Mar Mar Aye - 266

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၆)
“ထူးမခြားနား” သီချင်းခန့်၏ နောက်ဆက်တွဲ
မာမာအေး
မတ် ၁၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။

မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ပြီးခဲ့အပတ်က ‘ထူးမခြားနား ရောင်ခြည်တော်ဘွဲ့’ သီချင်းစာသားတွေ မတူတဲ့ အကြောင်းနဲ့ ဂီတဝိသောဓနီ စုစည်းထုတ်ဝေ စီစဉ်ခဲ့သူတွေအကြောင်း ပြောခဲ့ပါတယ်၊ ကျန်ခဲ့တာ တခုက ‘ထူးမခြားနား’သီချင်းခန့်ကို မြဝတီဦးစ ရေးတယ် မရေးဘူး ဝိဝါဒ ကွဲနေတဲ့ကိစ္စပါ။ ဂီတလူကြီးဝိုင်းမှာ ကြွက်စီ ကြွက်စီ ဒီကိစ္စကို ကြားဖူးသော်လဲ ခလေးပဲ ဘာဆိုင်တာလိုက်လို့ ဆိုပြီး အနားတောင် မသီခဲ့တော့ပါဘူး၊ အခု လူကြီးဖြစ်မှ နှောင်းလူတို့အတွက် ခိုင်မာအောင်ထားခဲ့သင့်တယ်လို့ ရှာဖွေလေ့လာ ပျော်စရာ ဖြစ်လာပါတယ်။

ပထမ ကမ္ဘာစစ်ကြီးမဖြစ်မီက ‘မဟာဂီတမေဒနီ’ ဆိုတဲ့ စာအုပ်ထွက်တဲ့ အခါမှာ ‘ထူးမခြားနားသီချင်းခန့်’ ကို မြဝတီမင်းကြီးဦးစက ဘုရားအား ပူဇော်သော သီချင်းခံကြီး ဆိုတဲ့ အဓိပ္ပာယ် ခေါင်းစဉ် ရေးထိုးထားခဲ့ပါသတဲ့ရှင်။

ပထမကမ္ဘာစစ်ကြီးအတွင်းလို့ ပြောရမယ့် (၁၉၁၄ ခုနှစ်က ၁၉၁၈ခုနှစ်) အတွင်းမှာ သူရိယ သတင်းစာတိုက်က ထုတ်တဲ့ “မဟာဂီတအသစ်” ဆိုတဲ့ စာအုပ် ထွက်လာတော့ ‘ထူးမခြားနားခန့်’ဟာ မြဝတီမင်းကြီး ရေးတာ မဟုတ်ပါဘူး လို့ အထောက်အထားတွေနဲ့ ရေးသားခဲ့ပြန်ပါတယ်။ ငြိမ်းချမ်းရေးအဖိုး သခင်ကိုယ်တော်မှိုင်း တည်းဖြတ် အမှာစာ ရေးထားတဲ့ အဲဒီစာအုပ်ကို (၁၉၂၃) ခုနှစ်မှာ ဒုတိယအကြိမ် ပြန်ပြီး ထုတ်ဝေခဲ့ပါသေးတယ်။

ရန်ကုန်အစိုးရ ဘားနဒ်ပိဋကတ်တိုက်မှာ ရှိနေတဲ့ ‘ကင်းဝန်မင်းကြီး’ ရဲ့ ပုရပိုက် ဆူရေနံပါတ် (၁၅၉၅) မှာ ‘ထူးမခြားနား’ နဲ့ ‘ဇမ္ဗူကျွန်းလုံး’ သီချင်းခန့်ကို တွေ့ရပေမယ့်၊ ရေးသူနာမည် မပါဘူးတဲ့ရှင်။ ပုရပိုက်နံပါတ် (၁၅၈၇)ကျတော့ ‘ထူးမခြားနား’ကို အလွန် ရှေးကျသော စာဟောင်းကြီး၊ စာဆိုသူမသိ လို့ ရေးထားတဲ့ အပြင် မင်းနှင့်စပ်၍ဖြစ်စေ၊ သူခပ်သိမ်းတို့နှင့် စပ်၍ဖြစ်စေ၊ သဘင်ပွဲလမ်း ခင်းကျင်း ကပြ တီးမှုတ်ကြသည့် အခါများမှာ ဘေးရန် အန္တရာယ်ကင်းခြင်း၊ ဆုလာဘ်ပဏ္ဍာ စသော ကောင်းကျိုးချမ်းသာ ရောက်ခြင်း စသော ပေးအံ့သော အကျိုးများကို ရှေ့ရှုသဖြင့် အခြားသီချင်းများကို မတီး မမှုတ် မသီဆိုမီ ရှေးဦးစွာ တီးမှုတ် သီဆိုလေ့ရှိကြောင်း၊ ရှေးပညာရှင် ဆရာကြီးများ အလေးပြု၍ တီးမှုတ်ကြောင်း၊ မင်းတုန်းမင်း လက်ထက်တော်မှာ ထင်ရှားတဲ့ အတွင်းအငြိမ့်တော် အမှုထမ်း စောင်းဆရာကြီး ဦးဖူးခေါင်၊ မိကျောင်းဆရာကြီးဦးသင်း၊ စာဟောဆရာကြီးဦးမှုံ၊ မြွေဆရာကြီး ဦးဝိုက်တို့ တညီတညွတ်တည်း ပြောခဲ့ကြပါသတဲ့။ မြဝတီဦးစထံမှာ နည်းခံခဲ့ဖူးတဲ့ ‘မြောင်လှ ဝန်ထောက်မင်း’ လဲ ကြားဖူးတဲ့အကြောင်း၊ ကင်းဝန်မင်းကြီးကို ဝက်မစွတ်ဝန်ထောက်မင်းက လျှောက်ထားကြောင်းလဲ တွေ့ရတယ်လို့ ဆိုပါတယ်။

မင်းကြီးဦးစ အသက် (၅၂နှစ်ကနေပြီးတော့ ၈၃နှစ်အထိ) ရေးသားခဲ့တဲ့ သီချင်းအမျိုးမျိုးကို မင်းကြီးကိုယ်တိုင် စုဆောင်း ရေးမှတ်စေတဲ့ ပေစာမှာလဲ ဒီသီချင်းခန့်ကို မတွေ့ရတော့ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ‘ဇွဲစာပေရိပ်မြုံ’ က ထုတ်တဲ့ ‘မြဝတီစာစုနှင့် သီချင်းစုစာအုပ်’ မှာလဲ မဟာဂီတ အသစ်က ဖေါ်ပြချက်ကိုသာ တင်ပြခဲ့ပါတယ်။

မန္တလေးက မြန်မာပညာရှိ ဦးဘေကလဲ သူရိယသတင်းစာမှာ ထူးမခြားနားကိစ္စ အဖြေဆောင်းပါး ရေးတဲ့အခါ ‘ဝက်မစွတ်ဝန်ထောက်မင်း စုဆောင်း’တဲ့ ရှေးမြန်မာသီချင်းကြီးများ ပုရပိုက်စု – ထူးမခြားနား ခေါင်းစဉ်မှာ မြဝတီမင်းကြီးဦးစ ရေးသည် လို့ ရေးထိုးထားကြောင်း ဖော်ပြဖူးတယ်တဲ့။

ကင်းဝန်မင်းကြီးပုရပိုဒ် ဆူရေ (၁၅၇၉) မှာ ကျတော့ရေးသူ ‘ဦးလွန်းပြေ’တဲ့ ရှင့်။

အဲဒီဝိဝါဒကြောင့် သံယုတ်ဆရာတော်ဘုရားကြီးထံ လျှောက်ထားတဲ့အခါမှာ မြဝတီဦးစ ရေးကြောင်း မိန့်တော်မူတယ်၊ စကားစိမ်းဖိဖုရားအိမ်တော်မှာ အဆိုတော်ကြီး ဦးကြွေကို မေးတော့လဲ ဆရာတော်ဘုရားကြီး မိန့်ကြားတာ အမှန်ပဲလို့ ပြောတဲ့အကြောင်း ‘စန္ဒရား ဆရာမြိုင်’က ရွှေနန်းထွက် မဟာဂီတကျမ်းမှာ ဆိုထားပြန်ပါတယ်။

ဆရာကြီး ဒီးဒုတ်ဦးဘချိုကတော့ ဒေဝဣန္ဒာကြီး မှီငြိမ်း လက်သုံးပြုခဲ့တဲ့ ကွမ်းဖိုးထိန်းကြီးရဲ့ ပေမူ၊ ဘားနဒ် ပိဋကတ်တိုက်ရှိ မြဝတီမင်းကြီးသီချင်းစုပေမူ၊ သံယုတ်ဆရာတော်ကြီး စုဆောင်းထားတဲ့ ဗြဲတိုက်ထုတ် ပုရပိုဒ်မူများနဲ့ ဆရာစဉ် ဆက်လက်ရှိ ထင်ရှားတဲ့ ဂီတပညာရှင်များရဲ့ လက်ရေးစာမူများကိုပါ တိုက်ဆိုင် ညှိနှိုင်း တည်းဖြတ်ခဲ့ပြီး ‘မြဝတီဦးစ’ လို့ ကဗ္ဗည်းသခဲ့ပါတယ်ရှင်။

နိုင်ငံတော်ယဉ်ကျေးမှုဌာနက ထုတ်ဝေခဲ့တဲ့ ‘နိုင်ငံတော်မူ မဟာဂီတကျမ်း’ ဆရာကြီးဦးဂုဏ်ဘဏ်နဲ့ ဦးအောင်သိန်းတို့ ပြုစုခဲ့တဲ့ ‘မြန်မာသီချင်းကြီးတဆယ့်ငါးပုဒ်အဖွင့်’ စာအုပ်နဲ့ သီပေါအုန်းဘောင် လေးမြို့သခင် စော်ဘွားကြီး ဆာစောချယ်ရဲ့ စာတော်ဖြစ်တဲ့ ‘သဗ္ဗ ဂီတက္ကမ ပကာသနီကျမ်း’ တွေမှာ မြဝတီဦးစ ရေးတယ် လို့ဘဲ တွေ့ရှိခဲ့ရပါတယ်ရှင်။

မာအေးကတော့ ကျေးဇူးရှင် မင်းကုန်းတိပိဋက ဆရာတော်ကြီး ရှိစဉ်တုန်းက တိနိအနုပညာရှင်များ အဖွဲ့ကို ‘ထူးမခြားနား’ ဖြစ်ပေါ်ခဲ့တဲ့ အင်းဝမြို့ဟောင်း တနေရာကို လေ့လာဘို့ ပို့လွှတ်တော်မူတာကြောင့် ရောက်ခဲ့ရတဲ့ ခရီးစဉ်ကို ပြန်မြင်လာတာနဲ့ အဖိုးဦးစ လို့ ရေးသူကို နေရာ ပေးထားပါတယ်ရှင်။

ရှေးရှေးတုန်းက တေးပရိသတ်ဟာ- စာလင်္ကာ ကဗျာတွေကို အချိန်ပေး နာယူနိုင်ခဲ့ပုံရပါတယ်။ သီချင်းဝိုင်းတွေမှာ သီချင်းမစခင် ‘အချီး’ လို့ခေါ်တဲ့ ကဗျာလင်္ကာတွေ ဆိုခဲ့ကြလေ့ ရှိခဲ့လို့ပါပဲ။ နမူနာ ထူးမခြားနား မဆိုမီ အချီးဆိုရတဲ့ လူးတားကဗျာလေး - ဦးကြွေ ရေးသည်လို့ ရွှေနန်းသုံး မဟာဂီတစာအုပ်မှာ တွေ့လို့ ဆိုပြလိုက်ပါတယ်ရှင်။

‘ထူးမခြားနား’ မသီဆိုမီ အချီးဆိုရန် (လူးတား) ကဗျာ
(ဦးကြွေရေးသည်)
နိဒါန်းမင်္ဂလာ၊ ညှိတန်းဖြာ၍၊ ရတနာပူရ၊ ရွှေစက်ကြွလို့၊ စတုတ္ထနန်း၊ “ဝ”ကြငှန်းကို ....... ၊ စံမြန်းစိုးလျက်၊ ဖလ်ကနက်၏၊ ရွှေလက်ထက်တွင်၊ စွယ်တော်စင်မှ ထင်ထင်တမွတ်- ရောင်တော်လွှတ်၍၊ အထွတ်ရွှေဗျာ၊ မိန့်အာဏာနှင့်၊ ကြေညာနှံ့သိ၊ အမည်ရှိ - မြဝတီခေါ် ....... ဝန်ရှင်တော်သည်၊ နာဘွယ်ကြည်နူး ကုံးသီကြူးသား ....... ထူးမခြားနား၊ သီချင်းများကို မြတ်ဖျားစိန္တေ ....... ပရမေအား ၊ ရိုသေပွားအောင်၊ နတ်သားပုံချိန်၊ ပဉ္စသိန်နှင့် သောတိနြေ္ဒ၊ နှစ်ထွေညွတ်ပြောင်း၊ နာဘွယ်ကောင်းအောင်၊ ရွှေစောင်းသံဝါ တူရိဟာဖြင့်၊ ခါခါတလီ၊ ယှဉ်တွဲမီ၍၊ ကြူးသည်သံသာ ဆိုလိုက်ပါမည် လာလာသူအများ ကဗျာတုဘက်ရှားသည့်လေ ဘုရင်မှူးခေါင်ဖျား။ ။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

Comments