ကြွက်ဖျက်ဆီးမှုကြောင့် တောင်ယာစပါး ပျက်စီးမှုများပြား
ကရင်သတင်းစဉ်
မတ် ၂၀၊ ၂၀၀၉
ကရင်သတင်းစဉ်
မတ် ၂၀၊ ၂၀၀၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ဘူးသိုမြိ့နယ်အတွင်း၌ ယခုနှစ်တွင် တောကြွက်များ၏ ဖျက်ဆီးမှုကြောင့် ဒေသခံများ၏ တောင်ယာစပါးများမှာ ယခင်နှစ်များထက် ပျက်စီးမှု ပိုမိုများပြားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ဒီနှစ်မှာ တောကြွက်တွေရဲ့ ဖျက်ဆီးမှုကြောင့် တောင်ယာစပါး သိပ်မထွက်ဘူး။ စပါးတွေ ပျက်စီးတယ်။ စပါးသီးတဲ့အချိန်၊ စပါးရိတ်သိမ်းချိန် မရောက်ခင်မှာ ကြွက်တွေ တအားကျလာပြီးတော့ စပါးပင်တွေကို ကိုက်ချိုး ဖျက်ဆီးတယ်။ စပါးသီးတွေကို စားတယ်။ အဲဒါကြောင့် တောင်ယာလုပ်တဲ့ သူအများစုဟာ လုပ်သလောက် မစားရတော့ မိသားစု စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်”ဟု လောဖလာသေ့ရွာသား စောဖားနူက ကရင် သတင်းစဉ်ကို ပြောသည်။
သဝေါ်ခွဲရွာသူ နော်ဘွဲမို့က “ဒီနှစ်မှာ ကြွက်တွေ တအားကတော့ ကျမက တောင်ယာခုတ်စားတာ စပါးနည်းနည်းပဲရတယ်။ တနှစ်စာ စား လို့လောက်ပါ့မလားတောင် မသိတော့ဘူး။ ကြွက်တွေ မဖျက်ရင် စားလို့လောက်တယ်။ နှစ်တိုင်းလိုလို ကြွက်တွေကျပေမယ့် ဒီနှစ်က ပိုများတယ်။ စားလို့ မလောက်ရင် နီးစပ်ရာလူတွေဆီက ချေးစား၊ နောက်နှစ် စပါးထွက်ချိန်မှာ ပြန်ပေး၊ အဲဒီလိုမျိုးပဲ လုပ်ရမယ်။ ဝယ်စားဖို့ကလည်း ဝင်ငွေမရှိတော့ ခက်တယ်”ဟု ပြောဆိုသွားသည်။
တောတောင်ထူထပ်သည့် ဘူးသိုမြို့နယ်တွင် နေထိုင်သည့် ဒေသခံအများစုမှာ မိသားစု ဝင်ငွေရသည့် အလုပ်အကိုင်များ ရှားပါးလျက်ရှိပြီး အဓိကအားဖြင့် တောင်ယာစပါး စိုက်ပျိုးလုပ်ကိုင်ခြင်း၊ အခြားဖာလာခြံ၊ ကွမ်းခြံနှင့် ဒူးရင်းခြံများကို အနည်းအကျဉ်း စိုက်ပျိုးလုပ်ကိုင်ကြသည်ဟု ဒေသခံ လူငယ်တဦးဖြစ်သူ စောဖားနူက ပြောသည်။
“ကျနော်တို့ဒေသမှာ ဝင်ငွေရတဲ့အလုပ်တွေ သိပ်မရှိကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ အခြားသီးနှံတွေ စိုက်ပျိုးဖို့က နေရာသိပ်ရှိဘူး။ အသီးအနှံတွေ ရောင်းဖို့လည်း ဈေးကွက်သိပ်မရှိ။ အဲဒီလိုမျိုးလုပ်ဖို့ နယ်မြေက မတည်ငြိမ်တာလည်း ပါတာပေါ့နော်။ ဒူးရင်းခြံ၊ ဖာလာခြံအနည်းအကျဉ်း၊ ငရုပ်သီး၊ နှမ်း အနည်းအကျဉ်း စိုက်တယ်။ ပျားရည်ထုတ်တယ်။ ရောင်းတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး သိပ် မကောင်းတော့ ဈေးနည်းနည်းပဲ ရတယ်”ဟု ၎င်းက ပြောဆိုသွားသည်။
ထိုဒေသများသည် ကေအန်ယူနှင့် ဒီကေဘီအေတို့ ရောထွေးအုပ်ချုပ်သည့်နယ်မြေများဖြစ်ပြီး ဒေသခံများသည် ၎င်းတို့ စိုက်ပျိုးထားသည့် ခြံ ထွက်သီးနှံများကို ရွာအရောက် လာဝယ်သူမရှိသဖြင့် ရောင်းချနိုင်ရန်အတွက် သံလွင်မြစ်ကမ်းနားသို့ သယ်ဆောင်ကာ သွားရောက်ရောင်းချခြင်း၊ အချို့မှာ မြိုင်ကြီးငူသို့ သွားရောက် ရောင်းချလျက်ရှိသည်ဟု သိရသည်။
အဆိုပါဒေသအတွင်း နေထိုင်သည့် ပြည်သူများသည် ၁၉၉၅ ခုနှစ်၊ ဒီကေဘီအေ စတင်ခွဲထွက်စဉ် ဒီကေဘီအေ၏ အတင်းအဓမ္မ ဖိအားပေး မှုကြောင့် ခေါ့တော်(ခ)မြိုင်ကြီးငူသို့ ရွှေ့ပြောင်းနေခဲ့ရပြီး ထိုသို့ နေထိုင်ရာတွင် အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရသည့် အတွက်ကြောင့် ၂ဝဝဝ ခုနှစ်မှ စ၍ ၎င်းတို့၏ နေရပ်ဟောင်းတွင် ပြန်လည် နေထိုင်ခဲ့ကြသူများဖြစ်သည်။

Comments