Farmland occupied by the Junta

လေးဒေါင့်ကန်ကျေးရွာတွင် ဓါတ်ငွေ့တူးဖော်ရန်အတွက်ဟုဆိုကာ လယ်မြေများသိမ်းယူ
ဝင်းမြတ်
မတ် ၆၊ ၂၀၀၉

လေးဒေါင့်ကန်ကျေးရွာရှိ ဘိုးဘွားပိုင် လယ်မြေ ၁၀ ဧကကို ဓါတ်ငွေ့တူးဖော်စမ်းသပ် ရန်အတွက်ဟုဆိုကာ အစိုးရက သိမ်းယူလိုက်သောကြောင့် လယ်ပိုင်ရှင်မှာ စိတ္တဇ ဝေဒနာ ခံစားနေရပြီး စိတ်ကျန်းမာရေးဆေးရုံသို့ တင်ပို့ခဲ့ရသည်။

လွန်ခဲ့သော တစ်လခန့်က ရန်ကုန်တိုင်း လေးဒေါင့်ကန်ကျေးရွာ ကျူကုန်းကျေးရွာ အုပ်စုအပိုင်ရှိ မြေ ၁၀ ဧကကို သဘာဝဓါတ်ငွေ့တူးဖော်ရန်ဟုဆိုကာ အစိုးရမှ တစ်ဧကလျှင် ငွေ ကျပ် ၂၀,၀၀၀ လျှော်ကျေးပေးကာ လာရောက် သိမ်းယူသွားသည်။

သိမ်းယူသွားသော လယ်ပိုင်ရှင်မှာ မြေဧက ၂၅ ခန့်ပိုင်ဆိုင်ပြီး ဘိုးဘွားအစဉ်အဆက် ပိုင်ဆိုင်လုပ်ကိုင် ခဲ့သောလယ်မြေဖြစ်သည်။ နောက်ထပ်မြေကွက်များ ထပ်မံ အသိမ်းခံရမည်ကို အစိုးရိမ်လွန်ပြီး စိတ္တဇဒေနာဖြစ်ကာ ရွာသာကြီးရှိ စိတ်ကျန်းမာရေး ဆေးရုံသို့ လွန်ခဲ့သည့်သီတင်းပတ်က ပို့ဆောင်ခဲ့ရကြောင်း ၄င်းနှင့်နီးစပ်သည့် ဆွေမျိုးတစ်ဦး ထံမှသိရသည်။

အဆိုပါ ဆွေမျိုးသားချင်းဖြစ်သူက “စပါးကတော့ ပုံမှန်စိုက်ပါတယ်။ ပဲစိုက်ဖို့ ပြင်ဆင်နေတုန်း အခုလို လာသိမ်သွားတာပါ။ သူ့လယ်တွေမှာစက်အကြီး ကြီးတွေနဲ့တူးဖို့ ပြင်ဆင်နေတာတွေကို သွားကြည့်တော့ လေးငါးရက် အိပ်ရေးပျက်တာလည်းပါတယ်။ နောက်ထပ်လယ်တွေ ထပ်သိမ်းမှာကိုလည်း စိုးရိမ်တာပါမယ်ထင်တယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ရွာသာကြီး(စိတ်ကျန်မာရေးဆေးရုံ) ပို့လိုက်ရပြီ။ ဘာမှလည်း ရေရေရာရာ မေးလို့မရသေးပါဘူး” ဟု ၄င်းကပြောပါသည်။

အဆိုပါနေရာကို နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်ဟုသိရသည်။

ဓါတ်ငွေ့စမ်းသပ်ဆဲဖြစ်ပြီး ဓါတ်ငွေ့မထွက်ရှိလည်း မြေကွက်ကို အလျှော်ပေးပြီး ဖြစ် သောကြောင့် ပြန်လည်ရရှိနိုင်မည်မဟုတ်ဟု ဆိုပါသည်။ မြေ၁ဧကအတွက် ပေးလျှော်သည့် ငွေပမာဏ ၂ သောင်းကျပ်မှာ ယခုကာလပေါက်ဈေးများနှင့် နှိုင်းယှဉ်လျင် အလွန်နည်းပါးသည့် ပမာဏဟု လယ်မြေပိုင်ဆိုင်သူများက ပြောဆိုကြသည်။

Comments