MoeMaKa Win - Burmese Journals and Academy goes to Korea

မြန်မာပြည်က ဂျာနယ်နဲ့ အကယ်ဒမီ ကိုရီးယားမှာ လုပ်သည်

မိုးမခ ၀င်း

ဖေဖော်ဝါရီ ၇၊ ၂၀၀၉

ဂျာနယ်တွေ ဂျာနယ်တွေ မြန်မာပြည်တွင်းမှာ ဂျာနယ်တွေ အခြေအနေဘယ်လိုရှိသလဲလို့ လေ့လာကြည့်မိတယ်။ ထွက်နေတဲ့ ဂျာနယ်တွေက အများကြီးပဲပေါ့။ ဒီအထဲမှာ နံမယ်ကြီးပြီး လူဝယ်အများဆုံးက အားကစားဂျာနယ်တွေ ဖြစ်တယ်။ ဈေးကတော့ ၅၀၀ ကျပ်။ တချို့ဂျာနယ်တွေ ၆၀၀ ဖြစ်သွားတယ်။ အရင်ကတည်းက Weeklyeleven က ၆၀၀ကျပ် ဖြစ်နေတာ။ တချို့က ၄၀၀ ကျပ် နဲ့ ရောင်းနေတုန်းတွေ ရှိတယ်။ သတင်းတွေကတော့ အထူးသတင်းတွေ စုထားတယ် ဆိုပေမယ့် သိပြီးသားတွေ များတယ်။ နိုင်ငံခြားသတင်းတွေ များတယ်။ ကိုရီးယား မင်းသား မင်းသမီးတွေ အကြောင်း ပါတယ်။

ကိုရီးယား မင်းသား မင်းသမီးတွေကို ပို အလေးထား လာကြတယ်။ သူတို့အကြောင်းများဆိုရင် အားပါးတရ အားပေးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ပိုပြီး သရုပ်ဆောင်တာတွေ ဒီက မြန်မာ့ရုပ်မြင်သံကြားမှာ ကြည့်ကြရလို့။ မြန်မာမင်းသား မင်းသမီးတွေတော့ ကြည့်ရပါရဲ့ ဒါပေမယ့် အစိုးရအကြိုက် စကားလုံးတွေနဲ့ ဇာတ်လမ်းဆင်ထားတာတွေ များတယ်။ ဒီတော့ အစိုးရကို မကြိုက်တော့ သူတို့ကိုပါ ဘယ် ကြိုက်တော့မှာလဲ။ သူတို့အကြောင်းတွေ ကြည့်ဖို့ စိတ်မပါတော့ဘူး။ သူတို့ဇာတ်လမ်းတွေ စိတ်မ၀င်စားတော့ဘူး။ ကြာရင်တော့ မြန်မာ့ရုပ်ရှင်တွေ ရှေ့ရေး ရင်လေးစရာ။

ဂျာနယ်ကတော့ ညာလို့ မရတော့ဘူး။ ကိုရီးယား မင်းသား မင်းသမီးတွေအကြောင်း ရေးရင် ပရိသတ်အားပေးနေတာ လက်တွေ့ပဲ။ သူတို့ မွေးသက္ကရာဇ်တွေ သိရတယ်။ သူတို့ဘ၀အကြောင်းတွေ ကောင်းကောင်း သိရတယ်။ ဘာမှ ဖုံးထားတာ မပါဘူး။ သူတို့ကို ပရိသတ် ဘာကြောင့် ပိုပြီး စိတ်ဝင်စားလာရသောအကြောင်းဟာ အဲသည်အချက်တွေလည်း ပါလိမ့်မယ်။ ပြောရင်းဆိုရင်း ဘယ်ရောက်ကုန်ပါလိမ့်။

နောက်ပိုင်း Sevendays က ၆၀၀ ကျပ် ဖြစ်တယ်။ ၆၀၀ နဲ့ တန်အောင်ဆိုပြီး အခန်းကဏ္ဍတွေ ပို ထည့်ပေးတယ်။ လူတွေက ခက်သားပဲ။ ရော့ အင့် ဆိုပြီး ၅၀၀ ကျပ်တန် ထုတ်ပြီး ၀ယ်နေကျ ဆိုတော့ ၆၀၀ ဖြစ်သွားတဲ့အခါ ၀ယ်သူနဲ့ ရောင်းသူကြားမှာ ဒုက္ခ နည်းနည်း ရောက်သွားတယ်။ ဒီတော့ တခြား ၅၀၀ နဲ့ အလွယ်တကူ အကြွေလဲစရာ မလိုတဲ့ ဂျာနယ်တွေ ပြောင်းဝယ်ကြတယ်။ တခါတရံ ရန်ကုန်တိုင်းမ်စ် ကို ၆၀၀ ပေးဝယ်ရတယ်။ ဈေးတွေက အဲသည် ၅၀၀ နဲ့ ၆၀၀ ကြား ပြေးနေရာကနေ လူတွေလည်း ကြုံရင်ကြုံသလို ၀ယ်ဖြစ် သွားကြတယ်။ ဟောသည်ဂျာနယ် ကောင်းတယ် မဖြစ်မနေ ၀ယ်ရမယ်ဆိုပြီး အပတ်စဉ် ၀ယ်တယ်ဆိုတာ မရှိသလောက်ပဲ။

ဝယ်ပြီး ဖတ်ပြီး ပြီးသွားတာ ဆိုတော့ နည်းနည်း ကြာလာတဲ့အခါ လူတွေက သတင်းထူး ကို ဦးစားပေးလာကြပြန်တယ်။ ပြောရရင် ဂျာနယ်တွေမှာ သတင်းတွေ ထပ်ရင် မကြိုက်တော့ဘူး။ ဟိုမှာ ပါပြီးသားဆိုပြီး ပြောချင်လာတယ်။ နောက်အပတ်ကျရင် ဆိုင်မှာ အေးအေးဆေးဆေး ကောက်လှန်ပြီး တကယ်သဘောကျမှ ၀ယ်တော့တယ်။ မကြိုက်ရင် မ၀ယ်ဘူး။ အရင်အပတ်က ဒီဂျာနယ်ဝယ်ပေမယ့် … နောက်ကျတော့ တခြားဂျာနယ်တခု ၀ယ်ချင်ရင် ၀ယ်လိုက်တာပါပဲ။

နက်ဖြန်မှာတော့ အကယ်ဒမီသတင်းပါတဲ့ ဂျာနယ်နဲ့ သတင်းစာ တွေ့တာ ၀ယ်ဖတ်ရုံသာ … ကိုရီးယားက မင်းသားနဲ့ မင်းသမီးတို့ မြန်မာအကယ်ဒမီမရလိုက်တာတော့ နာသကွာ။

Comments