media persons conference

ဆရာများ စုဝေးတိုင်ပင်ခြင်း
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၂၂၊ ၂ဝဝ၉

ထိုင်းနိုင်ငံမှာ မြန်မာသတင်းသမားတွေ ညီလာခံလုပ် စုဝေးလာတာ ၆ ကြိမ် ရှိပြီ။ လောလောဆယ် ညီလာခံ ပြုလုပ်နေဆဲ၊ မနက်ဖြန် တတိယနေ့၊ နောက်ဆုံးနေ့။

အားလပ်ချိန်မှာ ဂီတသံက ညီလာခံ ခန်းမထဲမှာ ငြိမ့်ငြိမ့်ညောင်းညောင်း။ ရွှေတိုင်ညွန့် ဖန်တီးခဲ့တဲ့ သီချင်းတွေကို တီးလုံးသက်သက် ပြန်တီးထားတာ။ စောင်းသံ၊ ပုလွေသံတွေနဲ့။ ရွှေတိုင်ညွန့် ရာပြည့်ကာလမို့ ဖွင့်ထားတာလည်း ဖြစ်နိုင်တယ်။

သတင်းသမားတွေက သောကြာဖွားတွေ ဖြစ်မလား။ စကားတွေ အများကြီးပြောတာ။ ကြိုတင်ပြင်ဆင်လာသူတချို့က စင်ပေါ်တက်ပြောကြတယ်၊ အောက်ကလူတွေ နားထောင် လက်ခုပ်တီး။ ထမင်းစားဖို့ ညီလာခံ ရပ်လိုက်တဲ့အခါ လက်ခုပ်သံက ပိုကျယ်သလို ထင်ရတယ်။ ညနေပိုင်း အဆုံးသတ်ချိန်တွေမှာတော့ လက်ခုပ်သံက ခြောက်တီးခြောက်ချက်။ အားကုန်ကြပြီလေ။

စင်ပေါ်တက်ပြောသူတွေကို ပရိသတ်က မေးခွန်းထုတ်တဲ့ အစီအစဉ်တွေလည်း တွေ့ရတယ်။ မေးခွန်းထုတ်တာ နည်းနည်း၊ ပြောချင်တာက များများ။ တချို့ဆို မိုက်ကရိုဖုန်းကို မလွှတ်တော့ဘူး။ အခမ်းအနားမှူးများခမျာ တားဆီးခြင်းငှာ မတတ်နိုင်ရှာ။

သတင်းသမားဖြစ်ပြီး လိုတိုရှင်း မမေးတတ်ဘူးလားလို့ မထင်ပါနဲ့၊ မေးတတ်ပါတယ်၊ မိုက်ကရိုဖုန်း ကိုယ့်လက်ထဲ ရောက်ပြီမို့ ကိုယ်ပြောချင်တာ ပြောကြတာ ဖြစ်ပါလိမ့်မယ်။

အင်္ဂလိပ်တချို့လည်း ပါတယ်။ ဓာတ်ပုံတွေ ဟိုဟိုဒီဒီ လျှောက်ရိုက်တော့ သူတို့ထဲက တယောက်က လက်မြှောက်ပြတယ်။ ဓာတ်ပုံရိုက်ခံရလို့ အိုက်တင်ပေးတာတော့ မဟုတ်ပါဘူး၊ တားဆီးတဲ့ သဘောပါ။ သူ့ရှေ့မှာ off the frame ဆိုလား ရေးထားတယ်။ ဓာတ်ပုံမရိုက်ရလို့ ဒီစကားစုကို ဘာသာပြန်နိုင်တာ နောက်မှ တွေးမိတယ်။ မြန်မာလို မရေးတော့ ချက်ချင်း သဘောမပေါက် နားမလည်၊ ရိုက်ထည့်လိုက်တာပဲ တဖြတ်ဖြတ်။

ဓာတ်ပုံကလည်း ဘာရယ်လို့ မဟုတ်ပါဘူး၊ ဒီလိုပါပဲ၊ ဒစ်ဂျစ်တယ် ကင်မရာဆိုတော့ ခလုတ်နှိပ်တဲ့အခါ ခေါင်းထဲကို ဖလင်ဖိုးတွေ ကူးခတွေ မရောက်တော့ဘူးလေ။ များများရိုက်၊ ကွန်ပျူတာထဲထည့်၊ အဆင်မပြေတဲ့ပုံတွေကို ဖျက်။ ပြီးရင် သက်ဆိုင်ရာ ဆရာ့ဆရာ အယ်ဒီတာများ လုပ်ဖော်ကိုင်ဖက်များကို ပြ၊ လိုအပ်တဲ့အခါ ထုတ်သုံး။ ဒါပါပဲ။

ခါတိုင်းနှစ်တွေတော့ ညီလာခံကို တောထဲမှာ လုပ်ကြတယ်။ မြို့နဲ့ဝေးတော့ ညီလာခံ တက်သူများ တောထဲမှာပဲ အချိန်ဖြုန်းရတယ်။ နယ်စပ်ဒေသက လာတဲ့သူတွေလည်း ကား အပျော် စီးသလို ဖြစ်တယ်လို့ ညည်းတယ်၊ တကယ်တော့ ကားစီးရတာ ပျော်ဖို့ မကောင်းပါဘူး၊ တောင်ပေါ်ကားလမ်းဆိုတော့ သိတယ်မဟုတ်လား။

ဒီတကြိမ်တော့ မြို့ပေါ်မှာ လုပ်သဗျာ။ ညီလာခံ စီစဉ်သူများကို အကယ်ဒမီပေးချင်စိတ် ပေါက်မိကြမယ် ထင်ပါရဲ့။ အဆင်ပြေတယ်။ ညနေဘက် မြို့ထဲက မိတ်ဆွေများထံ လည်ပတ်နိုင်ကြတယ်။ ကုန်တိုက်တွေ ဈေးဆိုင်တွေဘက်လည်း ဘာမှ မဝယ်ဘဲ လျှောက်ကြည့်နိုင်တယ်။

ညီလာခံဆိုတော့ အကြောင်းအရာ ပေါင်းစုံကို ဆွေးနွေးကြလေရဲ့။ အထက်မှာ ဆိုခဲ့သလို ကြိုတင် လေ့လာထားသူတွေက စင်ပေါ်တက်ပြော၊ ပို့ချ။ စင်ပေါ်တက်ရတာလည်း မလွယ်ဘူး။

ပရိသတ်က သတင်းသမား၊ စာသမားတွေချည်းပဲ ဆိုတော့ အချဉ်မဟုတ်ဘူး။ မြန်မာ့အရေး ကျွမ်းကျင်သူတွေ၊ ကွန်ပျူတာရှေ့မှာ ကျောက်ချပြီး မြန်မာပြည်ကို ထိုင်ကြည့်နေသူတွေ။ သူတို့ကို ရွှီးလို့မရဘူး။ နဂိုကမှ သတင်းသမားဆိုတာ တခြားလူကို တစက်ကလေးမှ အထင်မကြီးသူတွေ ဖြစ်နေတတ်တယ်။

စပ်မိလို့ ရေးရရင် ဆရာတင်မောင်သန်း ရန်ကုန်စက်မှုတက္ကသိုလ်မှာ ပြောခဲ့ဖူးတယ်၊ သတင်းစာဆရာ ဆိုတော့ ပြဿနာရှာသူ တဲ့။ နိုင်ငံရေးသမားကတော့ ပြဿနာကို ရှင်းရသူ ဆိုပဲ။ သူ ပြောတာပါ။

သို့ကလို ခေသူမဟုတ်သူတွေကို ပြောရ ဟောရတာမို့ သတိထားရတယ်။ ထပ်ပြောရရင် ဒီပရိသတ်က အချဉ်မဟုတ်ဘူး။ ဒါပေမယ့် ဒီပရိသတ် ကွဲတဲ့ (လက်မြှောက်အရှုံးပေးလိုက်ရတဲ့) ဟောပြောချက်တွေလည်း ပါတယ်။ ကွဲမှာပေါ့၊ ဟောပြောတဲ့ အကြောင်းအရာက ယူနီကုဒ်။ ခေါင်းစဉ်တွေက “မြန်မာဘာသာစကားနှင့် ဒစ်ဂျစ်တယ်ကမ္ဘာကို ဆက်သွယ်ပေးမည့် ယူနီကုဒ်စနစ်” တဲ့၊ နောက်တခုက “ယူနီကုဒ်ဖြင့် အနာဂတ်ကို ရှုမြင်ခြင်း” တဲ့။

ကဲ - ဘာတတ်နိုင်သေးလဲ၊ ဘာမှ မတတ်နိုင်ဘူး။ အကြောင်းအရာမျိုးစုံကို မိုက်ခဲပြီး သဘောထားအမြင် ထုတ်ဖော်သူတွေ အခက်တွေ့တာပဲ။ စင်ပေါ်က ဆရာတွေကတော့ မြန်မာဘာသာနဲ့ ပြောတာတော့ အသေအချာပါ။ ဒါပေမယ့် သိတယ်မဟုတ်လား၊ နားလည်လို့ကို မရကြဘူး ဒီ ယူနီကုဒ် ဆိုတာကြီးကို။ ဆရာများက ပိတ်ကားထောင်ပြီး ရှင်းပြသော်ငြားလည်း ရေးတေးတေး သဘောပေါက်တဲ့ အဆင့်တောင် ရောက်ပါ့မလားလို့ သံသယ ရှိစရာ။

ဒီပွဲမှာ ကျင့်ဝတ်အကြောင်း ငြင်းခုန် စောဒကတက်တာတွေလည်း ရံဖန်ရံခါ လုပ်ကြတယ်။ စာပေကင်ပေတိုင်ရုံး ဆိုတဲ့ ဝေါဟာရက အကြော်ဆိုင်က လက်နှီးစုတ် ဖြစ်သွားပြီဆိုတာ သိလိုက်ရတယ်၊ လက်နှီးစုတ် ဆိုပေမယ့် သုံးရမှာပါပဲ။ စကားလုံးသစ်ကတော့ စာပေမာဖီးယားဂိုဏ်း။ ။

Comments