Junior Win - Hope

မျှော်လင့်ချက်

ဂျူနီယာဝင်း

(အတွေးအမြင် မဂ္ဂဇင်း၊ အမှတ် ၂၀၃၊ ဖေဖော်ဝါရီ ၂၀၀၉)

မတ် ၃၊ ၂၀၀၉

Hope - George Frederick Watts(1817-1904)


George Frederick Watts(1817-1904) ရေးဆွဲသော Hope (မျှော်လင့်ချက်) အမည်ရှိပန်းချီကား တချပ်အကြောင်း။ ရေးဆွဲသူကအင်္ဂလိပ်လူမျိုး George Frederick ကပန်းချီဆရာ၊ပန်းပုဆရာကြီး ဖြစ်သည်။ ပန်းချီကား ပုံတူပေါင်း ၃၀၀ လောက် ရေးဆွဲခဲ့သည်။ ထိုပုံတူများထဲတွင် အီတလီလူမျိုး နိုင်ငံရေးသမား Guisseppe Garibaldi နှင့် အင်္ဂလိပ်လူမျိုး ကဗျာဆရာ Robert Browning, Alfred Lord Tennyson တို့ ပါဝင်သည်။


သူ့ကို လန်ဒန်မှာ မွေးသည်။ သူက သူ့ ဘာသာသူ ပညာကို လိုက်စား တတ်မြောက်သူတဦးဟု ဆိုကြသည်။ ၁၈၄၃ တွင် အီတလီသို့ ပြောင်းရွှေ့ခဲ့သည်။ အီတလီတွင် ၃ နှစ် လောက် ပညာသင်ခဲ့သည်။ လန်ဒန်ရှိ Royal Academy တွင် အဖွဲ့ဝင် တယောက် ဖြစ်ခဲ့သည်။ သူ့ဘ၀ တလျှောက်လုံးတွင် ဆုတံဆိပ်ပေါင်း များစွာ ရရှိခဲ့သည်။


၁၈၆၆ တွင် သူရေးဆွဲခဲ့သော Hope (မျှော်လင့်ချက်) ပန်းချီကားသည် သူ ရရှိခဲ့သော ဆုတွေထဲက တဆု ဖြစ်သည်။ လန်ဒန်ရှိ Kensington ပန်းဥယျာဉ်တွင် ထားရှိသော တောင်အာဖရိကက နိုင်ငံရေးသမား Cecil John Rhodes ရုပ်တုသည် Watts ၏ လူသိအများဆုံး ရုပ်တု တခုပင်ဖြစ်သည်။


ယခု တင်ပြလိုသော Hope ပန်းချီကားသည် လန်ဒန်ရှိ Tate အနုပညာပြခန်းတွင် ထားရှိသည်။ Watts ဟူသော အမည်တွင်စေခဲ့သည့် လက်ရာတခုဟု ဆိုကြသည်။ ပြီးတော့ ရှေးအကျဆုံး ပန်းချီကားကြီးလည်း ဖြစ်သည်။


ထိုပန်းချီကားနှင့် ပတ်သက်၍ Watts က ယခုလို ပြောခဲ့ဘူးသည်။

"Tate အနုပညာလက်ရာပြခန်းမှာ ထားရှိတဲ့ ကျနော့်ရဲ့ ပန်းချီကားတွေအားလုံးဟာ ခေတ်အဆက်ဆက်အတွက် ဖော်ပြတဲ့သင်္ကေတတွေ ဖြစ်ပါတယ်။ ကျနော့်ပန်းချီကားတွေကို ကြည့်ရင် အသေးစိတ် လေ့လာမှုထက် အကြံပေးမှုတွေ ပိုမိုပါဝင်နေတယ်လို့ ပြောချင်ပါတယ်။"


"ကျနော်က လူတွေကို စဉ်းစားခိုင်းတယ်။ ကျနော့် ရည်ရွှယ်ချက်က လူတွေရဲ့ မျက်စိပသာဒဖြစ်ဖို့ကြီးပဲ မဟုတ်ပါဘူး။ ကျနော့်ရဲ့ပန်းချီကားတွေကို ကြည့်ရာက သူတို့ရဲ့ အသည်းနှလုံးထဲက နေပြီး ကြီးကျယ်လေးနက်တဲ့ အတွေးတွေကို ပန်းချီကားက ဆွဲထုတ်လိုက်စေဖို့ ဖြစ်ပါတယ်။ လူ့သဘော သဘာဝရဲ့ အကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံးအရာတွေ အားလုံးကို ကျနော့်ရဲ့ပန်းချီကားက လှုပ်နှိုးစေလိုက်ဖို့ပဲ ဖြစ်ပါတယ်။"


Hope ။ ။ထို "မျှော်လင့်ချက်" ဟူသော ပန်းချီကားတွင် လူတွေကို စဉ်းစားခိုင်းသော စွမ်းပကား ရှိနေသည်။ မျက်စိမမြင်တဲ့ ထို သဏ္ဍန်ရယ်၊ သူမ၏ ကျိုးပဲ့နေသော စောင်းနဲ့ စက်လုံးကြီးပေါ် ထိုင်နေပုံရယ်၊ သူမ၏ နားကိုညွှတ်ကာ နောက်ဆုံး လက်ကျန်စောင်းကြိုးက ဘယ်လို ဂီတသံစဉ်များ ထွက်လာလိမ့်မလဲလို့ ဖမ်းယူနေတဲ့ ဟန်။ သူမအပေါ် အုပ်မိုး ကျရောက်လျက်ရှိတဲ့ ငွေကြယ်ပွင့်ကိုလည်း မမြင်နိုင်။ ချိုမြိန်တဲ့ ဂီတသံစဉ်တွေက သူမဆီက တစစီ ဖယ်ခွာသွားလို့။ သို့ပေမယ့် သူမက ထိုင်နေဆဲ။


ကွေးကောက်နေပေမယ့် မကျိုးတဲ့စောင်းကို သူမရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ဟောဒီနောက်ဆုံးလက်ကျန်စောင်းကြိုးဆီက ဘယ်လို လှပတဲ့ ဂီတသံစဉ်များပေးမလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖမ်းယူ ရှာဖွေနေလေရဲ့။ ကောင်းကင်က ကြယ်ပွင့်ကိုလည်း မမြင်။အောက်ဖက်က မှောင်မည်း ညိုမှိုင်းနေတဲ့ ကမ္ဘာကိုလည်း မသိ။


သူမ၏ ဟန်ပန်သည် "အရာရာကို ဆုံးရှုံးပြီဟု ထင်မြင်လာချိန်တွင် ပျှော်ရွှင်မူကို တွေ့ရှိရလိမ့်မည် …” ဟူသော သမရိုးကျ အယူအဆတခုကို စိတ်ပျက်အားပျော့စွာဖြင့် ဆန့်ကျင်နေပုံ ပေါက်သည်။ သို့ရာတွင် ကမ္ဘာကြီး၏ ယိုယွင်းမူနှင့် ၀မ်းနည်းစရာများပေါ်တွင် ငြိမ်းချမ်းမူနှင့် အလင်းရောင်လေး ရှိသေးသည် ဟူသော ပို၍ ကျယ်ပြန့် နက်ရှိုင်းသည့် ကမ္ဘာ့မျှော်လင့်ချက်ကို ထောက်ပြထားသည်။


Watts သည် ပန်းချီဆရာထက် ပို၍ ထူးခြားသော အဓိပ္ပါယ်ရှိသည်ဟု ဝေဖန်ကြသည်။ သူက ပိုက်ဆံ လိုသည့်အခါ ပန်းချီဆွဲသည်။ သူ့ပန်းချီကားတွေကနေတဆင့် အယူအဆတခုကို ပေးလိုသည့် ခံစားချက်မျိုး ပေါ်လာသည့်အခါ ရရှိလာမည့်ရလဒ်ကို ဘာတစ်ခုမှ မျှော်ကိုးမနေဘဲ ပန်းချီဆွဲသည်။


သူ့ရည်ရွယ်ချက်က ဘာလဲ ဆိုတော့ သူ၏သဘာဝကျသော ခံစားမူနှင့် ပညာကို လုံးဝဥဿုံ စတေးပစ်လိုက်ခြင်း၊ ပန်းချီဆရာသည်ပင် ပန်းချီကားထဲ မြုပ်ဝင် ပျောက်ဆုံးသွားသည့် သော့ချက်ကို ဆုပ်ကိုင်ခြင်းဖြစ်သည်။


ယခု Hope ဟူသော ပန်းချီကားသည် သူ၏ ရေးဆွဲခဲ့သော ပန်းချီကားချပ်များထဲက အရည်အချင်းပြည့်ဝသော စံထားလောက်သည့် ပန်းချီကားတခုဖြစ်သည်။ အပြာရောင်နှင့် အစိမ်းရောင်ကို အစပ်အဟပ်တည့်စွာ ရေးဆွဲထားပြီး အီတလီလက်ရာများ၏ သြဇာသက်ရောက်မူများစွာ လွှမ်းမိုးလျက်ရှိသည့် ပန်းချီဆရာ၏ ဖန်တီးချက်တခုအဖြစ် သုံးသပ်သည်။


"ကြိုးတချောင်းကလွဲလို့ဘာမှ မရှိ

ကျန်တာက အမှောင်ထု၊ အဆုံးမရှိတဲ့ ကောင်းကင်

ရင်ခွင်ထဲ တကြိုးတည်းတည်းနဲ့စောင်း ပွေ့ပိုက် ခရီးနှင် …


အေးစက် တိတ်ဆိတ် နက်ရှိုင်းမှု

လေဟာနယ် ခရီး

လူပီဘိ မျက်ရည်ကျလွန်းလို့ ကုန်ခမ်းလု

လူပီဘိ စိတ်ပျက် အားလျှော့ရလွန်းလို့ အားမဲ့လု …


ဦးခေါင်းကို ညွတ် ကောင်းကင်အမိုးအောက်

သူမရဲ့ အထီးကျန် စောင်းကြိုးတမျှင်

လှပတဲ့ ဂီတသံစဉ်ကို မျှော်လင့်

တိုးတိတ်ညင်သာတဲ့ ဂရုစိုက်မှု

ချစ်ခြင်း မေတ္တာလေးများ

ဖျော့တော့စွာ ရောက်လာလေမလားနှင့် …


ကြယ်တပွင့် ကြိုးတချောင်းနဲ့ မျောပါလွင့်မျော

လူသားတဦးရဲ့ ၀မ်းနည်း ငိုကြွေးသံ

မျက်လုံးပေါ် စီးနှောင်ထားတဲ့

အ၀တ်စကို ဘုရားသခင့်လက်တဖက်က

ဆွဲ မလိုက်မှာကို စောင့်စားနေ …။ ။”

Comments