Rohinja to vote in 2010 Election, the Question


၂၀၁၀ မှာ ရိုဟင်ဂျာ(သို့) ဘင်္ဂါလီတွေ မဲပေးခွင့်ရှိမှာလား

ဝင်းမြတ်

မတ် ၃၁၊ ၂၀၀၉

နာဇီရွာ ဈေး

နာဇီရွာဈေးရှေ့မှာ လဖက်ရည်သောက်ရင်း ခရီးသည် စောင့်နေတဲ့ ယာဉ်မောင်း မောင်ဖြူ(၄၅ နှစ်) က ခွက်ထဲကျန်နေတဲ့ လဖက်ရည်ကို အကုန်မော့သောက်လိုက်တယ်။

“အလုပ်ကအရင်ကလို မကောင်းတော့ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ မနည်းရှာရတယ်” လို့ မြန်မာစကားကို လေသံ ၀ဲဝဲနဲ့ မျက်မှောင်ကျုံ့ပြီးပြောတယ်။

သူထိုင်နေတဲ့ လဖက်ရည်ဆိုင်ထဲမှာ ရှိနေတဲ့သူအများစုက ရခိုင်စကားနဲ့ ဘင်္ဂါလီစကားကိုသာ အများဆုံး ပြောဆိုကြသူတွေ ဖြစ်တယ်။ မြန်မာစကားကို အနည်းငယ်သာ ပြောဆိုနိုင်ကြတယ်။

သည်လဖက်ရည်ဆိုင်ရှိတဲ့ နာဇီကျေးရွာမှာ မွတ်စလင် ဘာသာဝင်တွေ အများစုနေထိုင်ပြီး စစ်တွေမြို့ရဲ့ အနောက်ဘက်မှာ တည်ရှိ ပါတယ်။

သည်ရွာလေးမှာ အိမ်ခြေစိတ်တယ်။ အိမ်အများစုက သေးသေးလေးတွေဖြစ်တယ်။ လမ်းတွေပေါ်မှာ ကစားနေတဲ့ ကလေးတွေကို ကြည့်လိုက် အခြားရပ်ကွက်တွေထက် ပိုများနေတာ ခန့်မှန်းနိုင်တယ်။

သူတို့ရွာလေးထဲကို နည်းနည်းလောက် ဆက်လျှောက်ကြည့်လိုက်တော့ သုံးပေx ငါးပေ အကျယ်လောက်ရှိတဲ့ အုတ်ရေကန်လေး ၀န်းကျင်မှာ ကလေး၊ လူကြီး လူငယ် အရွယ်မျိုးစုံ ရေရဖို့ သူ့ထက်ငါ စုပြုံ တိုးဝှေ့နေကြတာ တွေ့မြင်ရတယ်။

ရေခပ်နေတဲ့ အထဲက ခန့်မှန်း အသက်လေးဆယ် ၀န်းကျင်အရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး သူတို့ရဲ့အခြေအနေ တွေကို ဘီဘီစီ အသံလွှင့်ဌာနကို ပြောပေးပါလို့ ပြောဆိုနေတယ်။ သူတို့ရွာမှာ ရေရှားပါးပြီး လျှပ်စစ်မီးလည်း ပုံမှန်မရရှိဘူးလို့ ဆိုတယ်။

ယာယီကတ်ပြားသာရှိ

ရိုဟင်ဂျာလို့ လူသိများတဲ့ မြန်မာအစိုးရက ဘင်္ဂါလီလူမျိုးတွေသာ ဖြစ်တယ်လို့ ခေါ်ဆိုတဲ့ သူတို့မှာ မြန်မာနိုင်ငံသား အသိ အမှတ်ပြုလက်မှတ် မရှိဘဲ နာမည်၊ နေရပ်နဲ့ လူမျိုး ကိုးကွယ်သည့်ဘာသာ စတာတွေရေးသားပါဝင်တဲ့ အဖြူရောင် ကတ်ပြား သာရှိပါတယ်။

မောင်ဖြူ က“ကျွန်တော့်မှာအရင်တုန်းကရှိတဲ့ ကတ်က မီးလောင်တုန်းကပါသွားတယ်။ မနှစ်က (၂၀၀၈) မေလ မတိုင်ခင် ကျွန်တော် တို့ကို အဖြူရောင်ကတ်ပြားထုတ်ပေးထားတယ်” လို့ ပြောပြတယ်။ ကတ်ပြားပေါ်မှာ လူမျိုးနဲ့ ကိုးကွယ်သည့်ဘာသာကို ဘင်္ဂါလီလူမျိုး မွတ်စလင်ဘာသာဝင် လို့ရေးသားထားတယ်လို့ ဆိုပါတယ်။

၎င်းကတ်ပြားနဲ့ပဲ ၂၀၀၈ခုနှစ်မေလက ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေ အတည်ပြုမဲပေးတဲ့ နေရာမှာ မဲပေးခဲ့တယ်လို့ သူက ဆက်ပြောတယ်။

မြန်မာ စစ်အစိုးရအနေနဲ့ ဘင်္ဂါလီလူမျိုး တွေကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုဘဲ ယာယီနေထိုင်ခွင့် ကတ်ပြားနဲ့ အခြေခံ ဥပဒေ အတည်ပြု ထောက်ခံပွဲမှာ မဲထည့်ခွင့် ပေးခဲ့ခြင်းဟာ ယနေ့အချိန်မှာ ရိုဟင်ဂျာလို့ လူသိများတဲ့ ဘင်္ဂါလီတွေကို လိုရင်လိုသလို အသုံးချသလို ဖြစ်နေတယ်လို့ စစ်တွေမြို့က ရခိုင်အမျိုးသားတွေက ပြောကြတယ်။ ဒါကိုကြည့်ရင် နအဖ စစ်အစိုးရဟာ နိုင်ငံရေး အကျိုးအမြတ်အတွက် ရိုဟင်ဂျာတွေကို လိုတဲ့အခါ အသုံးချပြီး လှေစီးပြေး ဒုက္ခသည် အဖြစ်နဲ့ကမ္ဘာ့ အလယ်မှာ ပေါ်လာတဲ့အခါ ရေငုံနှုတ်ပိတ်နေတဲ့ သဘောထားကို တွေ့မြင်နိုင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်ခဲ့စဉ်ကလည်း မောင်တောနဲ့ ဘူးသီတောင် မဲဆန္ဒနယ်မြေတွေမှာ ဘင်္ဂါလီ မွတ်စလင်ပါတီ တစ်ခုက NLD ပါတီနဲ့ တစည ပါတီတွေကို ကျော်လွန်ပြီး အမတ် လေးနေရာ ရရှိခဲ့ပါတယ်။

သည်လိုရရှိခြင်းဟာ အဲဒီဒေသတွေမှာ နေထိုင်သူအများစုဟာ ဘင်္ဂါလီ မွတ်စလင်တွေ ဖြစ်တာကြောင့်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ ရခိုင်အမျိုးသားကျောင်းဆရာအငြိမ်းစားတစ်ဦးကပြောတယ်။

မောင်တောမြို့လူဦးရေရဲ့ ၉၃ % ဟာ ဘင်္ဂါလီ မွတ်စလင်တွေဖြစ်ပြီး ကျန်တဲ့ရာခိုင်နှုန်းကသာ ရခိုင်နဲ့ အခြားတိုင်းရင်း သား တွေ ဖြစ်တယ်လို့ သိရတယ်။

ဦးနုအစိုးရနှင့် ရိုဟင်ဂျာအသံ

ဦးနုအစိုးရခေတ် (၁၉၅၆) တုန်းကလည်း ပါတီမဲရရေးအတွက် ရိုဟင်ဂျာလို့ လူသိများတဲ့ မြန်မာအစိုးရက ဘင်္ဂါလီလူမျိုး တွေသာဖြစ်တယ် လို့ ခေါ်ဆိုတဲ့ မောင်တော၊ ဘူးသီးတောင် တ၀ိုက်က မွတ်စလင်ဘာသာဝင် လူမျိုးတွေကို မဲဆွယ် စည်းရုံးတဲ့အနေနဲ့ ရိုဟင်ဂျာအသံ လို့ ခေါင်းစဉ်တပ်ပြီး ရေဒီယို အသံလွှင့် အစီအစဉ်တွေကို သုံးလခန့် ထုတ်လွှင့် ပေးခဲ့တယ် လို့သိရတယ်။

၁၉၅၆ ရွေးကောက်ပွဲမှာလည်း မဲထည့်ခွင့်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ ရတဲ့အခွင့်အရေးတွေကို ပေးခဲ့ပေမယ့် နိုင်ငံသားအဖြစ်တော့ အသိအမှတ်မပြုခဲ့ပါဘူး။ ၄င်းလူမျိုးတွေထဲက သြဇာရှိပြီး ကြွယ်ဝချမ်းသာတဲ့ စူလတန်မာမွတ် ဆိုသူကိုလည်း ကျန်းမာရေးဝန်ကြီး ခန့်အပ်ခဲ့တယ်။

ရိုဟင်ဂျာလို့ လူသိများတဲ့ ဘင်္ဂါလီတွေကို မဲထည့်ခွင့် ပေးခြင်းအားဖြင့် ၄င်းတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရရေးအတွက် မျှော်လင့်ချက် ပေးသလိုဖြစ်ပြီး တွန်းအားပေးသလို ဖြစ်တယ်လို့ ရခိုင်အမျိုးသားအချို့က သုံးသပ် ပါတယ်။

သမိုင်းများစွာ ရိုဟင်ဂျာ

၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ လှေစီးခရီးသည်တွေလို့ လူသိများလာတဲ့ မွတ်စလင်ဘာသာဝင် လူမျိုးတွေဟာ မြန်မာ နိုင်ငံကနေ လှေနဲ့ ပင်လယ်ပြင်ကိုဖြတ်ပြီး ပိုမို ကောင်းမွန်တဲ့ ဘ၀နဲ့ အလုပ်အကိုင်ရ ရှိရေးအတွက် ထွက်ခွာလာကြတာ ဖြစ်ပြီး ၄င်းတို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာလူမျိုးတွေသာ ဖြစ်တယ်လို့ ဆိုကြတယ်။

မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံမှာတရားဝင်ရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာ လူမျိုးမပါရှိကြောင်း ပြန်လည်ပြောဆိုခဲ့တယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ခိုင်ခိုင် လုံလုံ ပြသနိုင်ရင် ပြန်လည်လက်ခံမယ်လို့လည်း ပြောဆိုခဲ့တယ်။

ရိုဟင်ဂျာလို့လူသိများတဲ့ မြန်မာစစ်အစိုးရက ဘင်္ဂါလီလူမျိုးတွေသာ ဖြစ်တယ်လို့ ပြောဆိုတဲ့ မွတ်စလင်ပညာတတ် အသိုင်းအ၀ိုင်းက ပညာရှင်တွေက ၁၆ ရာစုနဲ့ ၁၇ ရာစုကတည်းက ရိုဟင်ဂျာလူမျိုးတွေ မြန်မာနိုင်ငံမှာ အခြေချ နေထိုင်တာ ဖြစ်တယ်လို့ ဆိုကြတယ်။

၎င်းအချိန်က အာရပ်ကုန်သည်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းကို ရောက်ရှိလာပြီး တဖြည်းဖြည်း တိုးတက် များပြားလာခဲ့တာ ယနေ့အချိန်မှာ ရိုဟင်ဂျာလူမျိုး သုံးသန်းခန့် ရှိနေပြီလို့ ဆိုကြပါတယ်။

မြန်မာပြည်တွင်းမှာ ၁.၅ သန်းခန့်ရှိပြီး ပြည်ပ နိုင်ငံတွေ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ ထိုင်း၊ မလေးရှားနဲ့ ဥရောပ၊ ဂျပန်နဲ့ သြစတေးလျ နိုင်ငံတွေမှာလည်း အနည်းငယ်စီ နေထိုင်ကြတယ် လို့ဆိုပါတယ်။

မောင်တော နဲ့စစ်တွေမြို့ခံ ရခိုင်အမျိုးသားအချို့က “ရိုဟင်ဂျာ”ဆိုတာ “ရွင့်ကြာ” ဆိုတဲ့ စကားကနေ ဆင်းသက် လာတာ ဖြစ်ပြီး ရခိုင်ဘက်ကမ်းမှာ အခြေချနေထိုင်တဲ့ သူတွေလို့ အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။ “ရွင့်မလုပ်” ဆိုတာရခိုင်ဒေသ ကိုခေါ်ဆိုတာဖြစ်ပြီး “ကြာ” ဆိုတာ “အရပ်ဒေသသား” လို့ ခေါ်ဆိုတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဥပမာ - “ရန်ကုန်သား”ဆိုရင် “ရန်ကုန်ကြာ”၊ “အညာသား” ဆိုရင် “အညာကြာ”။

ဗြိတိသျှခေတ်

၁၈၂၄ ခုနှစ်မှာ မြန်မာနိုင်ငံ အနောက်ပိုင်းကို ဗြိတိသျှတွေ သိမ်းပိုက်ပြီး အိန္ဒိယနိုင်ငံဘုရင်ခံချုပ်အောက်ကို သွင်းလိုက်တဲ့အခါ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ အဆီးအတားမရှိ ၀င်ထွက် သွားလာခွင့် ရှိလာတယ်။

ရခိုင်ဒေသဟာ မြေဆီသြဇာ ကောင်းပြီး စပါးစိုက်ပျိုးတဲ့ဒေသဖြစ်တာကြောင့် ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း၊ အထူးသဖြင့် စစ်တကောင်းနယ် တောင်ပိုင်းမှာ နေထိုင်တဲ့ ဘင်္ဂါလီ လူမျိုးတွေကို လယ်ကူလီအဖြစ် စေခိုင်းဖို့ ဗြိတိသျှတွေက ခေါ်ဆောင်လာခဲ့တယ်။ အဲသည့်အချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မပေါ်ပေါက်သေးပါဘူး။

အဲသည့်အချိန် မတိုင်မီကလည်း ရခိုင်ဒေသကို ဘင်္ဂါလီလူမျိုးတွေ ၀င်ထွက်သွားလာရှိခဲ့တယ်။ အင်္ဂလိပ် အစိုးရခေတ်မှာ ရခိုင်ဒေသဟာ ဘင်္ဂါလီလူမျိုးတွေအတွက် အလုပ်အကိုင် ပေါများပြီး စားဝတ်နေရေး အဆင်ပြေတာကြောင့် အခြေချနေထိုင်လာခဲ့ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးတွေက ရခိုင်ဘက်ကမ်းမှာ အလုပ်လုပ်ပြီး နေထိုင်တဲ့သူတွေကို ရခိုင်သား (ရွင့်ကြာ) လို့ခေါ်ဆိုတာကနေ အခုနောက်ပိုင်းမှာ ရိုဟင်ဂျာ ဖြစ်လာတယ်လို့ ရခိုင်အမျိုးသားအချို့ကပြောကြပါတယ်။

ဘင်္ဂါလီစကား နှင့် အင်္ဂလိပ်ဘာသာစကားကို ပိုင်နိုင်စွာ ပြောဆိုနိုင်တဲ့ စစ်တွေမြို့ခံ အသက် ၆၄ နှစ် ရှိ ရခိုင်အမျိုးသားတစ်ဦးက “ ၇၈ နဂါးမင်း စစ်ဆင်ရေး စတင်တဲ့အချိန်မှာ ရိုဟင်ဂျာ လူမျိုးဆိုတာ စပြီးပေါ်လာတာပဲ” လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

စစ်တွေမြို့မှ အသက် ၄၉ နှစ်အရွယ် ပန်းချီဆရာတစ်ဦးကလည်း “ရိုဟင်ဂျာဆိုတာ ကျွန်တော် ၇ တန်း ၈ တန်းရောက်မှ ကြားဖူးတာ။ သုံးလေးတန်းလောက်တုန်းကတော့ မူဂျာဟစ် သောင်းကျန်းသူတွေ ၀င်တိုက်တာ ကြားဖူးတယ်” လို့ ပြောပါတယ်။

မောင်တောမြို့ခံ အသက် ၆၀ ၀န်းကျင် မွတ်စလင်ဘာသာဝင် တစ်ဦးက“ သမိုင်းကြောင်းတွေကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့ ဒီမှာရှိနေခဲ့တယ် ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ သမိုင်း အထောက်အထား တွေဖတ်ကြည့်ရင်သိနိုင်ပါတယ်” လို့ ပြောတယ်။ တစ်ချို့စကားတွေကို သူက အင်္ဂလိပ် ဘာသာစကားနဲ့ ပိုင်ပိုင်နိုင်နိုင် ပြောတယ်။

“ဒါပေမယ့် အခုချိန်မှာ အများစုက စာမတတ်သူတွေ ဖြစ်နေ ကြတယ်” လို့သူက ဆက်ပြောတယ်။

မောင်တောမြို့ပေါ်က ဆိုက်ကားနင်းသူအများစုဟာ ဘင်္ဂါလီတွေပဲဖြစ်ပြီး တစ်ချို့က မြန်မာ စကားကို ကောင်းကောင်း နားမလည်တာ တွေ့ရတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်တဲ့သူ အများစုကလည်း သူတို့တွေပဲ ဆိုတာ တွေ့ရတယ်။

မောင်တောဒေသခံ ရခိုင်အများစုကလည်း ရခိုင်တွေဟာသည်ဒေသရဲ့ မူရင်းလူမျိုးဖြစ်တာကြောင့် ဘင်္ဂါလီ တွေထက် မြင့်မြတ်တယ်လို့ ခံယူထားကြတာတွေ့ရတယ်။ ရခိုင်တွေက သူတို့ကို ခိုင်းစေတဲ့အခါ ဘင်္ဂါလီ လို ပြောဆိုခိုင်းစေတာလည်း တွေ့ရတယ်။

အုပ်ချုပ်ခံနှင့် အုပ်ချုပ်သူ

စစ်တွေမြို့မှာနေထိုင်တဲ့ အသက် ၆၄ နှစ်ရှိ မောင်တော ဇာတိသား ရခိုင်အမျိုးသား တစ်ဦးက လက်ရှိ အခြေအနေကို အခုလိုသုံးသပ်ပါတယ်။

“ဦးနုခေတ်တုန်းကလည်း သူ့ပါတီ အာဏာရရေးအတွက် ဘင်္ဂါလီတွေကို အသုံးချခဲ့တာပဲ။ ထိပ်ပိုင်း အုပ်ချုပ်သူတွေကတော့ ရခိုင်ရော ကုလားရော အုပ်ချုပ်ခံတွေလို့ပဲ မြင်ပြီး အုပ်ချုပ်တာပါ။ ကုလားသုံးချက် ထိရင်တော့ ရခိုင်လည်း နှစ်ချက်တော့ ထိမှာပဲ။ နှစ်ကောင်စလုံးကတော့ မျောက်ပါပဲ”

ရန်ကုန်မြို့မှာ နေထိုင်တဲ့ မောင်တောဇာတိ ရခိုင်အမျိုးသား စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း “တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးပြီး တစ်ဦးရပ်တည်မှုကို တစ်ဦးက လေးစားနိုင်ရမယ်။ နိုင်ငံသားဖြစ်မှု မဖြစ်မှုက ပြဌာန်းထားတဲ့ ဥပဒေရှိတယ်။ ဒါကို ဖြေရှင်းဖို့က အစိုးရမှာ အဓိက တာဝန်ရှိပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

မောင်တောမြို့ခံ အသက် ၆၀ ၀န်းကျင် မွတ်စလင်ဘာသာဝင်တစ်ဦးကလည်း “ ရိုဟင်ဂျာလို့ပဲခေါ်ခေါ် ၊ ဘင်္ဂါလီ လို့ပဲခေါ်ခေါ် ဒါတွေက Terminology တွေပါပဲ။ အဓိက လိုအပ်နေတာက Status တစ်ခုရဖို့ပါပဲ” လို့ လက်ရှိ အနေအထားကို သုံးသပ်ပါတယ်။

လောလောဆယ်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံသားအဖြစ် အသိမှတ်မခံရတဲ့ ဘင်္ဂါလီ မွတ်စလင်တွေ အနေနဲ့ မဲပေးခွင့်ရှိ မရှိဆိုတာ မသေချာသေးဘူးလို့ ဆိုကြပါတယ်။

“ကျွန်တော်တို့ကို မဲပေးဆိုရင်တော့ ပေးရမှာပေါ့။ မပေးရဘူးဆိုရင်လည်း မပေးရုံပေါ့” မောင်ဖြူက လေသံ ပျော့ပျော့နဲ့ ပြောတယ်။ “ကျွန်တော်တို့က ဘာတတ်နိုင်မှာလည်း” လို့ သူက ဆက်ပြောတယ်။

Comments