Students Movement in Burma (04)

ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၄)
‘၁၉၃၆ ဒုတိယ တက္ကသိုလ်သပိတ်’
အောင်ဝေး
ဖေဖော်ဝါရီ ၈၊ ၂၀၀၉

ပထမ တက္ကသိုလ် သပိတ်ကြီး ပြီးလို့ (၁ဝ)နှစ် အကြာ ၁၉၃ဝ ဒီဇင်ဘာမှာ လယ်သမားသူပုန် ဂဠုန် တော်လှန်ရေးကြီး ဖြစ်ပေါ်ခဲ့တယ်။ မရှေးမနှောင်းမှာပဲ ၁၉၃၁ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ‘တကသ’ လို့ ခေါ်တဲ့ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ စတင် ဖွဲ့စည်း ပေါ်ထွက်လာခဲ့ပါတယ်။

ဗြိတိသျှနယ်ချဲ့အစိုးရဟာ ၁၉၃၅ခုနှစ်မှာ မြန်မာနိုင်ငံကို အိန္ဒိယကနေ ခွဲထုတ်လိုက်ပြီး (၉၁)ဌာန အုပ်ချုပ်ရေးကို သွတ်သွင်းလာခဲ့ပါတယ်။ အဲဒီအချိန် ၁၉၃၅ မှာပဲ သခင်ဘသောင်းနဲ့ ပညာတတ် မြန်မာလူငယ်တစုဟာ ‘မြန်မာစာသည် တို့စာ၊ မြန်စကားသည် တို့စကား၊ သခင်မျိုးဟေ့ တို့ဗမာ’ ဆိုတဲ့ ကြွေးကြော်သံနဲ့ တို့ဗမာအစည်းအရုံးကို ထူထောင်လိုက်ကြပါတယ်။

‘အရှေ့က နေဝန်းထွက်သည့် ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွှဲပါ’ ဆိုတဲ့ ဝိုင်အမ်ဘီအေ ဆရာတင် ရေးတဲ့ ‘တို့ဗမာ’ သီချင်းဟာ ကျောင်းသားတွေ ပြည်သူတွေကြားမှာ ပျံ့နှံ့ လွှမ်းမိုးသွားပါပြီ။

အဲဒီ ၁၉၃၅ ခုနှစ်ထဲမှာပဲ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)ရဲ့ အာဘော်ဖြစ်တဲ့ သမဂ္ဂ မဂ္ဂဇင်းကြီးကိုလည်း ‘အိုးဝေ’ မဂ္ဂဇင်းလို့ နာမည် ပြောင်းလိုက်ကြပါတယ်။ ဒုတိယ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးဟာ အဲဒီ အိုးဝေ မဂ္ဂဇင်းကနေ စခဲ့တာပါပဲ။

၁၉၃၆ ဇန်နဝါရီ (၃၁) တကသ (၅)နှစ်ပြည့် ကျောင်းသား သမဂ္ဂ အဆောက်အဦးမှာ စကားစစ်ထိုးပွဲ လုပ်ပါတယ်။ အဲဒီပွဲမှာ တကသ ဥက္ကဋ္ဌဖြစ်တဲ့ ကိုနု(သခင်နု)က နယ်ချဲ့ အစိုးရကို ခပ်ကြမ်းကြမ်း ထိုးနှက် တိုက်ခိုက်တဲ့ မိန့်ခွန်း ပြောလိုက်ပါတယ်။ ဒီအတွက် တက္ကသိုလ် အာဏာပိုင်တွေက ဥက္ကဋ္ဌ ကိုနုကို ထုချေလွှာ တောင်းပါတယ်။

အဲဒီအချိန်မှာ ထွက်လာတဲ့ အိုးဝေ မဂ္ဂဇင်း အင်္ဂလိပ်စာ ကဏ္ဍမှာ The Hell Hound At Large ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ဆောင်းပါး ပါလာတယ်။ ရေးတဲ့သူက ယမမင်းလို့ အမည်ခံထားတဲ့ ဦးညိုမြပါ။ ဒီ ဆောင်းပါးဟာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချူပ် မစ္စတာ စလော့ ကို ဝေဖန် တိုက်ခိုက်ထားတဲ့ ဆောင်းပါး ဖြစ်နေပါတယ်။

ဒီတော့ တက္ကသိုလ် အာဏာပိုင်တွေက ဒီဆောင်းပါးရေးသူကို နာမည်ဖော်ထုတ်ပေးဖို့ တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း)ကို အရေးဆိုလာပါတယ်။ အယ်ဒီတာ ကိုအောင်ဆန်းက အယ်ဒီတာတို့ စောင့်ထိန်းအပ်သည့် ကျင့်ဝတ်အရ ဖော်ထုတ်မပေးနိုင်ပါလို့ အကြောင်းပြန်လိုက်ပါတယ်။

တကသ ဥက္ကဋ္ဌကိုနုကလည်း ထုချေလွှာ မပေးပါဘူး။ တက္ကသိုလ် အာဏာပိုင် အဖွဲ့က အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ပါတော့တယ်။ ဒါကို မကျေနပ်တဲ့ ဥက္ကဋ္ဌ ကိုနုက နယ်ချဲ့ အစိုးရကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ BA (ဝိဇ္ဇာဘွဲ့) ကို ပြန်အပ်လိုက်ပါတော့တယ်။ အာဏာပိုင်တွေဘက်က ကိုနုကို ကျောင်းထုတ်လိုက်တယ် ဆိုတဲ့စာ ၂၁-၃-၃၆ နေ့မှာ ထုတ်ပြန်လိုက်တယ်။

ဒါတွေဟာ တကသ ကို စော်ကားတာပဲလို့ တက္ကသိုလ် ကျောင်းသားထုကြီးက မကျေမချမ်း ဖြစ်ကုန်ကြပါတယ်။ တ က သ အမှုဆောင်အဖွဲ့က တဖွဲ့လုံး ဖေဖော်ဝါရီလ (၂၈)ရက် စာမေးပွဲကို မဖြေဘဲ သပိတ်မှောက်မယ်လို့ ပထမ စဉ်းစားကြပါတယ်။ ဒါပေမဲ့ ကျောင်းသားထု တရပ်လုံးကပါ မခံမရပ် ဖြစ်နေတဲ့အတွက် ဖေဖော်ဝါရီ (၂၅)ရက်နေ့ သမဂ္ဂအဆောက်အဦးမှာ ကျောင်းသားထု အစည်းအဝေး ခေါ်ခဲ့ရပါတယ်။

သမဂ္ဂခန်းမကြီး လျှံထွက်သွားတဲ့ ဒီအစည်းအဝေးကြီးကပဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ၁၉၃၆ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှာ ဒုတိယ တက္ကသိုလ် သပိတ်ကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဂျပ်ဆင်ကောလိပ် အပါအဝင် တပြည်လုံးက အထက်တန်း အလယ်တန်း ကျောင်းသားတွေကလည်း တ က သ ရဲ့ ဦးဆောင်မှုနောက်မှာ သပိတ်ထဲ ပါလာကြပါတယ်။

ရွှေတိဂုံဘုရားမှာ စခန်းချပြီး သပိတ်မှောက်နေတဲ့ ကျောင်းသားတွေထဲမှာ အစိုးရ ဝန်ထမ်း သားသမီးတွေလည်း ပါပါတယ်။ ဒီကျောင်းသားတွေကို သပိတ်စခန်းကနေ ပြန်မခေါ်ရင် သူတို့မိဘတွေကို အလုပ်ဖြုတ်ပစ်မယ်လို့ နယ်ချဲ့ အစိုးရက ခြိမ်းခြောက် အကြပ်ကိုင်လာပါတယ်။ ဒါပေမဲ့ မိဘတွေက ဘယ်လိုပဲ ခေါ်ခေါ် အဲဒီ အစိုးရ ဝန်ထမ်း သားသမီး ကျောင်းသူ ကျောင်းသားတွေဟာ မျက်ရည်စက်လက်နဲ့ မိဘကို ကျောခိုင်းပြီး တကသ ဘက်ကနေ သပိတ်လှန်တဲ့အထိ တိုက်ပွဲဝင်သွားခဲ့ကြပါတယ်။

အဲဒီ သပိတ်ကြီးမှာပဲ တပြည်လုံးက ကျောင်းသား လှုပ်ရှားမှုတွေကို စည်းရုံး ဦးဆောင်နိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ) – ABSU ကို ထူထောင်ဖို့ အင်းလျားဆောင်က သပိတ်မှောက် ကျောင်းသူ မအမာက အဆို တင်သွင်းတဲ့အတွက် ၁၉၃၆ခုနှစ် မေလ(၈)ရက်နေ့မှာ ကနဦး ‘ဗကသ’ (ABSU) ကို ညီလာခံ ခေါ်ယူ ဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။ ပထမဆုံး ၁၉၃၆ ဗကသ ဥက္ကဋ္ဌက မစ္စတာရာရှစ်၊ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးပါ။ ၁၉၃၈မှာတော့ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌဖြစ်လာပါတယ်။

ဆရာဒဂုန်တာရာဟာ အဲဒီ ၃၆ ဗကသ ညီလာခံကို ကျိုက်လတ်မြို့ကနေ အထက်တန်း ကျောင်းသား ကိုယ်စားလှယ် အဖြစ်နဲ့ တက်ရောက်ခဲ့သူပါ။ အဆိုတင်သွင်းတဲ့ အင်းလျားဆောင်က သပိတ်မှောက်ကျောင်းသူ မအမာ ဆိုတာကတော့ သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ဖြစ်လာခဲ့ပါတော့တယ်။

အမေလူထုဒေါ်အမာ ပြန်ပြောပြဖူးတဲ့ ၁၉၃၆ သပိတ်အကြောင်းကို ကျနော် ပြန်အမှတ်ရမိပါတယ်။ ‘၃၆သပိတ်ကြီးတုန်းက ရွှေတိဂုံ ကုန်းတော်ပေါ်က မော်လမြိုင်ဇရပ်မှာ စခန်းချနေကြတဲ့ အချိန်။ တနေ့တော့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ အမေတို့ သပိတ်စခန်းကို ရောက်လာကြတယ်။ အဲဒီတုန်းက ဆရာတို့က ကျောင်းမှာ ကျူတာပေါက်စလေးတွေပေါ့။ အဲဒီနေ့က ၉-၃-၃၆ နေ့။ အမေတို့ ကျောင်းသားတွေက အော်တိုရေးခိုင်းတော့ ရေးပေးကြပါတယ်။ ဆရာမင်းသုဝဏ်က အမေ့စာအုပ်ထဲမှာ ‘အမာသည် အပျော့မဟုတ်၊ အဖြူသည် အမည်းမဟုတ်၊ အဖြောင့်သည် အကောက်မဟုတ် – အမာကို မပျော့စေနှင့်၊ အဖြူကို မမည်းစေနှင့်၊ အဖြောင့်ကို မကောက်စေနှင့်’ လို့ ရေးပေးသွားခဲ့တယ်။

ဒီတက္ကသိုလ် ဒုတိယသပိတ်နဲ့ ပတ်သက်တဲ့ ဆရာဦးသိန်းဖေမြင့်ရဲ့ ‘သပိတ်မှောက်ကျောင်းသား’ ဝတ္ထုကြီးကိုလည်း ကျနော်သတိရတယ်။

ဒီ ၁၉၃၆ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ဟာ နောင် ၁၉၃၈မှာ ပေါ်ပေါက်လာမယ် ၁၃ဝဝပြည့် အရေးတော်ပုံကြီးရဲ့ ပဏာမ တိုက်ပွဲပဲ မဟုတ်ပါလား။ ။

[ မူရင်း - လွတ်လပ်တဲ့အာရှအသံ၊ မြန်မာဌာန၊ www.rfa.org/burmese ]

Comments