက မိဘဆွေမျိုးတွေ အရေးထက် ခုပစ္စုပ္ပန်ဘဝမှာ တော်စပ်နေရတဲ့ မိဘတွေအတွက် ပိုပြီး ကြောင့်ကြကြီးသလို ဖြစ်နေရတာပါပဲ။

ဒကာမကြီးကို လူကိုယ်တိုင် မတွေ့မြင်ဘူးပေမယ့် စာထဲကနေတဆင့် ရင်းနှီးမှုနဲ့ မေတ္တာတရားကို ထိတွေ့ခံစားလို့ ရနိုင်ပါတယ်။ ကျောင်းသားများစွာကို အသိပညာ အတတ်ပညာတွေ ဖြန့်ဝေပေးနေတဲ့ ဆရာမကြီးတစ်ဦးမို့လည်း ကိုယ့်ရဲ့သားရင်းသမီးရင်းတွေပါမက ဆရာတပည့်အနေကနေ တော်စပ်လာတဲ့ ဖြူစင်တဲ့ သံယောဇဉ်အခြေခံ သားသမီးတွေအပေါ်မှာပါ မေတ္တာတွေ ဖြန့်ဝေပေးနေတဲ့ မိခင်ကြီးတစ်ဦး ဖြစ်လိမ့်မယ်လို့လည်း မှန်းဆမိပါတယ်။ ထပ်ကာပြောရလျင် ဒကာမကြီးဆီကနေ တဆင့် ပြန့်ပွားသွားလေမယ့် ဦးဇင်းရဲ့ အတွေးအခေါ်လေးတွေနဲ့ ရေးသားမှုလေးတွေအတွက် ကြည်နူးဝမ်းသာ ဂုဏ်ယူနေမှာပါ။

ခုဒီစာကို ရေးနေရင်းပဲ ဆရာကြီး(တင်မိုး)ရဲ့ ကဗျာလေး သတိရလာလို့ ထည့်ရိုက်လိုက်ပါဦးမယ်။

ဆရာကြီး(တင်မိုး) ကဗျာလေးက-

အမေဆုံးတယ်တဲ့
တယ်လီဖုန်း အသံလာတော့
ကပြာကယာ စာသင်ရပ်ပါလို့
အလောင်းစင် မိခင်ရှိရာ အရပ်ဆီသို့
ဦးညွတ်လို့ ရောက်ခဲ့ပါ။

မကြာသေးခင်က
သူ့မြေးတွေ ကိုယ်တိုင်ချီလျက်
ကော်ဖီကို ဖျော်ကာတိုက်စဉ်မှ
မူးမိုက်ကာ အမေလဲသည်ဟု
ကြေကွဲဖွယ် သည်စကားကို
ဖခင်အိုမျက်ရည်များရယ်နဲ့
ပြောကြားခဲ့ရာ။

ရွာပြန်လျင် အမေကြိုလို့
စားလိုရာ အမေကျွေးပါတဲ့
အေးမြတဲ့ မိမျက်နှာ
ခုခါတော့ ပျောက်ဆုံး။

သို့လဲလေ
မေ့သား သည်လို ဖြေမပေါ့
သည်ရပ်မြေ သည်ေးသဆီက
မိခင်တွေ ဟူသမျှကိုလ
မွေးမိခင် ထင်လာရမယ်ပေါ့
မြန်မာ့ ဤရေမြေ၌
အမေ မသေသေးပေဟု
သားလူတေ စိတ်ဖြေတွေးလို့ရယ်
ဆွေးရိပ်ကို ဖုံး။ -တဲ့။

ဦးဇင်းမှာ မွေးမိခင်ရင်း သက်ရှိထင်ရှား ရှိနေသေးတဲ့အတွက် ဆရာကြီးရဲ့ ဒီကဗျာနဲ့ ဦးဇင်းနဲ့တော့ တိုက်ရိုက်ကြီး မဆိုင်လှသေးပါဘူး။ ဒါပေမယ့် တနေ့မှာ အဝေးကိုရောက်နေတဲ့ ဦးဇင်းတို့လည်း သဘာဝ ဖြစ်စဉ်အတိုင်း မိခင်ဆုံးပြီဆိုတဲ့အသံကို တယ်လီဖုန်းကနေပဲဖြစ်ဖြစ်၊ အခြားဆက်သွယ်ရေးကိရိယာ တခုကနေပဲဖြစ်ဖြစ် ကြားရဦးမှာ မလွဲပါဘူး။ ဒီကြားရချိန်မှာ စိတ်တုန်လှုပ်မှုကင်းစွာ သတင်းစကားကို နားဆင်နိုင်တဲ့ နားမျိုး ပိုင်ဆိုင်ထားနိုင်စေဖို့ ကြိုတင် ပြင်ဆင်ထားရမှာပေါ့။

ဘာပဲဖြစ်ဖြစ် ရဟန်းတော်တွေဘဝဆိုတာက ကျရာအရပ်မှာနေ၊ ရောက်ရာအရပ်မှာ ပျော်ပြီး နေကြရတာ။ အများစုသော ရဟန်းတော်တွေမှာက ဟိုး- ကလေးဘဝ ငယ်စဉ်ကတည်းကစလို့ မိဘဆွေမျိုး သားချင်း ငယ်သူငယ်ချင်းတွေနဲ့ ခွဲခွာပြီး နေလာခဲ့ကြရတာ။ ရောက်ရာအရပ်က မိခင်အရွယ်ကို မိခင် လို သဘောထား၊ ဖခင်အရွယ်ကိုလည်း ဖခင်လိုသတ်မှတ်ကာ နေနေကြရတာပါ။ ဒါကြောင့် ကိုယ့်မိ ခင် အရင်းအတွက် ကြောင့်ကြပူပန်ဖြစ်မိတတ်ကြသလို ကိုယ့်ကိုယ် ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ လှူဒါန်းနေကြတဲ့ မိခင်ဖခင်အရွယ်တွေကိုလည်းပဲ ကိုယ့်မိခင် ဖခင်အရင်းတွေအလား ဘဝနေညိုချိန်များမှာ ပူပန်ကြောင့်ကြမှုကင်းစွာ တရားဘာဝနာ လေးစီးဖြန်းရင်း ငြိမ်းငြိမ်းချမ်းချမ်းလေးသာ နေခွင့်ရနိုင်ကြတဲ့သူများချည်းသာ ဖြစ်စေချင်တာပါ။ ဒါပေမယ့်လည်း ဓမ္မရသဆိုတာ ကိုယ်တိုင်ကျင့် ကိုယ်တိုင်တွေ့မှ ကိုယ်တိုင်ခံစားလို့ ရနိုင်တာမျိုးပါ။ နည်းလမ်းကို မျှလို့ရပေမယ့် ရသကို ခွဲပေးလို့ ရကောင်းတာမျိုးမှ မဟုတ်တာ။ ဆရာကြီး (တင်မိုး) ရဲ့ ကဗျာလေးထဲကလိုပါပဲ။ မိခင်တွေဟူသမျှကို ကိုယ့်ရဲ့ မွေး မိခင်ရင်း အထင်နဲ့ပဲ ဒီစကားကို အမှတ်တရ ပြောလိုက်တာပါ။

ဒကာမကြီးနဲ့ မိသားစုဝင်များအားလုံး ကျန်းမာကြစေဖို့

ကျောင်းရှိ ဆရာ ဆရာမ ကျောင်းသူကျောင်းသားများအားလုံး စိုးရိမ်ကြောင့်ကြ ဗျာပါဒကင်းစွာ ပညာ သင်ကြား ပို့ချနိုင်ကြစေဖို့ကိုလည်း ဆုတောင်းပေးပါတယ်။

မေတ္တာဖြင့်

အရှင်ဉာဏိက
ဇန္နဝါရီလ ၁၅ ရက်၊ ၂ဝဝ၉

Comments