
ဒေါ်စုနှင့်တကွ အကျဉ်းကျနိုင်ငံရေးသမားများဂုဏ်ပြု အစီအစဉ် နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ တင်ဆက်မည်
မိုးမခအထောက်တော် ၀၀၄
မတ် ၈၊ ၂၀၀၉
နော်ဝေနိုင်ငံ၊ အိုစလိုမြို့၊ နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ မြန်မာပြည်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဘ၀ကို သရုပ်ဖော်ပြီး တင်ဆက်မယ့် အော်ပရာ(ပြဇာတ်)တခုကို မတ်လ ၁၀ ရက်မှာ ကျင်းပမယ်လို့သိရပါတယ်။
မြန်မာပြည်ရဲ့ မတ်လမှာ တော်လှန်ရေးသမိုင်းမှတ်တိုင်များနဲ့ ပြည့်နှက်နေပြီး၊ မတ်လ ၁၃ ရက်ဟာ မြန်မာပြည်လူ့အခွင့်အရေးနေ့အဖြစ် ၁၉၈၉ ခုနှစ်က စတင်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ မတ်လ ၁၃ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနဲ့ လုံခြုံရေးတပ်သားများ အဓိကရုဏ်းမှာ ကျောင်းသား ကိုဖုန်းမော်၊ ကိုမြင့်ဦးနဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ကြတယ်။ နောက်ဆက်တွဲ မတ်လ ၁၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းကို အဆိုပါ လုံထိန်းများက ၀င်ရောက်စီးနင်းခဲ့လို့ ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ အင်ယားကန်ဘောင်မှာ သွေးမြေကျခဲ့ကြပါတယ်။ အဲဒီကစတဲ့ အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတွေ အရှိန်မြှင့်ခဲ့ကြလို့ ၁၉၈၈ သြဂုတ်လ ရှစ်လေးလုံး အရေးတော်ပုံ လူထုအုံကြွမှုကြီးနဲ့ တပါတီအာဏာရှင်စနစ် မြန်မာပြည်မှာ ကျဆုံးခဲ့ရပါတယ်။
Comments