ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၄)
၁၆ ကြိုးတပ် စောင်း
မာမာအေး
ဖေဖော်ဝါရီ ၁၅၊ ၂၀၀၉
၁၆ ကြိုးတပ် စောင်း
မာမာအေး
ဖေဖော်ဝါရီ ၁၅၊ ၂၀၀၉
“ - - ရှေးက လက်ကျန် ဂီတ မိခင်ဖခင်တွေ ဆုံတတ်ကြတဲ့ ‘ဆိုတီးစားပြန်’ ပွဲဖြစ်တဲ့ အချိန်တွေတုန်းကတော့ အချင်းချင်း ပညာ ဖလှယ်ကြသလို ပြန်နွှေးကြ ညှိကြ ဆိုတီးကြ - - -”
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ ပြီးခဲ့တဲ့ တပတ်တုန်းက ဗေလုဝ နတ်စောင်းကြီးရဲ့ မူလပိုင်ရှင်ဟာ မာရ်နတ်ကြီးဖြစ်တယ်၊ ပဉ္စသီခနတ်သားက ဗေလုဝရွှေစောင်းကြီးကို ငွေစောင်းကြိုး ခုနှစ်ကြိုး တပ်ပြီး တီးခတ်တယ်လို့ ‘မဃဒေဝ’ က လင်္ကာ အထောက်အထားတွေနဲ့ ပြောပြခဲ့ပါတယ်။ ဒီနေ့တော့ မြဝတီမင်းကြီးဦးစတို့ ပြင်စည်မင်းသားတို့ဟာ မတီးနိုင်ဘဲနဲ့ ဒါလောက် ကြီးကျယ်တဲ့ သီချင်းတွေ ရေးသွားနိုင်ပါ့မလားဆိုတာ ဆက်ပြောမယ် စိတ်ကူးတာပဲရှင်။
မာအေးတို့ ဂီတနှုတ်လာ သမိုင်းအရကတော့၊ ရှေး သီချင်းကြီး သီချင်းခံတွေဟာ၊ အကြောင်းအရာတခုခုကို စာယဉ် စာနု ကာရံပြုထုံး နဘေသုံးပြီး၊ ကြိုးဆိုလည်း ကြိုးအရေးစံနစ်၊ ဘွဲ့ဆိုလည်း ဘွဲ့ရေးနည်းစနစ်တွေနဲ့ သီချင်းရဲ့ ဟန်ကို လိုက်ပြီး ရေးသားကြပါသတဲ့၊ တီးကြ ဆိုကြတဲ့အခါမှာလည်း စည်းဝါး အကန့်အသတ်မရှိ၊ လှုပ်စည်းအသံပေးပြီး ရတုသွားမျိုး ကွန့်ကြ ညွန့်ကြ အသံကောင်း ဟန်ကောင်း ထား ဆိုကြသတဲ့၊ ဒီတော့ကာ တူရိယာဂီတနဲ့ မတွဲရင်လည်း ဖြစ်တဲ့ ‘ဝစနာလင်္ကာရ’ သဘောမျိုးနဲ့ တွေးရင် အဲဒီ ဂီတဘိုးတော်ကြီတွေ မရေးနိုင်ဘဲ ရှိပါမလားရှင်။ အနောက်နိုင်ငံမှာ သီချင်းစာရေးတဲ့သူက သပ်သပ်၊ အသံရှာသူက သပ်သပ်ပါ။အဲဒီ ဘိုးတော်ကြီးတွေ ရေးနိုင်ခဲ့လိုသာပဲ
- ‘ဘုံပျံနေနန်း’ အစချီတဲ့ ဆောင်းဘွဲ့ ပတ်ပျိုးကြီး၊
- ဗရင်ဂျီသြသံလို့ ခေါ်ကြတဲ့ “အထူးထူးငယ်နှင့်” အစချီ တောလား ပတ်ပျိုးကြီး၊
- ‘မှိုင်းပြာမှုံဝေ’ အစချီ ရေလား ပတ်ပျိုးကြီးနဲ့
- ‘ကုန်းဘောင်ပရမေ’ အစချီ ဘုန်းဘွဲ့ ပတ်ပျိုးကြီး ဆိုတဲ့ ပတ်ပျိုးကြီးလေးပုဒ် ထိပ်တန်း ကျန်ရစ်နေတာပေါ့ရှင်၊ ရှည်လည်းရှည် ခက်လည်း ခက်တာမို့ ဂီတသမားတိုင်း မရတတ်ပါဘူး၊ ရှေးက လက်ကျန် ဂီတ မိခင်ဖခင်တွေ ဆုံတတ်ကြတဲ့ ‘ဆိုတီးစားပြန်’ ပွဲဖြစ်တဲ့ အချိန်တွေတုန်းကတော့ အချင်းချင်း ပညာ ဖလှယ်ကြသလို ပြန်နွှေးကြ ညှိကြ ဆိုတီးကြတာမျိုးမှာသာ ကြားဖူးခဲ့ရပါတယ်။
အဖိုး မြဝတီမင်းကြီးဦးစကတော့ ‘စောင်း’ တီးတတ်လေမလားပဲ၊ စာရေးဆရာ ဣန္ဒနီရေးတဲ့ ထူးမခြားနား သီချင်းခံနဲ့ ပတ်သက်တဲ့ ဝတ္ထုတပုဒ်မှာ ဦးစက ဘုရား ရင်ပြင်တော်ပေါ်မှာ စောင်းနဲ့ တီးဆို အသံလှူနေတဲ့ မြေးအဖိုးကိုတွေ့တော့ စောင်းကို ခဏတောင်းယူတီးခတ်တဲ့ အကြောင်း ဖတ်မိခဲ့လို့ပါရှင်။
ပုဂံခေတ်မှာရော၊ အင်းဝခေတ်မှာပါ ‘စောင်း’ဆိုတဲ့ အက္ခရာတွေ သုံးပေမယ့်၊ ကြိုးကိစ္စကိုတော့ မတွေ့ရပါဘူး၊ တီးသူကိုလည်း စောင်းသမားလို့ပဲ ခေါ်ကြပါတယ်၊ မင်းတုန်းမင်း မတိုင်မီ ပုဂံမင်း လက်ထက်မှာ ‘ဣန္ဒာဒေဝ’ဘွဲ့နဲ့ စောင်းသမားတဦး ထားတော်မူဖူးခဲ့ပါသတဲ့။ ဒီရှေ့မှာတော့ စောင်းသမား ရှေ့တော်ပြေး မရှိခဲ့ပါဘူး၊ ဘုရင့်စက်တော်ဆောင် ဘုရင့်ရှေ့တော်မှာ တီးရမှာမို့ ယုံကြည်စိတ်ချရသူမှလည်း ရှေ့တော်ပြေးနေရာကို ပေးတတ်တယ်လို့ ဆိုပါတယ်၊ ဘုရင်သတ်ရင် ဘုရင်ဖြစ်တဲ့ ခေတ်ကိုရှင့်။
မင်းတုန်းမင်းတရားကြီးကတော့ ဘာသာ၊ သာသနာတင်မက သဘင်ဂီတ မကျန်ရအောင် စောင့်ရှောက် ချီးမြှောက်တော်မူတဲ့ အတွက်၊ နန်းတော်အတွင်းဆောင်မှာ ရှေ့တော်ပြေး မောင်မောင်သိုက်တို့ အဖွဲ့ ရှိလာပါတယ်၊ စောင်းမောင်မောင်သိုက်ဟာ ဒေဝဣန္ဒာ မောင်မောင်ကြီးရဲ့ ဆရာလည်း ဆရာ၊ ယောက်ဖလည်း ယောက်ဖ တော်စပ်တဲ့သူပါ၊ သူကစပြီးတော့ မင်းကြီးမြဝတီဦးစနဲ့ ပြင်စည်မင်းသားတို့ ရေးသားခဲ့တဲ့ ပတ်ပျိုးသီချင်းတွေကို တီးကွက်ဖေါ်ခဲ့ပါတယ်၊ ပတ်ပျိုးကြီးတွေကို တီးကွက် ဖော်နိုင် ရေးနိုင်ရအောင်လည်း စောင်းကြိုးတွေကို တပ်နေကျ (၇)ချောင်းကနေ (၁၃) ကြိုး တိုးပြီး တီးခတ်ခဲ့ပါတယ်။
‘ပတ်ပျိုးဆိုတာ ပတ်လုံးကလေးများကို အစပျိုး တီးရတာကြောင့် ပတ်ပျိုးလို့ ခေါ်ကြောင်း’ မြန်မာစာပေသမိုင်းက ဆိုထားပေမယ့် တီးရမှာက စောင်းနဲ့ကိုး၊ ပြီးတော့ ပတ်ပျိုးဟာ သံရိုးဖြစ်တဲ့ ကြိုး၊ ဘွဲ့၊ သီချင်းခန့်တွေထက် ပိုပြီး တီးရ ဆိုရတာမှာ ယဉ်ကျေး သိမ်မွေ့ နူးညံ့ ပျောင်းသွဲ့တဲ့ အသံတွေ ဟန်တွေ စုံနေအောင် ပါဝင်တဲ့ သီချင်းမျိုးပါ၊ ကုန်းဘောင်ခေတ် ဒုတိယပိုင်းလောက်မှာမှ ပေါ်ပေါက်လာတာပါရှင်၊ အဲဒီခေတ်အချိန်က သံဆန်းသီချင်း လို့ ပြောရင်တောင် ရပါတယ်၊ မင်းတုန်းမင်းကြီးကို အီတာလျံ သံအမတ်က လက်ဆောင် ပဏ္ဍာ ဆက်သတော်မူတဲ့ စန္ဒရားလည်း ရောက်လောက်ပြီ။ နိုင်ငံတကာက ရုံးစိုက်လာတဲ့ သံတမန် လောကမှာလည်း သူတို့ရဲ့ ဓမ္မတေး သံစုံကြွေးဖြစ်လောက်ပါပြီ။ အဲဒီလိုအသံတွေ အစုံအလင် ကြားနာရလို့လည်း ဗရင်ဂျီသြတဲ့ အသံမျိုးလို သရုပ်ပူးပြီး ‘အထူးထူးငယ်နှင့်’ ပတ်ပျိုးကြီးကို ရေးခဲ့တာပေါ့ရှင်၊ အသံစုံမစုံ နားဆင်ကြည့်ပါဦး။ အထူးထူးငယ်ထဲက တပိုဒ်ပါပဲ။
xxx နန်းကြာညိုကြော့စံပယ်၊ နတ်ကယ်မူရာ၊ ဖြူပြာသွယ်နွဲ့၊ ကုံတယ်ယဉ်တယ်၊ ရွှန်းရွှန်းလန်းလို့ မျှော်ရေးငယ်ပမ်း xxx အလိုခါနွေဦး၊ ဖူးစီညွန့်လန်း xxx ရွှေမာပင်နန်း၊ သာသည်မယ်မောင်၊ ပန်းယဉ်ပျော့တောင် xxx
မာအေးက (၇) ကြိုးတပ် စောင်းခေတ်ကိုတော့ ဘယ်မီပါ့မလဲနော်။ ဆရာကြီး အလင်္ကာကျော်စွာ စောင်းဦးဘသန်းဆီမှာ အဆိုသင် စောင်းသင်တဲ့ အချိန်ကျတော့ စောင်းက (၁၆)ကြိုးတပ် စောင်းခေတ် ရောက်နေပါပြီ။ စောင်းမှာ အသုံးပြုတာ (၇)သံပါ။ ကြိုးရင်းအသံရှိတာ အရှေ့တိုင်းသုံး (၅)သံမျိုးဖြစ်လို့ (၂)သံ လျော့နေပါတယ်။ စောင်းတီးနေတုန်း လက်မလေးနဲ့ ဝင်ထောက်တာမျိုး တွေ့ရလိမ့်မယ် ထင်ပါတယ်၊ အဲဒါ လိုတဲ့အသံ (၂)သံကို ဖြည့်တီးတာပါရှင်၊ (၁၆)ကြိုး တိုးသွားတာကတော့ မြန်မာကာလပေါ်သီချင်းအထိ ဆင်းပြီး တီးနိုင်အောင် ကြံဆောင်ခဲ့ကြတာ ဖြစ်မယ်လို့ ထင်ပါတယ်ရှင်။
[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]
Comments