စောဝေနေ့
ဝင်းပေါ်မောင်
ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉
မောင် …
မနက်ဖြန် `ချစ်သူများနေ့´နော်
အမှတ်တရ ဘာပေးမှာလဲ ပြော
ညနေကျရင် အပြင်မှာ တခုခုသွားစားမယ်နော် …
ဟင်… မဟုတ်ပါဘူး
ကိုယ်သိတာ `စောဝေနေ့´ပါ
`ဖေဖော်ဝါရီ ဆယ့်လေး´ ကဗျာ
အဲဒါ သူရေးတာလေ။
ချစ်သူတွေအကြောင်း ရေးရင်း
မချစ်သူတွေအကြောင်း ပါသွားလို့တဲ့
ထောင်ဒဏ်နှစ်နှစ် ကျခံစေတဲ့
မချစ်တတ်သူတွေက စီရင်လိုက်တာလေ။
ကိုယ်တော့ မထင်ပါဘူးကွယ်
မချစ်သူတွေအကြောင်း
ရင်ထဲမှာ ထားစရာ နေရာမရှိလို့
ကဗျာထဲ ၀ှက်ထားမိတာ ထင်ပါရဲ့။
ကိုယ်တို့က ဘယ်အရာမဆို
သိုသိုသိပ်သိပ် လျှို့လျှို့ဝှက်ဝှက်
နေရတာ မဟုတ်လား။
တကယ်ဆို
ချစ်သူတွေ အကြောင်းလည်း
ရေးလို့ရတာ မဟုတ်ပါဘူးလေ
ချစ်သူတွေအကြောင်း စာမဖွဲ့နိုင်ဘဲ
ချစ်သူများနေ့ကို ဘယ်လို ပျော်ရမှာလဲကွယ်
ကိုယ်သိတာတော့
ဖေဖော်ဝါရီ ဆယ့်လေးဟာ
စောဝေနေ့ပါ။
၂၀၀၀၉ ဖေဖော်ဝါရီ ၁၀
Comments