
နောက်နေ့ကျမှ ဆက်ပြောကြရအောင်
သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉
တသက်လုံး
ချိုးထောင်၊ ခါနှိုက် လုပ်လာတဲ့ကောင်
စိတ်ကောင်းဝင်တဲ့နေ့မှာ ငှက်လွှတ်မယ်။
အရုဏ်ဦးမှာ
ချစ်စွာသော ကြာပန်းရနံတို့ဖြင့်
မွှေးပျံစွာ
ဘုရားပန်းတင်မယ့် လက်များ
အရာရာဟာ
လျာထားချက် ထဲမှာပဲ
ရှိသေးတယ်။
တောက နက်လွန်းတော့
ခြေင်္သေ့ ရှိတယ်
ခွေးအ ရှိတယ်
လင်းယုန်လည်း ရှိတယ်
လင်းတလည်း ရှိတယ်။
ကမ္ဘာကျော်ဘောလုံးသမား
မဖြစ်လည်း
ကမ္ဘာကြီးရဲ့အရေပြားပေါ်
ဆေးမင် ထိုးခဲ့တယ်။
အပျော်စီးသင်္ဘောကြီးနဲ့
ကမ္ဘာ့သမုဒ္ဒရာကြီးတွေ မဖြတ်ဘူးပေမယ့်
ဘတ်စ်စကားကြီး တစင်းထဲ
ပျော်ရွှင်နေတဲ့ လူအုပ်ကြီးထဲ တိုးဝင်
အိမ်ပြန်ချင်တယ်။
… ကမ္ဘာစစ်နှစ်ခုနဲ့ ညားခဲ့တဲ့
နာမည်ကျော် မုဆိုးမ...
မြစ်ကူး ချောင်းခြားတောင်
အနမ်းဟာ ယမ်းနံ မကင်းဘူး
ဧဒင်မျိုးတုံးဖို့
လူသားဗုံးတွေ တလုံးပြီး
တလုံး ပေါက်ကွဲနေချိန်မှာ
တို့တယောက်ကို တယောက်
ပိုချစ်ကြရအောင် ဒေလီယာ။ ။
(၂၇. ၁. ၂၀၀၈)
(သရုပ်ဖော်ပုံကို ပန်းချီထိန်လင်းရဲ့ ပန်းချီကားတခု ယူသုံးထားပါတယ်။ ခွင့်ပြုပါ)
Comments