Mar Mar Aye - 268

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၆၈)
မိမာ ရဲ့ ဆရာ ရွှေပြည်အေး
မာမာအေး
မတ် ၁၅၊ ၂၀၀၉
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မာအေးကို အလုပ်ပေးပြီး မွေးစားမယ့် ဆရာ တိုးလာတာ ‘ရွှေပြည်အေး’ ပါလို့ ပြောထားခဲ့ပါတယ်။ အဲဒီနေ့ ‘မမှီတဲ့ပန်း’ အသံသွင်းတုန်းက ‘မြဇော်ကို ခေါ်လာခဲ့’ လို့ မှာခဲ့တယ် မဟုတ်လား။ မာအေးရဲ့ ဆရာ တေးလုလင်ဆီကို ဂျစ်ကားတစီး လွှတ်ပေးခဲ့တာနဲ့ မာအေးတို့ သားအမိလည်း (၉) မိုင်မှာရှိတဲ့ အေဝမ်းခြံကြီးထဲ ရောက်သွားတာပေါ့ရှင်။

အေဝမ်းမျိုးတွေရဲ့ ရွာကြီးတရွာ သူ့အိမ်သူ့ယာ သူ့ပန်းမာလ်နဲ့ တင့်တောင့် တင့်တယ် နေကြတဲ့ အသိုင်းအဝိုင်းကြီး ဆယ်ဧကထက် ကျယ်မယ့် ခြံကြီးတခြံပါ။ အဆောက်အဦး ခပ်ကြီးကြီး ဂိုဒေါင်လောက်ကြီးတွေ သုံးလေးဆောင်မှာ အိမ်လို၊ နန်းတော်လို၊ တောတောင်ကမူတွေလို ပုံစံ၊ ယာယီ ဆောက်ထားတဲ့ ဆက်တင် အခန်းအနားတွေ၊ သစ်သား အတို အစ အဟောင်း အသစ်တွေ ပုံထားတာလဲ တွေ့ရတယ် ‘မြဇော်’ ဆိုတာ အေဝမ်းမျိုးဆက်ထဲက ကလေးဇာတ်လိုက် မင်းသမီးလေး ‘ဝင်းမာ’ တို့ အကယ်ဒမီ ‘စန္ဒာ’ တို့ အမိအဖများပိုင် အသံဖမ်း အသံသွင်းခန်းမ၊ မြဇော် စတူဒီအိုပေါ့။ ရန်ကုန် ဖက်ကနေ ပြည်လမ်းအတိုင်း သွားတဲ့အခါ မရမ်းကုန်းလွန်တော့ (၉) မိုင်းမှာ ရှမ်းကျောင်းကြီး တွေ့မှာပါ။ အဲဒါနဲ့ မျက်နှာချင်းဆိုင် ဝင်ပေါက်ထဲကို ဝင်လိုက်ရင် အေဝမ်းခြံကြီးပဲ။ ဝင်သွားလို့ ကိုက်တရာလောက် ရောက်တာနဲ့ ဘယ်ဘက်ကို ကွေ့ဝင်လိုက်ရုံပါ။ ပေ ၂ဝ x ပေ ၆ဝ လောက် ဆောက်ထားတဲ့ ရုပ်ရှင်ရုံလေး ပြောပါတော့။ ရုပ်ရှင်နောက်ခံ အသံတွေ အသံသွင်းတဲ့အခါ ရုပ်ရှင်ပြထားပြီး အချိန်ကိုက်အောင် တီးဝိုင်းက လိုက်အသံသွင်းရတော့ ရုပ်ရှင်ပြစက်ပါ ရှိရတာကိုး၊ ရုပ်ရှင်ရုံကလေးပေါ့နော်။

မာအေးတို့မနက် (၁ဝ) နာရီလောက် ရောက်သွားတော့ ဆရာ ရွှေပြည်အေးလည်း ရောက်နှင့်နေပါပြီ ဆရာအေးဝိုင်းသားတွေ နုတ်ကူးတဲ့သူကကူး၊ ပတ်စာဖြည့်တဲ့သူကဖြည့်၊ အသံညှိတဲ့သူက ညှိနေပေမယ့် ဆူညံနေတဲ့ ဟားတိုက်နေတတ်တဲ့ မာအေး တွေ့ဖူးတဲ့ ပုံမျိုး မဟုတ်ဘူး၊ ညင်ညင်သာသာ လိုသလောက်ဘဲ ကြားနေရပါတယ်၊ အဖေတို့ အမေတို့နဲ့ တွဲဖူးတဲ့သူတွေ များတာပါပဲ၊ မသိသေးတဲ့သူ ဆိုလို့၊ ဗုံကိုနုရယ်၊ တယောဦးဘတိုးရယ်၊ နှဲဦးမောင်မောင်ရယ် ဒါလောက်ပဲ ရှိပါတယ်။ ဝိုင်းသားအားလုံးဟာ သူတို့ရဲ့ ခေါင်းဆောင်ဆရာကို အလွန် ချစ်ကြောက် ရိုသေပုံနဲ့ ဘာခိုင်းလိုက်မှာပါလိမ့်လို့ နားစွင့်နေပုံ ရပါတယ်။

ဒါကြောင့်မို့ ကိုယ်ပါ ရောယောင်ပြီး ကြောက်ရမလိုလို ဘာလိုလိုဖြစ်လာလို့ စန္ဒရားခုံမှာ ထိုင်နေတဲ့ ဆရာအေးကို လှမ်းအကဲခတ်လိုက်တော့ မျက်နှာထားက တည်ပေမယ့်လို့ မျက်လုံးက ပြုံးနေတယ်၊ နှုတ်ခမ်းက ပြုံးတယ် ဆိုရုံ တွန့်တွန့်လေး မြင်ရပါတယ်။ ပိုးစပို့ရှပ် နံ့သာရောင် ဖျော့ဖျော့နဲ့ ခရု ပလေကပ် လုံခြည် ဝတ်ထားတဲ့ ဆရာအေးရဲ့ ခါးမှာ လက်ကိုင်ပဝါ ခေါက်ထိုးထားပါတယ် လက်ချောင်းကလေးတွေကို ကွေးချီဆန့်ချီ လုပ်လိုက်၊ စန္ဒရားခလုတ်တွေကို ဂီတသံ ထွက်ရုံကလေး ကစားလိုက်၊ လက်ကလေးတွေကို တဖူးဖူး မှုတ်လိုက်နဲ့ရှင်။

အရပ်က ငါးပေခြောက် ကျော်လိမ့်မယ်၊ ဘယ်ဘက် နှုတ်ခမ်းအပေါ် ပါးပြင်မှာ မှဲ့နက်ကလေးနဲ့ အသားက မဖြူမညို၊ ဘိုကေဖီးပုံကလဲ သပ်ယပ်၊ ရွှေလက်ပတ်ကြိုး တဖျပ်ဖျပ်၊ ကတ္တီပါ ဖိနပ်နဲ့ ဆရာအေးဟာ ဂီတသမားတွေထဲမှာ စမတ်အကျဆုံး၊ အမုန်းမရှိတဲ့သူပါ။ ပြုမူ ပြောဆို နေထိုင် ဆက်ဆံ သူ့ စံပြ ယဉ်ကျေးဟန်ကို ခု ပြန်ပြောရင်းတောင် အားရသေးတယ်၊ လေးစား ကြည်ညိုဖြစ်သွားတော့ ကြောက်ဆရာ မဟုတ်တော့ဘူးပေါ့နော်။

ဆရာက မာမာအေးဖြစ်စမို့ ‘မိမာ’ လို့ပဲ ခေါ်ခဲ့တယ် ဆရာ့ဘေးက ခုံလေးတလုံးမှာ ထိုင်ခိုင်းပြီး ဆရာ့လက်ရေးနဲ့ သီချင်းစာကို ဖတ်ခိုင်းပါတယ်။ ဆရာ့လက်ရေးက သေးပေမယ့် ညီညာ သပ်ယပ်တဲ့ လက်ရေးစောင်းမို့ ဖတ်ရတာ ရှင်းပါတယ်။ အက္ခရာနှစ်လုံး မသိတာ ပါလို့ မေးတဲ့အခါ ‘မ’ နဲ့ ‘အ’ တဲ့၊ စာလုံးကို တဆက်တည်း ဆွဲရေးရတဲ့ ‘မ’လိမ် နဲ့ ‘အ’လိမ် လို့ ပြောခဲ့တာမို့ ဆရာ့အမှတ်တရ ခုထိ လိုက်ရေးနေတုန်းပါပဲ။

ဆရာရွှေပြည်အေးက ကိုယ်တိုင် သီချင်း လိုက်ဆိုပြပေးနိုင်တဲ့ ဆရာမျိုး ဖြစ်ပါတယ်။ မာအေးကလဲ တခေါက်ကြားရရင် လိုက်ဆိုနိုင်တဲ့ တပည့်မျိုးမို့ လက်စွဲဖြစ်သွားတယ် ထင်ပါရဲ့ရှင်၊ ဒီကားမှာတင်ပဲ သီချင်းသုံးပုဒ် ဆိုခိုင်းခဲ့လို့ပါ။ ပဏာမ သီချင်းနဲ့ ဇာတ်ဝင်ခန်း သီတင်းကျွတ်ပွဲ ဖိုးပါကြီးရဲ့ ‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ ပါပဲ။

(ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်) ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် – သင်းကြူကြူလိုင်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် – အဆင်းနှင့်ပွင်ချင်းဆိုင်၊ ပျိုပျိုအိုအို ပိုပိုမိုမို စွဲစွဲလန်းလန်း လှန်းဆွတ်ခူးနိုင်၊ နမ်း-နမ်း နမ်းမယ် တူပြိုင်ပြိုင်

ခလေးလဲ မနေနိုင် ဖိုးပါကြီး တဲ့ --- ဟားဟားဟားဟား
အဘိုးကြီးလဲ မနေနိုင် ဖိုးပါကြီး တဲ့ --- ဟားဟားဟားဟား
စွယ်စုံလဲ ရလို့သူပိုင် (ဖိုးပါကြီး) အနုပါ အကြမ်းပါ၊ အသောပါ အလွမ်းပါ၊
စမ်းချင်ရာ စမ်းတော့ တတ်လဲတတ်နိုင် (သူရဲ့ကိုယ်တိုင် ပိုင်ပိုင်)၃
ကားရိုက်နေတာ စောင့်လို့ ခေါင်းချင်းဆိုင်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ (နှင်းဆီခိုင်)၃ xxx
မောင်မယ် တူတူထိုင် –ဟားဟားဟား ဟားဟား
အိနြေ္ဒဆည် မနေနိုင် -ဟားဟားဟား ဟားဟား
လူမမာတွေတောင်ထိုင် -ဟားဟားဟား ဟားဟား
အပူသည် ကယ်တင်နိုင် -ဟားဟားဟား ဟားဟား
ဟားကွက် မြိုင်မြိုင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် xxx

၁၉၈ဝ-၈၁ တုန်းက တေးအတွဲ (၁ဝ) အဖြစ် ကိုယ်တိုင် ပြန်ဆို ဖြန့်ချိခဲ့တဲ့ သီချင်းမူပါ၊ မှတ်တမ်း မထားမိဘဲ ခေါင်းထဲ အလွတ်ကျက်ခဲ့တာ နှစ်ပေါင်းကြာတော့ ‘အပူသည် ကယ်တင်နိုင်’ ဆိုတဲ့အစား - လူတကာတွေတောင် ငိုင်လို့ မှားသွားပါတယ်ဆရာ၊ ခွင့်လွှတ်တော်မူပါလို့ ဦးတင်ပါတယ်ဆရာ။

‘ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်’ သီချင်းကို ကြားရတဲ့အခါ၊ ဝဝတုတ်တုတ် ကော်ကိုင်းမျက်မှန် အနက်ကြီး တပ်ထားတဲ့ စပ်ဖြီးဖြီးနဲ့ ဖိုးပါကြီးရုပ်ကို သူ့ရုပ်ရှင် ကြည့်ဖူးသူတိုင်း ပြန် မြင်ယောင်လာတတ်ပါတယ်၊ ဒါကြောင့်မို့လဲ ဦးလေး ကိုပါကြီး ရှိစဉ်က ပွဲလမ်းသဘင် သူပါဝင်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တေးသွားကလေး စင်ရှေ့ သူ မထွက်ခင် ကြိုတင် တီးခတ်နှင့်လိုက်တာနဲ့ ဖိုးပါကြီး လာတော့မယ် ဆိုတဲ့ အသိစိတ် ပေါ်ပြီး ပရိသတ်က လက်ခုပ်တီး ကြိုကြတော့တာပါပဲ။

ဆရာရွှေပြည်အေးဟာ ဖိုးပါကြီးရဲ့ဟာသ အရည်အချင်းကို ထင်းခနဲ ပေါ်အောင် စာနဲ့လဲရေး၊ အသံတွေ ဟန်တွေနဲ့လဲ ရေးသွားနိုင်သလို မာအေးကိုလဲ ခလေးသံနဲ့ လူအိုကြီး အသံနဲ့ အသံထဲမှာ သရုပ်ပါအောင် ပျိုးထောင်ပေးသွား ဆိုခိုင်းသွားတာ နေမှာပဲလို့ သတိရမိပါတယ်ရှင်။

[ မူရင်း - ဘီဘီစီအသံလွှင့်ဌာန၊ မြန်မာပိုင်း ]

Comments