Zarganar and his college removed from sentence by Electronic Act

နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်း စိစစ်မှုများ ပြုလုပ်နေဟု သတင်းထွက်
ကိုဇာဂနာနှင့် မိတ်ဆွေများကို အီလက်ထရွန်နစ်အက်ဥပဒေ ထောင်ဒဏ်များ ရုပ်သိမ်း

မိုးမခ အထောက်တော် ၀၀၃

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉

ရပ်ဝေးဒေသရောက် နိုင်ငံရေးအကျဉ်းသားများထံသို့ မိဘသားချင်းများ သွားရောက်တွေ့ဆုံရန် အခက်အခဲများ တိုးမြှင့် ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ အချို့နိုင်ငံရေးအကျဉ်းသားများကို ဆိုင်းငံ့ သို့မဟုတ် ရွှေ့ဆိုင်းပြစ်ဒဏ် (၄၀၁) သဘောတူ လက်မှတ် ထိုးခိုင်းနေသည်ဟု သတင်းများ ထွက်ပေါ်လာနေသည်။ ရှေ့နေက အယူခံတင်ပြသဖြင့် ပြည်သူ့အနုပညာရှင် ကိုဇာဂနာနှင့် မိတ်ဆွေများအပေါ် အီလက်ထရွန်နစ် အက်ဥပဒေအရ ချမှတ်ခဲ့သည့် ထောင်ဒဏ်များကို ရုပ်သိမ်းလိုက်ကြောင်း ကြားသိရသည်။

ရှေ့နေ၏ အယူခံတင်ပြချက်ကို တိုင်းတရားရုံးက လက်ခံစဉ်းစားပြီး အီလက်ထရွန်နစ် အက်ဥပဒေ စွဲချက် ၁ ခုလျင် ထောင် ၈ နှစ် ချခဲ့သည်များကို ပြန်လည် နှုတ်ပယ်ခဲ့ဟုဆိုသည်။ အီလက်ထရွန်နစ် အမှု ၁ ခု လျှင် ၈ နှစ် နှုန်းဖြင့် ချမှတ်ထားသည်တို့ကို ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ကိုဇာဂနာက ထောင်ဒဏ် ၂၄ နှစ်၊ ကိုဇော်သက်ထွေး၊ ကိုသန့်စင်အောင်၊ ကိုကတုံး တို့က ထောင်ဒဏ် ၈ နှစ်စီ လျော့သွားသည်ဟု ဆိုသည်။

အခြားသတင်းများအရ ပူတာအို၊ လွိုင်ကော်၊ ကျိုင်းတုံနှင့် စစ်တွေ အကျဉ်းထောင်များသို့ ရွှေ့ပြောင်းခံထားရသော နိုင်ငံရေးအကျဉ်းသားတို့ကို မိသားစုများ သွားရောက်တွေ့ဆုံရန် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရဟု သိရသည်။

ပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် အကျဉ်းထောင်များက နိုင်ငံရေး အကျဉ်းသားများ အခြေအနေကို စစ်အာဏာပိုင်များက မည်သည့်အခါကမျှ သတင်းထုတ်ပြန်ပေးခြင်း မရှိပေ။ နိုင်ငံရေး အကျဉ်းသားများ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ကျန်းမာရေးဆိုးဝါးခြင်း၊ ထိခိုက်ဒဏ်ရရခြင်း စသည့် ထောင်တွင်း အရေးအခင်းများ၊ သတင်းများကိုလည်း စစ်အစိုးရက ပြန်ကြားခြင်း၊ ဖြေရှင်းခြင်း မည်သည့်အခါကမျှ မပြုလုပ်ခဲ့ပေ။

Comments