DeWaLi The Geek - Bailout, Stimulus and the Budget

အမေရိကန် စီးပွားရေးအကြပ်အတည်း

ဘေးလ်အောက်၊ စတင်မြူလတ်စ်နဲ့ ဘတ်ဂျက်

ဒေ၀ါလီ သာဂိ

မတ် ၁၈၊ ၂၀၀၉


ဒီဟာကို ဆက်ရေးရမတဲ့။ စီးပွားပျက်နေတာက အမေရိကန်တင်မဟုတ်ဘူး၊ တကမ္ဘာလုံးဖြစ်နေတာလို့ ဆိုတယ်။ မြန်မာပြည်တော့ မပါဘူး။ ဘာကြောင့်ဆိုတော့ မြန်မာပြည်မှာ အပြင်ကလို ဘဏ်တွေ မရှိဘူး။ အိမ်ရောင်း၊ အိမ်ဝယ်၊ ကားရောင်း ကားဝယ်ကလည်း လက်ငင်း ငွေအကြေချေစနစ်။ ပိုက်ဆံချေးလာရင်လည်း ဘဏ်က မဟုတ်ဘူးဗျာ။ တခြားအသိုင်းအ၀ိုင်းဆီက ၁၀ တိုးတို့၊ အစိတ်တိုးတို့နဲ့ ချေးလာတာ။ ရက်ပြန်တိုး၊ လပြန်တိုးနဲ့ဆိုတော့ ခရက်ဒစ်ကုမ္မဏီတွေတောင် ၀င်မလာရဲဘူး။ စတော့တို့၊ ရှယ်ယာတို့ဆိုတာက စစ်ဗိုလ်ချုပ်မိသားစုတွေဆီမှာ သင်ဘယ်လောက် ထည့်ဝင်ထားသလဲနဲ့ပဲ ဆိုင်တယ်။ ဗိုလ်ခင်ညွန့် စတော့ ထိုးကျသွားပြီးနောက် အားလုံးက ဗိုလ်သန်းရွှေ စတော့ပဲ ဖိဝယ်နေကြတော့ တမိုးလုံး သူဖျောက်ဆိပ်ပေါ့။ အပြင်က စီးပွားပျက်တာနဲ့ ပြည်တွင်းက စီးပွားဟာ တခြားစီပဲဆိုတော့ မြန်မာပြည်သူများ ဒီဆောင်းပါးဖတ်ရတာ ဆားပေါ့ပေလိမ့်မယ်။


အမေရိကန်ပြည်ထောင်စုမှာ အရင်ဆောင်းပါးမှာ ပြောခဲ့သလို စီးပွားကျနေတယ်။ စီးပွားပျက်နေတယ်။ အဲဒါက ပြည်ပနိုင်ငံတွေကို ကူးစက်နေတယ်။ ဗြိတိန်ဝန်ကြီးချုပ်တောင် အမေရိကန်ကွန်ဂရက်မှာလာပြီးတော့ အားပေးစကား လာပြောနေရတယ်။ အခု အားလုံးက အမေရိကန်အစိုးရရဲ့ စီးပွားပျက်ကပ်ထဲက တိုင်းပြည်ကို ဘယ်လို ရုန်းကန် မောင်းထွက်လာမည်လဲကို စောင့်ကြည့် ပြောဆို ဝေဖန် အကြံစုံ ပေးနေကြတယ်။


အဲဒီမှာ အပေါ်ခေါင်းစဉ် ၃ ခု ကို ခွဲပြီး ပြောရမှာ ဖြစ်ပါတယ်။


ဘေးလ်အောက် (Bailout)

ဘဏ်တွေ၊ ငွေကြေးဈေးကွက်တွေ အရှုံးပြတော့ ပြိုကျတော့မယ့် အမေရိကန် စီးပွားရေးကြီးကို ကယ်တင်ဖို့ သုံးစွဲမယ့် အစီအစဉ်ဖြစ်ပါတယ်။ ၂၀၀၈ စက်တင်ဘာလောက်က အရင်အစိုးရက တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း သဘောတူပါတယ်။ အရင်းရှင်တွေကို မစမဲ့ ကူငွေတွေပေါ့ခင်ဗျာ။ ဒေါ်လာ ဘီလျံ ၇၀၀ ရှိပါတယ်။ ယခင်အစိုးရက ဘီလျံ ၃၅၀ သုံးစွဲပြီး အရှုံးပြနေတဲ့ ဘဏ်များ၊ အာမခံကုမ္မဏီများ၊ လုပ်ငန်းကြီးများကို ကူညီခဲ့ပါတယ်။ ကျန်တဲ့ ဘီလျံ ၃၅၀ ကို လက်ရှိ အိုဘားမား အစိုးရက လွှတ်တော် သဘောတူညီချက်နဲ့ ဆက်လက် သုံးစွဲမှာ ဖြစ်ပါတယ်။


လက်မတင်လေးကပဲ အေအိုင်ဂျီဆိုတဲ့ အာမခံ ကုမ္မဏီကြီးက ရှုံးအောင်မစခဲ့တဲ့ ထိပ်တန်းမန်နေဂျာတွေကို အစိုးရပေးခဲ့တဲ့ ကူငွေကနေပြီး ဆုကြေးငွေ ခွဲထုတ်ပေးလိုက်လို့ တပြည်လုံး ပွက်လော ရိုက်ကုန်ပါရောဗျာ။ အစိုးရကူငွေနဲ့ အရင်းရှင် လုပ်ငန်းကြီးတွေက ဘိုးနပ်စ်တွေ ထုတ်ပေး၊ အပမ်းဖြေခ ရီးတွေထွက်၊ လုပ်ငန်းသစ်တွေ ထပ်ဝယ်၊ လေယာဉ်တွေ ၀ယ်စီး လုပ်ကုန်ကြလို့ တက်လာတဲ့ အစိုးရခင်ဗျာ မာန်ရ မဲရနဲ့ စည်းကမ်း ဥပဒေအသစ်တွေ ပြဌာန်းဖို့တွေ စောင့်ကြည့် စစ်ဆေးရေးတွေ လုပ်ဖို့ ဗျာများနေရပါတယ်ခင်ဗျာ။


စတင်မြူလတ်စ် (Stimulus)

ကျဆင်းနေတဲ့ အမေရိကန်တွေရဲ့ စီးပွားရေး လူနေမှု စနစ်တွေကို ကယ်တင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ အခုလက်ရှိ သမ္မတက တင်ပြပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ကို ပြီးခဲ့တဲ့ လကမှ ရယူခဲ့တာပါ။ အမေရိကန် စီးပွားရေး အရေးပေါ် ကူငွေပါခင်ဗျာ။ ဘီလျံပေါင်း ၇၈၇ ဒေါ်လာ ရှိပါတယ်။ လိုငွေပြနေတဲ့ ပြည်နယ်အစိုးရတွေ၊ မွဲပြာကျနေတဲ့ လူထုတွေဆီကို အကူ၊ အခွန်လွတ်ခွင့်၊ ပြန်ဆောင်းပေးတာတွေကို ပေးမှာဖြစ်ပါတယ်။ ၆၁ ရာခိုင်နှုန်းက အဲဒီကို သွားပြီး၊ ကျန်တဲ့ ၃၉ ရာခိုင်နှုန်းက ဗဟိုအစိုးရရဲ့ စစ်မှုထမ်းဟောင်း၊ ပညာရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ သုတေသန၊ စွမ်းအင်၊ ပြုပြင်ပြင်ဆင်ရေး စသည်တွေမှာ သုံးစွဲမှာ ဖြစ်ပါတယ်။


ဒီအရေးပေါ်ကူငွေက ဗဟိုနဲ့ ပြည်နယ်တွေရဲ့ စီမံကိန်းတွေကို အားပေးမှာဖြစ်လို့ ဒေသအလိုက် အလုပ်အကိုင်များနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီး ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်တဲ့။ ပညာရေး ထောက်ပံ့ငွေတွေ ခမ်းခြောက်ကုန်လို့ ကျောင်းတက်ဖို့ ခက်နေသူတွေအတွက်လည်း ထောက်ပံ့ကြေးတွေ ပြန်ရမှာ ဖြစ်ပါတယ်တဲ့။ သို့သော် ၂၀၀၉ မှာ ဘီလျံ ၁၈၅ ဒေါ်လာ စတင် သုံးစွဲမှာ ဖြစ်လို့ တနှစ်တည်းနဲ့ ငွေတွေ အကုန်ချပြီး သုံးမှာ မဟုတ်တဲ့ အကြောင်း၊ ကြိုတင် စိစစ်မှုများနဲ့ ရှေ့တိုးသွားမယ်လို့ ပြောပါတယ်။


ဘတ်ဂျက် (Budget)

၂၀၀၉ ခုနှစ် နိုင်ငံတော်ရဲ့ လျာထား အသုံးစရိတ်ကို အရင်အစိုးရက ၂၀၀၈ တုန်းက တင်ပြခဲ့ပြီးဖြစ်တယ်။ အခု လက်ရှိအစိုးရက အခု ၂၀၀၉ နှစ်ဆန်းကနေ စက်တင်ဘာအထိ သုံးစွဲမယ်လို့ တင်ပြထားတဲ့ ဘတ်ဂျက်ငွေ ဘီလျံ ဒေါ်လာ ၄၁၀ ကို လွှတ်တော် အကြံပြု တင်ပြချက်များနဲ့အညီ အတည်ပြုခဲ့ပါတယ်။ အဲဒီမှာ ဝေဖန်ခံရတာကတော့ အမတ်မင်းတွေအသီးသီးက သူတို့ မဲဆန္ဒနယ်မြေတွေမှာ ပြည်သူတွေကို မျက်နှာလုပ်ပြီး တည်ဆောက်မယ့် ဇရပ်တွေ၊ ရေအိုးစင်တွေ၊ ဘတ်စကားဂိတ်တွေ အဲဒါတွေက မလိုအပ်ဘဲ ပါဝင်နေတယ်ဆိုတာ ဖြစ်ပါတယ်။


အိုဘားမားရဲ့ ဘတ်ဂျက်က ၂၀၀၉ နှစ်နှောင်းပိုင်းကနေ ၂၀၁၀ အထိ ဖြစ်ပါတယ်။ အဲဒီ ဘတ်ဂျက်အသစ်ကို သမ္မတအသစ်က လွှတ်တော်မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ထီလျံပေါင်း ၃.၆ ရှိပါတယ်။


အဲဒီ ဘတ်ဂျက်မှာ တင်ပြထားတဲ့ စီမံကိန်းတွေ၊ အစီအစဉ်တွေနဲ့ တိုင်းပြည်ကို စီမံအုပ်ချုပ် ခန့်ခွဲမှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန်မှာ အကြီးအကျယ် ယိုယွင်းနေတဲ့ နယ်ပယ် ၃ ခု ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကိစ္စများမှာ ရင်းနှီးမြုပ်နှံပြီး တိုးတက် ထွန်းကားအောင် ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။


ပညာရှင်ကြီးများ၊ ကျွမ်းကျင်သူများနဲ့ သုခမိန်တွေကတော့ အပြောကြီးတဲ့ အိုဘားမားလို့ ဝေဖန်ကြပါတယ်။ စီးပွားရေး ကျဆင်းနေချိန်မှာ ဘဏ်တွေ၊ ငွေကြေးဈေးကွက်တွေ၊ အာမခံလုပ်ငန်းကြီးတွေကို ကယ်တင်ဖို့ကို အဓိကထားဆောင်ရွက်ပြီး စီးပွားရေးကို ကယ်မရမည့်အစား အဲဒီ ခေါင်းမီးလောင်နေချိန်မှာ အိမ်ဆေးသုတ်တဲ့ အလုပ်တွေကို တပြိုင်နက်တည်း မဆောင်ရွက်သင့်ဘူးလို့ ပြောကြတယ်လို့ ဆိုပါတယ်။


ကယ်တင်ရေးနဲ့ ပြုပြင်ရေးကို ဒီအချိန်မှ တပြိုင်နက်တည်း မလုပ်ရင် နောင်ကျမှလုပ်ဖို့ အခွင့်ကောင်းရတော့မှာ မဟုတ်ဘူးလို့ အစိုးရအသစ်က နှုတ်လှန်ထိုးတယ်လို့ သိရပါတယ်။


ကယ်ရင်း ပြင်လို့ ရပါ့မလား

ကပ်ဆိုက်တာဟာ ရွှေပဲလို့ သူတို့က ယူဆပါတယ်တဲ့။ သူတို့က ကပ်ကြီးက ရုန်းထွက်ရေးမှာ ဘဏ်တွေ၊ ငွေကြေးလုပ်ငန်းတွေကို အစိုးရကိုယ်တိုင် ၀င်ရောက် စီမံခန့်ခွဲသင့်ရင် ၀င်ကြမယ်လို့ ဆိုပါတယ်။ ဖောက်သည်ကောင်းတွေနဲ့ ဘဏ်တွေကို ပုဂ္ဂလိကတွေလက်ထဲမှာ ဆက်လက် ပေးထားပြီးတော့ အရှုံးပြနေတဲ့ ဘဏ်တွေကို အစိုးရကိုယ်တိုင် အရှုံးခံပြီး လည်ပတ်ပေးနေမယ့် ဥရောပနိုင်ငံတခုရဲ့ ပုံစံကိုလည်း သူတို့က စဉ်းစားထားပါတယ်တဲ့။ အာမခံလုပ်ငန်းကြီးတွေကို အစိုးရခန့်အဖွဲ့တွေက ၀င်ရောက် မဲပေးခွင့် အာဏာကိုလည်း ယူသင့်ယူမှာ ဖြစ်ပါတယ်။ သူတို့လွှတ်တော်မှာ ဗြိတိန်ဝန်ကြီးချုပ်ပြောခဲ့သလို “တိုင်းပြည်ပျက်နေချိန်မှာ အစိုးရကိုယ်တိုင်က ၀င်ပြီး ခေါင်းဆောင်မှုမပေးနိုင်ရင် ဘာအစိုးရလဲလို့ မေးရမယ် …” ဖြစ်တယ်ဆိုသလို သူတို့ကိုယ်တိုင်က ၀င်စွက်ဖက်မယ်ဆိုတော့ တချို့ ရှေးရိုးစွဲအရင်းရှင်ကြီးများက သူတို့အစိုးရ ဆိုရှယ်လစ်အစိုးရကြီး ဖြစ်ကုန်ပြီလို့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်ကုန်ကြမည့် ပုံပါပဲ။


ဖောက်ထွက်တွေးရမယ့် ဘဏ်စနစ်၊ အာမခံစနစ်နဲ့ ငွေကြေးစနစ်တွေကို ပြုပြင် ထူထောင်ရမယ့် အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ချို့တဲ့နေတဲ့ ပညာရေးစနစ်၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၊ လူမှုဖူလုံရေးစနစ်နဲ့ စွမ်းအင်နည်းပညာ သုတေသနစနစ်တွေကိုလည်း အားပေးမြှင့်တင်ရမယ့် အချိန်လို့ အစိုးရအသစ်က တွင်တွင်ပြောနေတာ ဟုတ်ပါ့မလား မောင်ကာလုရေလို့ မေးထိုးပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


မိုးမခက လူတွေကော ဘာလုပ်ကြမှာလဲလို့ မေးကြည့်တော့ မောင်ရစ်ကတော့ ကွန်ပျူတာ အပျက်တွေ လိုက်ပြီး ပြင်မယ်လို့ ဆိုတယ်။ မိုးမခအတွက် ရစရာ ပိုက်ဆံက ခုနင်ကပြောတဲ့ ဘေးအောက်တို့၊ စတင်းမြူလတ်စ်တို့ ဘတ်ဂျက်တို့ထဲမှာ တပြားမှ မပါဘူးလေ။ စီးပွားပျက်နေတဲ့အထဲမှာ ဘယ်လိုမျိုး အလှူလိုက်ခံလို့ရမှာလဲလို့။ မိုးမခလည်း ဖောက်ထွက်တွေးဦးမှပေါ့။ အင်း … (ကိုဇာနည်ဝင်းရေ … ကိုဦးပြောသလိုမျိုး၊ ခင်ဗျား ပြန်မလာနဲ့ဦးပေါ့ …)


Comments