Nyan Si - Yellow Rose Plain

နှင်းဆီဝါ၀ါ

ညံစီ

မတ် ၂၁၊ ၂၀၀၉


ရေနွေးကား ပွက်ပွက်ဆူလေပြီ။ အသင့်ဖျော်စပ်ပြီးသား နွားနို့ကို ခွက်ထဲသို့ ခတ်သွက်သွက် ထည့်လိုက်ရ၏။ ပြီးမှ မီးခလုတ်ကို ပိတ်ကာ ရေနွေးကို ချရသည်။ ခုထိ အဖွားက မနိုးသေး။ အိပ်ခန်းဖက်သို့ လှမ်းကြည့်မိလိုက်၏။ လူးသံ လွန်းသံပင် မကြားရ။ မနက်ကဖြင့် ၆ နာရီ ထိုးလေပြီ။ အဖွားကိုယ်စား အသင့်ထည့်ပြီးသား သောက်တော်ရေလင်ပန်းကို ဘုရားစင်ပေါ်သို့ တင်၍ ဦးတော်လုပ်လိုက်ရသည်။ အဖိုးက ဘုရားရှိခိုးလေ့ မရှိ။ လက်အုပ်ချီရုံမှတပါး ဘာမှ မလုပ်တတ်။ ဒါတွေက အဖွားဝတ္တရားများသာ။ ခု အဖွားအိပ်မောကျနေဆဲမို့ အဖိုးက တာဝန်လွှဲပြောင်းယူလိုက်ရခြင်း ဖြစ်၏။ အိပ်ခန်းအ၀မှ နေ၍ အဖွားကို လှမ်းကြည့်မိသည်။ နှစ်ချိုက်စွာ အပူအပင်မဲ့ အဖွားကား အိပ်စက်လျက်။


အဖိုး ခေါင်းတညိတ်ညိတ်နှင့် အိမ်အပြင်ဖက်သို့ ထွက်ခဲ့တော့သည်။ အတွင်းမှာ နွေး၊ အပြင်မှာ အေး ဖြစ်သည်။ ခြံထဲရောက်လာသည်နှင့် သိသိသာသာ အအေးပိုလာတော့၏။ အနွေးအင်္ကျီကို တင်းတင်းစေ့ရင်း အဖိုး ခတ်ဖြေးဖြေး လျောက်လာခဲ့သည်။ သည်ကုန်းမြင့်လေးကို အဖိုးသဘောကျသည်။ အားလုံးကိ စီးပြီး မြင်ရသည်။


ဒါကြောင့်လည်း သည်နေရာမှာ သည်အိမ်ကလေး ဆောက်ခဲ့ရခြင်း ဖြစ်သည်။ မြင်နေကြ ဖြစ်သော်လည်း မြင်ကွင်းက ရိုးမသွား။ အနောက်ဖက်က တောင်တန်းစပ်နှင့် ချောက်လက်တက်။ တောင်ဖက်က ကွေးကောက်နေသော ချောင်းရေကြည်၊ အရှေ့ဘက်မှာ မြို့သွားလမ်း မြေနီ။ မြောက်ဖက်က မိုးမခရွာ။


ဖြေးဖြေးချင်း လျှောက်ရင်း ကုန်းကမူလေးပေါ်သို့ အဖိုးတက်လာခဲ့သည်။ သည်နေရာ သည်ကမူထက်မှာ အဖိုး စိတ်ကူယဉ်ဖူးသည်။ အိပ်မောကျဖူးသည်။ လနှင့် ကြယ်နှင့် စကားပြောဖူးသည်။ အဖွားကို ချစ်ရေးဆိုခဲ့ဖူးသည်။ အဖွားနှင့် ကြည်နူးဖူးသည်။ ဓာတ်ပုံရိုက်ပေးဖူးသည်။ ပန်းကြိုက်တတ်သော အဖွား၏ ခေါင်းပေါ်မှာ ပန်းတွေ ဝေနေအောင် ပန်ပြီး သနပ်ခါးတွေ ဖွေးအောင် လူးစေခဲ့ပြီး ဓာတ်ပုံများစွာ ရိုက်ခဲ့ဖူးသည်။ အဖိုး နှလုံးသားမှာ ဒီပုံတွေ စွဲထင်ခဲ့ပြီးပြီ။ သားတွေ သမီးတွေနှင့် ချီပိုးကစားခဲ့ဖူးသည်။ တေးသီခဲ့ဖူးသည်။ သည်ကမူမှာ ရယ်သံတွေ သီချင်းသံတွေ ရှိခဲ့ဖူးသည်။


ခုတော့ ပန်းဝါ၀ါတွေ ၀င်းနေသည်။ ပန်းကြိုက်တတ်သော အဖွားက မြို့ကို တကူးတကမှာပြီး နှင်းဆီအ၀ါတခင်းလုံး စိုက်ခဲ့သည်။ အပြိုင်းအရိုင်းလုပြီး ပွင့်နေသော နှင်းဆီဝါတွေက မြေကို လင်းစေခဲ့ပြီ။


အဖိုး နှင်းဆီဝါအခင်းထဲမှာ လှမ်းတဖက်တွင် မိုးမခရွာဖက်မှ စက်ဘီးတစီး တက်လာသည်။ လူကြုံတယောက် ရွာထဲကို ညက ရောက်ပုံပေါ်သည်။ မြေနိမ့်လျောအတိုင်း အဖိုး ခတ်သော့သော့ ခြံတံခါးဆီ ဆင်းခဲ့သည်။ စက်ဘီးစီးလူငယ်လေးက စက္ကူညိုဝါအထုပ်ကြီးကို အဖိုးလက်ထဲသို့ ထည့်ပေးပြီး ပြန်ထွက်သွားသည်။ ထုတ်ကြည့်လိုက်တော့ ဟောလစ်ပုလင်းနှင့် စာတစောင်ဖြစ်၏။


လက်ရေးကိုမြင်တာနှင့် သားကြီးဆီက စာမှန်းသိသည်။ အလုပ်တွေ မအားသေးကြောင်း၊ သည်နှစ် မလာနိုင်ကြောင်း၊ လူကြုံကောင်းလို့ ဟောလစ်ပုလင်းထည့်ပေးလိုက်ကြောင်း၊ ဒါတွေပဲ ရေးလိုက်မှာ သေချာလှ၏။ အဖိုးတချက်ပြုံးလိုက်ပြီး ဟောလစ်ဘူးကိုရော၊ စာကိုပါ အိပ်ညိုဝါထဲထည့်ပြီး တောင်ဖက်ချောင်းရိုးဆီသို့ လှိမ့်ချပစ်ထည့်လိုက်သည်။ ပြီးမှ အိမ်ထဲသို့ ၀င်ခဲ့တော့၏။


တုတ်တုတ်မျှ မလှုပ်သေးသော အဖွား၏နံဘေးမှ ခြေလှမ်းဖွဖွနင်းကာ အဖိုး နောက်ဖက်ခန်းသို့ ၀င်ခဲ့သည်။ နှစ်ဘီးတပ်လှည်းပေါ်တင်ထားသော အဖိုးလက်ရာ သေတ္တာဝါ၀ါကြီးကို တွန်းယူလာခဲ့၏။ အဖွား၏အိပ်ယာအနီးမှာ ရပ်တန့်သည်။ သေတ္တာပေါ်မှာ ဆွဲထားသော နှင်းဆီပွင့်များက အဖိုး၏ လက်ရာပင်။ ပျိုရွယ်စဉ်က အဖွားကို အသာပွေ့ချီနိုင်သော အဖိုးသည် အခုလည်း အဖွားကို စွေ့ကနဲ မ ယူလိုက်နိုင်၏။ သေတ္တာထဲက နှင်းဆီအိပ်ယာပေါ်ရောက်သည်ထိ အဖွားက တုတ်တုတ်မျှ မလှုပ်ပေ။


နှစ်ဘီးတပ်လှည်းပေါ်မှ သေတ္တာကြီးကို ခြံဝင်းထဲသို့ ဖြေးဖြေးချင်း အဖိုး တွန်းလာခဲ့သည်. ကမူလေးထိပ်သို့ ရောက်တော့ အဖိုး ခဏနား၏။ နှင်းဆီဝါ၀ါ အခင်းထဲမှာ လိုက်ရှာစမ်းသပ်ရင်း ကြိုးနှစ်ချောင်းကို တွေ့၏။ အဖိုးပြုံးလိုက်သည်။ ခတ်တင်းတင်းလေး ဆွဲလိုက်တော့ နှင်းဆီဝါ တခင်းလုံး နှစ်ခြမ်းကွဲကာ လန်ထွက်သွား၏။ အောက်မှာတော့ သပ်သပ်ရပ်ရပ် တူးထားသော မြေကျင်းကြီးက ရှိနေသည်။ အဖိုးက အဖွားအိပ်နေသော သေတ္တာကြီးကို မြေကျင်းတွင်းသို့ ဖြေးဖြေးချသ်း လျှောချလိုက်သည်။ မြေကျင်းအောက်ခံ မြေသားပေါ်သို့ သေတ္တာကျသွားပြီ။


အဖိုးက နှစ်ဘီးတပ် လှည်းကလေးကို တွန်းယူလာခဲ့သည်။ တောင်ဘက်က ချောင်းလက်တက်လေးဆီသို့ လှည်းကို ဦးတည် တွန်းချလိုက်၏။ တစစီပြုတ်ထွက်ကာ ဦးစိုက်ဂျွမ်းပျံ ကျသွားသော နှစ်ဘီးတပ်လှည်းကလေးကို ကြည့်ရင်း အဖိုး လက်ဖ၀ါး ၂ ဖက် ပွတ်လိုက်မိသည်။ ပြီးနောက် အဖွားရှိရာသို့ အဖိုးပြန်လာခဲ့သည်။ တွင်းထဲသို့ ဆင်းသည်။ သေတ္တာကိုဖွင့်၏။ တုတ်တုတ်မျှ မလှုပ်သော အဖွားကို အဖိုး တွေငေးကြည့်သည်။ အဖွား၏ နဖူးပြင်ကို အဖိုး ဖွဖွလေး နမ်းလိုက်သည်။ ပြီးတော့ သေတ္တာကို ပြန်ပိတ်လိုက်၏။


အဖိုး သေတ္တာဘေးမှာ ထိုင်ချလိုက်သည်။ နောက် အိပ်ချလိုက်သည်။ မြေကျင်း နှုတ်ခမ်းတို့ ဘောင်ကွပ်ထားသော မိုးသားပြာနုကို စူးစူးလေး ကြည့်ရင်း အဖိုးလက်ထဲမှ ကြိုး နှစ်စကို အားနှင့် ဆွဲချလိုက်သည်။ မြေစိုင် မြေခဲတွေ ပြီးတော့ နှင်းဆီဝါ၀ါတွေ အဖိုးပေါ်သို့ အစီအစဉ်မကျ ကြွေကျလာကြတော့သည်။


များမကြာမီ သည်အနားတ၀ိုက်မှာ လူတွေအလုပ်ရှုတ်ကြတော့မည်။ ထူးဆန်းစွာ ပျောက်ဆုံသွားသော အဖိုးနှင့် အဖွားအကြောင်း အံ့အားသင့်စွာ ပြောကြပေဦးတော့မည်။ ထို့ထက်ပိုပြီး ထူးဆန်းသည်ကတော့ နှင်းဆီဝါ၀ါ အခင်းကြီး ပျောက်ဆုံးသွားခြင်းပင်။


(ဖေဖော်ဝါရီ ၃၊ ၂၀၀၉)

Comments