ဒေါ်အောင်ဆန်းစုကြည်နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း - အပိုင်း (၈)
မတ်လ ၂၁၊ ၂၀၀၉
"- - - - မိသားစု လာရောက် လည်ပတ်တာကို အခွင့်အရေးတရပ် ပေးနေတဲ့ သဘောမျိုး ပြောလာပါတယ်။ တကယ်တော့ ကျမကို ထိန်းသိမ်းထားတဲ့ သူတို့ရဲ့ ဥပဒေအရကိုက ကျမဆီ မိသားစု လာရောက် လည်ပတ်ခွင့် ရှိထားပါတယ် - - - - "

မစ္စတာရှယ်နွန်။ ။ ခင်ဗျားရဲ့ဖခင်ကို ခင်ဗျားရဲ့ရှေ့ဆောင်လမ်းပြ အဖြစ် မြင်သလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ဖေဖေ့ကို ကျမ မကြာခဏ သတိရ အောက်မေ့ပါတယ်။ ဒီနံရံမှာ ချိတ်ထားတဲ့ ဖေဖေ့ပုံ အကြီးကြီးဟာ ရွှေတိဂုံဘုရား ကုန်းတော်မှာ ကျမ လူထုရှေ့မှောက် စကား ပြောခဲ့တုန်းက ချိတ်ပြထားတဲ့ ပုံကြီးပါပဲ။ ဖေဖေက လူရည်မွန် လူကောင်းတဦး ဖြစ်တယ်၊ လူသားဆန်တယ်။ အေးစက်တဲ့ ကျောက်ဆစ်ထု သူရဲကောင်းကြီးတဦးလို မဟုတ်ဘူးလို့ ကျမ ထင်ပါတယ်။
တခါတခါ ကျမတယောက်တည်း (ဖေဖေ့ပုံကြီးကို ကြည့်ပြီး) ရေရွတ်မိပါတယ်။ “ဖေဖေနဲ့ ကျမပဲနော်” လို့။
မစ္စတာရှယ်နွန်။ ။ ခုလိုတဦးတည်း အထိန်းသိမ်းခံဘဝမှာ အဆိုးဆုံးခံစားရတာက ဘာများဖြစ်မလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ အထီးကျန်နေ နေရတာက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျမအနေနဲ့ တခြားလူတွေအတွက်တော့ ပူပန်မိပါတယ်။
မစ္စတာရှယ်နွန်။ ။ ရဟန်းသံဃာတွေနဲ့ရော ခင်ဗျား တွေ့နိုင် ဆုံနိုင်ရဲ့လား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကို စပြီး ဖမ်းတုန်းက ဘုန်းတော်ကြီးတွေကို ဆွမ်းကပ်ခွင့် မရခဲ့ဘူး။ ကျမ မေမေ ရှိစဉ်ကတည်းက ဖေဖေ ကျဆုံးခဲ့တဲ့ ဇူလိုင် (၁၉) ရက်နေ့တိုင်း ဆွမ်းကပ်ပါတယ်။ ကျမအနေနဲ့လည်း အဲဒီအစဉ်အလာကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျမ မေမေ ဆုံးတဲ့ နှစ်ပတ်လည် ဒီဇင်ဘာလမှာလည်း ဆွမ်းကပ်ချင်ပေမယ့် ကျမ အခွင့် အရေး မရခဲ့ဘူး။ ဒီတော့ ကျမနဲ့ အတူရှိခဲ့တဲ့ ကျမအဒေါ်ကပဲ ၁၉၈၉ ဒီဇင်ဘာလမှာ တခါ၊ ၁၉၉ဝ ဇူလိုင်လမှာ တခါ ကျမကိုယ်စား ဆွမ်းကပ်ပေးတယ်။ ဒီနောက်ပိုင်းတော့ ကျမ နောက်ထပ်ခွင့် မတောင်းတော့ပါဘူး။ နဝတကတော့ ဒီကိစ္စတွေကို ဝါဒဖြန့်ချိဖို့အတွက် အသုံးချခဲ့ပါတယ်။ ဒါကြောင့် အခုတော့ ကျမ ဘာကိုမှ မတောင်းတော့ပါဘူး။
ကျမရဲ့ မိသားစု လာပြီး လည်ပတ်တဲ့ ကိစ္စတွေမှာလည်း အလားတူပါပဲ။ နဝတက ဒီလို မိသားစု လာရောက် လည်ပတ်တာကို အခွင့်အရေးတရပ် ပေးနေတဲ့ သဘောမျိုး ပြောလာပါတယ်။ တကယ်တော့ ကျမကို ထိန်းသိမ်းထားတဲ့ သူတို့ရဲ့ ဥပဒေအရကိုက ကျမဆီ မိသားစု လာရောက် လည်ပတ်ခွင့် ရှိထားပါတယ်။ ကျမဟာ သံတမန်အဖွဲ့တွေ၊ နိုင်ငံရေးသမားတွေနဲ့ပဲ တွေ့ပိုင်ခွင့် မရှိတာပါ။ ကျမရဲ့ အခွင့်အရေးတွေအပေါ် အခြေခံလို့သာ ကျမမိသားစုရဲ့ အလည်အပတ် လာရောက်တာကို ကျမ သဘောတူ လက်ခံနေတာ ဖြစ်ပါတယ်။
မစ္စတာရှယ်နွန်။ ။ ခင်ဗျား အိမ်ရှေ့မှာ ထားရှိခဲ့တဲ့ အစောင့်တပ်သားတွေ ဖယ်ရှားခဲ့တာနဲ့ ပတ်သက်ပြီးကော ဘယ်လို သဘောရှိသလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ သူတို့အားလုံး တဘက်ခြံ နဲ့ ဒီခြံဝင်း နောက်ဖေးဘက်ကို ရွှေ့ထားလိုက်တာပါ။ သူတို့ အားလုံး ဘယ်လောက်များ ရှိတယ်ဆိုတာတောင် ကျမ မသိပါဘူး။
မစ္စတာရစ်ချဒ်ဆန်။ ။ တဘက်ခြံထဲမှာ ရုရှားသံအမတ်ကြီးနေတုန်းက ခရစ္စမတ် ဓမ္မတေး ဆိုသူတွေကို ခေါ်ပြီး ခင်ဗျားအတွက် ကောင်းချီးပြု အားပေး သီဆိုခဲ့တယ်လို့ ကျနော်တို့ နားလည်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမအတွက် အားပေး သီဆိုတယ်ဆိုတာတော့ ကျမ မသိပါဘူး။
မစ္စတာရှယ်နွန်။ ။ ခြံထဲကနေအပြင်ကို ထွက်ခွာခွင့်ကော ခင်ဗျားရခဲ့ဖူးသလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ လိုအပ်တဲ့ အခါကျရင် ကျမအတွက် ဆရာဝန်တဦး သူတို့ ခေါ်လာပါတယ်။ မကြာခင် ကျမ ဆေးစစ် စမ်းသပ်မှုတခု ပြုလုပ်စရာ ရှိပါသေးတယ်။
မစ္စတာရှယ်နွန် (NYT)။ ။ ခင်ဗျား အစာငတ်ခံ ဆန္ဒပြခဲ့တယ် ဆိုတဲ့ သတင်းများနဲ့ ပတ်သက်ပြီးကော ဘာများ ပြောစရာရှိပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ တခါတခါ ဘာမှ စားစရာမရှိတဲ့အခါ ဘာမှ မစားဘဲ နေပါတယ်။ တချိန်မှာ ကျမရဲ့ ခွင့်ပြုချက် မရဘဲနဲ့ သူတို့ အိမ်ထဲကို ဝင်လာတယ်။ အဲဒီအခါမှာ ကျမ ဘယ်သူ့ကိုမှ အိမ်ထဲ ပေးမဝင်တော့ဘဲ သော့ခတ်ထားလိုက်တယ်။ ကျမ အိမ်ဖော်မလေး မာရီယာကိုပါ ပေးမဝင်ဘဲ ပိတ်ထားလိုက်တယ်။ သူ့တို့က တံခါးသော့တွေကို ချိုးပစ်တယ်။ နောက်တော့ သူတို့ အဲဒီလို ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ကျမ ခေါ်မှပဲ သူတို့ အထဲကို ဝင်ပါတော့တယ်။
တချိန်တခါမှာ ကျမ သုံးဖို့ ငွေပြတ်သွားပါတယ်။ ကျမမှာ အစကတော့ အိမ်မှာ ကျန်တဲ့ငွေပဲ ရှိပါတယ်။ နောက်တော့ ကျမရေချိုးကန် ဇလားတွေကို ရောင်းလိုက်တယ်။ နောက်ပြီး လေအေးစက်ကို ရောင်းလိုက်ပါတယ်။ ခုဆို အပေါ်ထပ်မှာ ပရိဘောဂ သိပ်မကျန်တော့ပါဘူး။ ရှင်တို့ လာလည်တုန်း သုံးဖို့ သူတို့က ဆက်တီပရိဘောဂတွေ ယူလာပေးတာပါ။ သူတို့ပဲ ကျမရဲ့ ပရိဘောဂတွေကို ရောင်းချပေးခဲ့ပါတယ်။ မနှစ်က နှစ်ကုန်ခါနီး (၁၉၉၃-ခုနှစ်အကုန်) ကျတော့ ပရိဘောဂတွေ ဆက်မရောင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ကျမဟာ လေးငါးပတ် အတွင်းမှာ အာဟာရဓာတ် အတော့်ကို ချို့တဲ့ သွားတယ်။ ကျမကို အစောင့်ချထားသူတွေနဲ့ ကျမကြား ပြဿနာ တက်နေတာကတော့ ၁၉၉၂ ခု နှစ်ကုန်လောက်ကနေ ၁၉၉၃-ခု မတ်လဆန်း အထိပဲ။ နောက်ပိုင်းကျတော့ ကျမတို့ သဘောတူညီချက် တရပ်ကို ဆွေးနွေးပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကျမကတော့ နဝတနဲ့ ပြုလုပ်ခဲ့တဲ့ သဘောတူညီချက် မှန်သမျှကို တခုမှ မဖောက်ဖျက်ခဲ့ဘူး။ သူတို့ဘက်ကတော့ ဒီလို မပြောနိုင်ပါဘူး။ တချိန်မှာ ကျမအားပြတ်သွားလိုက်တာ အိပ်ယာထဲကကို မထနိုင်ခဲ့ပါဘူး။ အခြေအနေ ဆိုးသလား မမေးပါနဲ့ရှင်၊ ဘယ်ဆရာဝန်မှ မလာဘူး။
မစ္စတာရှယ်နွန်(NYT)။ ။ တဦးတည်း ထိန်းသိမ်းခံရတဲ့ ဘဝမှာ အဆိုးဆုံး ခံစားရတာက ဘာလဲ။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမရဲ့လူတွေအတွက် စိုးရိမ်သောက ရောက်နေရတာပါပဲ။ ကျမဟာ ဘီဘီစီအင်္ဂလိပ် အစီအစဉ်ပိုင်း ကမ္ဘာ့ သတင်းတွေရော ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကိုပါ နားထောင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကိုရော၊ ဒီမိုကရက်တစ် မြန်မာ့အသံကိုပါ နာထောင်ပါတယ်။ သူတို့ ဒီအစီအစဉ် အသံလှိုင်းတွေကို ဖျက်တာတော့ သနားစရာပါပဲ။ ကျမကတော့ ကြားနေနိုင်သေးတာပဲ။ မစ္စတာရစ်ချဒ်ဆန်ရှင့် သူတို့ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကို မနှောက်ယှက်ဖို့ ကျေးဇူးပြုပြီး ပြောပေးပါ။
မစ္စတာရှယ်နွန်။ ။ ကျနော်တို့ ခုထိုင်နေကြတဲ့ စားပွဲက ခင်ဗျား ဖခင်ကြီးရှိစဉ်က စားပွဲလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ မဟုတ်ပါဘူး။ ဒီစားပွဲက နောက်ပိုင်းမှ ဝယ်ထားတာပါ။ ကျမတို့ NLD အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွေ လုပ်ခဲ့ဖူးတဲ့ စားပွဲပါ။ စားပွဲပေါ်မှာ ပျားသကာ (ပျော်ရွှင်မှုများ) နဲ့ ခါးတမာ (မျက်ရည်စက်များ) ရဲ့ သင်္ကေတ အမှတ်အသားတွေ ရှိနေပါတယ်။
မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားရဲ့ စန္ဒရားကရော။ ခင်ဗျားရဲ့ စန္ဒယားတီးသံ မကြားတော့တဲ့ အချိန်မှာ လူတွေက စိုးရိမ်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ စန္ဒရားကြီးက ကြိုးတွေက ပြတ်နေတယ်၊ အသံတွေကလည်း မမှန်တော့ဘူး။ ကျမရဲ့ အိမ်နီးနားချင်းတွေတော့ နားသက်သာသွားလိမ့်မယ် ထင်တယ်။ စန္ဒရားကြီးကိုတော့ မရောင်းပါဘူး။ ကျမအမေရဲ့ ပစ္စည်းလေ၊ စန္ဒယားကို ၁၉၉ဝ မှာ နောက်ဆုံး ကြိုးညှိထားတာပဲ။ ကျမတောင်းဆိုရင်တော့ စန္ဒရားကြီးကို ပြင်ပေးပါလိမ့်မယ်။ ဒါပေမယ့် ပြင်တဲ့ဆီအထိ သယ်သွားရမှာဆိုတော့ အတော့်ကို စရိတ်ကြီးမှာပဲ။ အဲဒါကို ပြင်ပေးဖို့တော့ ကျေးဇူးပြုပြီး မပြောပေးပါနဲ့ရှင်။
မစ္စတာရစ်ချဒ်ဆန်။ ။ အထက်လွှတ်တော်အမတ် သဒ်ကိုခရမ်း(Thad Cochran) ဟာ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ ကို ခေါင်းဆောင်ပြီး ဒီဇင်ဘာလ (၁၉၉၃-ခုနှစ်)က ဒီကို ရောက်ခဲ့ပါတယ်။ သူက ခင်ဗျားဆီကို စာတစောင် ပါးခိုင်းခဲ့တာကို ခင်ဗျားရရဲ့လား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမဘယ်တုန်းကမှ မရခဲ့ပါဘူး။ ဒီလို အကြောင်းတွေကြောင့် MI က တဆင့် ပို့မယ့်အစား (သူတို့ကို မိတ္တူ) ပေးပြီး ရှင့်ဆီရေးတဲ့ ကျမစာကိုလည်း မိုက်ကယ်လ်ဆီက တဆင့် ပို့ခိုင်းချင်တာပါပဲ။ ခပ်ထိန်းထိန်းလေး ပြောရမယ် ဆိုရင်တောင် သူတို့ဟာ ကျမနဲ့ ဆက်ဆံရေးမှာ ဖြောင့်မတ် မှန်မကန်မှု မရှိပါဘူး။ ကျမဘက်ကတော့ စောင့်စည်းပါတယ်။ အကယ်၍ ရှင့်ဆီ ကျမရေးတဲ့စာကို မိုက်ကယ်လ်ကတဆင့် ပို့ဖို့ သူတို့အနေနဲ့ သဘောမတူဘူး ဆိုရင်တောင် ကျမက စာကို သိုဝှက်ပြီး မိုက်ကယ်လ်နဲ့ တဆင့်ပေးဖို့ လုံးဝ စိတ်မကူးပါဘူး။
မစ္စဟာရာဟင်မ် (UNDP)။ ။ မနှစ်က ကျနော် နယူးယောက်ကို ရောက်တုန်း စာတမ်းတစောင် တွေ့တယ်။ အဲဒီစာတမ်း အရ ခင်ဗျားကို ကာတီနီ (အင်ဒိုနီးရှား အာဇာနည်မယ်) နဲ့ နိုင်းယှဉ်ထားပါတယ်။ စာတမ်းရေးသူ အနေနဲ့ကတော့ ခင်ဗျားတို့ နှစ်ယောက်စလုံးဟာ အမေရိကန် အမျိုးသမီးတွေရဲ့ မျှော်မှန်းချက် စံချိန်နီးပါး ရောက်ကြတယ်လို့ မှတ်တမ်းပြုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ UNDP က ထုတ်ဝေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြန်လည် သုံးသပ်ချက် အစီရင်ခံစာ မိတ္တူ တစောင်လောက် ရနိုင်ပါ့မလား။
မစ္စတာရာဟင်မ်(UNDP)။ ။ တကယ်တော့ အသစ်တစောင် နောက်ထပ် မထုတ်ဖြစ်သေးပါဘူး။ ဒါပေမယ့် စာရွက် စာတမ်းတချို့ စုစည်းပြီး ခင်ဗျားအတွက် ဝမ်းမြောက်စွာ ပို့ပေးနိုင်ပါတယ်။
မစ္စတာရှယ်နွန် (NYT)။ ။ ကျနော်တို့ ခင်ဗျားအိမ်ကို လှည့်ပတ်ပြီးကြည့်လို့ ရမလား။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမကို စောင်ကြပ်ဖို့ တာဝန်ကျနေတဲ့ ဗိုလ်မှူးကြီး သွေးတက်နေပါဦးမယ်ရှင်။

( စကားဝိုင်း အပိုင်း ၉၊ ၁၀ တို့ကို ဆက်လက် ဖတ်ရှုပါ။)
(ဘာသာပြန်သူ - တာရာဝေယံ)
(ဘာသာပြန်သူ - တာရာဝေယံ)
Comments