ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၁၀)
‘၁၉၆ဝ ပါလီမန်ရွေးကောက်ပွဲနှင့် ကျောင်းသားသမဂ္ဂ’
အောင်ဝေး
မတ် ၂၁၊ ၂၀၀၉
‘၁၉၆ဝ ပါလီမန်ရွေးကောက်ပွဲနှင့် ကျောင်းသားသမဂ္ဂ’
အောင်ဝေး
မတ် ၂၁၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCYtN3dJpD04dY5qe9NH-X8cUa6nkO2EKNLPs8u0unAF5jSQ6uFUtcpl4kUvy0KlQAzOxk5FuzYrzKAOxEHwbxrDBuDmkvW3-w8dBsheOY9HrgpITRtf2svy0qXEP-XXkgHHYLM9rYfKU/s400/55.jpg)
ကျော်ကိုကို (ပန်းချီ - မင်းကျော်ခိုင်)
၁၉၅၈ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရ တက်လာပြီးတဲ့ နောက်မှာ ဒီစစ်အစိုးရဟာ ဥပဒေတွင်း ဒီမိုကရေစီ နိုင်ငံရေး အင်အားစုနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အတင်းအဓမ္မ ဖိနှိပ် ချုပ်ချယ်လာပါတယ်။
လွတ်ရေးရပြီးခေတ် ကျောင်းသားသမဂ္ဂ နဲ့ ကျောင်းသား လှုပ်ရှားမှုများရဲ့ သမိုင်းဟာ ကိုလိုနီခေတ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုတွေရဲ့ အဆက်ဖြစ်တယ်။ ကိုလိုနီခေတ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုတွေရဲ့ နိုင်ငံရေး အစဉ်အလာကို ဆက်ခံတဲ့ ကိုယ်စားပြုတဲ့ သမိုင်း။
၁၉၆ဝ လောက် အထိ ရောက်လာတဲ့ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုများရဲ့ သမိုင်းဟာ တကယ်တော့ နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီလက်သစ် လက်ဟောင်း ဆန့်ကျင်ရေး၊ အမျိုးသား ညီညွတ်ရေးနဲ့ လွတ်လပ်ရေး ထိန်းသိမ်းရေး အတွက် ပြည်သူလူထုနဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ သမိုင်းလို့ ဆိုရမယ်။
ဒါ့အပြင် ကမ္ဘာစစ်ဆန့်ကျင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ပြည်သူလူထုနဲ့ အတူတိုက်ပွဲဝင်ခဲ့တာဟာလည်း ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုများရဲ့ အရေးကြီးတဲ့သမိုင်းပါပဲ။
ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုများရဲ့ ရေခံမြေခံဟာ (၁) ကျောင်းသားထုရဲ့ ပညာသင်ကြားရေး ဘဝနဲ့ (၂) မိဘပြည်သူတွေရဲ့ စားဝတ်နေမှု ဘဝတွေကနေ သန္ဓေတည် ပေါက်ဖွားလာတာ ဖြစ်တယ်။
လွတ်လပ်ရေး ရပြီးတဲ့နောက် ဖဆပလအစိုးရ၊ စစ်အာဏာသိမ်း အိမ်စောင့်အစိုးရတွေဟာ ပညာရေးစနစ် တိုးတက်အောင် လုပ်ဆောင်မပေးနိုင်ခဲ့ပါဘူး။ ကျောင်းသားသမဂ္ဂဟာ ကမောက်ကမ ပညာရေးစနစ်ကို ဖျက်သိမ်းပြီး ပထမအနေနဲ့ အမျိုးသား လက္ခဏာဆောင်တဲ့ ဝိဇ္ဇာနည်းကျတဲ့၊ ခေတ်မီ လူကြိုက်များတဲ့ ပညာရေးစနစ် တည်ဆောက်ရေး၊ ဒုတိယအနေနဲ့ ကျောင်းသားထုကြီးရဲ့ ပညာသင်ကြားမှုနဲ့ နေထိုင်မှု အခြေအနေ တိုးတက်ကောင်းမွန်ရေး၊ ဒါတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။
ပညာသင်ကြားရေး ဘဝနဲ့ တဖက်တည်းမှာပဲ မိဘပြည်သူတွေရဲ့ စားဝတ်နေရေမှု ဘဝတွေဟာ ကျောင်းသားတွေဟာ ကျောင်းသားတွေအပေါ် ရိုက်ခတ်စမြဲပါ။ တနည်းအားဖြင့် ခေတ်ပြိုင် ပြည်တွင်း ပြည်ပ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကို ကျောင်းသား သမဂ္ဂဟာ ကျော်လွှား သွားလို့ မရပါဘူး။
ဒါကြောင့်ပဲ ကျောင်းသား သမဂ္ဂဟာ မြန်မာ့နိုင်ငံရေး၊ မြန်မာ့လူထု တိုက်ပွဲတွေမှာ တပ်ဦးက ခေါင်းဆောင်ခဲ့တဲ့အခါ ခေါင်းဆောင်ခဲ့တယ်။ ရင်ပေါင်တန်း လိုက်သင့်တဲ့အခါ လိုက်ခဲ့တယ်။ နောက်က ထက်ကြပ်မကွာ လိုက်ရမယ့်အခါ တသဝေ မတိမ်း လိုက်ခဲ့တယ်။
၁၉၅၈ ဗိုလ်ချုပ်နေဝင်း စစ်တပ်က ဖဆပလ အစိုးရလက်ထဲကနေ ပထမ အကြိမ် စစ်အာဏာ သိမ်းတာကို ပထမဆုံး အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့တာဟာ ကျောင်းသားသမဂ္ဂပါပဲ။
၁၉၆ဝ ဖေဖော်ဝါရီ၊ ပထမပတ်ထဲမှာတော့ အာဏာသိမ်းစစ်အစိုးရက ပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပါတယ်။ ဒီရွေးကောက်ပွဲဟာ ကြီးမား ပြင်းထန်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်။
ဒီရွေးကောက်ပွဲမှာ ဦးနု ဦးဆောင်တဲ့ ပြည်ထောင်စုပါတီက အနိုင်ရရှိသွားပါတယ်။ ဦးနု ဝန်ကြီးချုပ် လုပ်ပြီး ‘ပထစ’ အစိုးရ ဖွဲ့ပါတယ်။ ကျောင်းသားသမဂ္ဂဟာ ဝန်ကြီးချုပ်ဦးနုရဲ့ ပထစအစိုးရကို ကြိုဆို ထောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ ပထစ အစိုးရဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အရှိန်အာဏာနဲ့ ကျောင်းသားသမဂ္ဂရဲ့ လုပ်ပိုင်ခွင့်တွေကို ဝင်ရောက်စွက်ဖက် ချယ်လှယ်လာပါတော့တယ်။ ကျောင်းသားတွေက သူတို့ ထောက်ခံထားတဲ့ ပထစ အစိုးရနဲ့ ကျောင်းသားထုအကြား နားလည်မှု၊ အထင်အမြင် လွဲမှားမှု မဖြစ်စေချင်လို့ ပထစအစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမဲ့ ပထစအစိုးရက နောက်ဆုတ်မပေးခဲ့ဘူး။
ပထစဟာ တက္ကသိုလ်ကောင်စီမှာ ပါဝင်ခွင့်ရှိတဲ့ ကျောင်းသားကိုယ်စားလှယ် (၂)ဦးနေရာ ရွေးချယ်တဲ့ ကိစ္စမှာ ကျောင်းသားသမဂ္ဂက အဆိုပြုတဲ့ ကျောင်းသား (၂) ဦးနဲ့ အပြိုင် ပထစ ကိုယ်စားလှယ် (၂)ဦးကို ဝင်ရောက် ယှဉ်ပြိုင်စေခဲ့တော့တာပါပဲ။
ဒါပေမဲ့ ဒီရွေးချယ်ပွဲမှာ ပထစက အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်တွေ ရှုံးနိမ့်ပြီး ကျောင်းသားသမဂ္ဂရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရခဲ့တယ်။ ပထစ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု မအောင်မြင်ခဲ့ဘူး။
ဒီ ၁၉၆ဝ ပြည့်နှစ်အတွင်းမှာပဲ ပြည်နယ် အသီးသီး က တိုင်းရင်းသား လူမျိုးပေါင်းစုံ ကျောင်းသား အများကို ကိုယ်စားပြုတဲ့ ‘လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ်’ ကို ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။
ဒီအတောတွင်းမှာ ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲပြီး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ရှမ်းတိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေရဲ့ ‘ရှမ်းမူ’ ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ)နဲ့ လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ်တို့ ကြားမှာ အကြေအလည် ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာပါတယ်။
ဒီကာလမှာပဲ ပထစ အစိုးရ ပညာရေးဝန်ကြီးဌာနက ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း စနစ်နဲ့ (၉)တန်း (၁ဝ)တန်း တန်းခွဲ – တန်းချ အမိန့်တွေကို ထုတ်ပြန်လိုက်တဲ့ အခါ ကျောင်းသားသမဂ္ဂများက ဦးဆောင်ပြီး တပြည်လုံးမှာ တခဲနက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရဘက်က အလျှော့မပေးခဲ့ပါဘူး။
၁၉၆ဝ နှစ်ကုန်လောက်မှာ ကူမင်တန် တရုတ်ဖြူတွေရဲ့ နောက်ဆုံးအကြိမ် ကျူးကျော် ဝင်ရောက်တဲ့အမှု ပေါ်ပေါက်လာခဲ့ပါတယ်။ ဥပဒေတွင်း ဒီမိုကရေစီအင်အားစုများနဲ့ ကျောင်းသားသမဂ္ဂတို့က တရုတ်ဖြူ ကျူးကျော်မှုနဲ့ နယ်ချဲ့ ဆန့်ကျင်ရေး ကော်မတီဖွဲ့ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ ပထစ အစိုးရက ဒီဆန္ဒပြပွဲတွေကို မီးသတ်ပိုက်၊ မျက်ရည်ယို ဗုံးတွေနဲ့ သာမက သေနတ်နဲ့ပါ ပစ်ခတ် ဖြိုခွဲလို့ ရဟန်းငယ်တပါး ပျံလွန်တော်မူခဲ့ရပါတယ်။
အဲဒီလို နိုင်ငံရေး နောက်ခံကားချပ်မှာပဲ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ABFSU) ရဲ့ (၆)ကြိမ်မြောက် ဆဋ္ဌမ ကွန်ဂရက်ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီကွန်ဂရက်က ဗကသများအဖွဲ့ ချုပ်(ABFSU) ကို မြန်မာနိုင်ငံရဲ့ ‘အမျိုးသား ကျောင်းသားများ သမဂ္ဂ’ National Union of Students (NUS) အဖြစ် ဆုံးဖြတ် သတ်မှတ်ခဲ့တယ်။
ရုပ်ရှင်မင်းသားကြီး မြတ်လေးနဲ့ စန္ဒရား ချစ်ဆွေတို့ ကေသီပန် တီးဝိုင်းက ရေစပ် သီကုံးပေးတဲ့ လက်ရှိ ဗကသ များအဖွဲ့ချုပ် သီချင်းကို အတည်ပြုခဲ့တယ်။
အဲဒီသီချင်းက မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုကို ကိုယ်စားပြုနေတဲ့ ဗကသများ အဖွဲ့ချုပ်ဟာ နိုင်ငံတကာကျောင်းသားများသမဂ္ဂ International Union of Students (IUS) အမှုဆောင်ကော်မတီမှာ ဒုတိယ ဥက္ကဋ္ဌနေရာ ပေးအပ်ခြင်း ခံရတဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။
ဒီနေ့လက်ရှိ နအဖ စစ်အုပ်စု လက်အောက်မှာ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ထောင်ဒဏ် (၁ဝ၄) နှစ်ချခံထားရတဲ့ အထက်ဗမာပြည် ဗကသ ကျောင်းသား ကိုဗိုလ်မင်းယုကို တို့ ၊ ကိုကျော်ကိုကိုတို့ မျိုးဆက် အဆက်ဆက်ဟာ ဗကသရဲ့ ဒီ တိုးတက် တော်လှန်တဲ့ အစဉ်အလာကို မမှိတ်မသုန် ဆက်ခံခဲ့ကြတာပဲ မဟုတ်လား။
သူတို့အားလုံးကို အလေးပြုလိုက်ပါတယ်။ ။
[ မူရင်း - လွတ်လပ်သည့်အာရှအသံ www.rfa.org/burmese ]
Comments