Suu and Bill Richardson talk ( 09


ဒေါ်အောင်ဆန်းစုကြည်နှင့် ဘီလ်ရစ်ချဒ်ဆန် စကားဝိုင်း - အပိုင်း (၉)
မတ်လ ၂၂၊ ၂၀၀၉

မစ္စတာရှယ်နွန် (NYT)။ ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာ အမှားအယွင်း လုပ်ခဲ့မိတာ ရှိသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အမှားမလုပ်ခဲ့ဖူးတဲ့ လှုပ်ရှားမှုမျိုး ရှိလိမ့်မယ်လို့ ကျမတော့ မထင်မိပါဘူး။

မစ္စတာရှယ်နွန်(NYT)။ ။ ခင်ဗျားရဲ့ ငွေရေး ကြေးရေး အခြေအနေကော ဘယ်လိုရှိသလဲလို့ ကျနော် မေးပိုင်ခွင့် ရှိလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ အခြေအနေ ကောင်းပါတယ်။ ကျမ စာအုပ်ရောင်းရငွေကနေ ရာခိုင်နှုန်း ခံစားခွင့် ရပါတယ်။ အဲဒီငွေတွေက နိုင်ငံခြားငွေနဲ့ ရတာမို့ ကျမ ဒီမှာ FEC နဲ့ ပြန်လဲခွင့် ရပါတယ်။ ကျမ အိမ်ဖော်မလေး မာရီယာက မွေးမြူရေးနဲ့ စိုက်ပျိုးရေးဌာနမှာ တဒေါ်လာ ကျပ် ကိုးဆယ်နှုန်းနဲ့ ဈေးဝယ်ခွင့် ရထားပါတယ်။ ကျပ်ငွေအနေနဲ့ ကျမ လိုချင်ရင်တော့ တဒေါ်လာ ခြောက်ကျပ်နှုန်းနဲ့ လဲပေးပါတယ်။ (အပြင်ပေါက်ဈေးမှာ တဒေါ်လာ ကျပ်တရာ့တဆယ်နှုန်း ရှိပါတယ်။) ကျမ ရှင်တို့ကို နေလယ်စာ ဖိတ်မကျွေးနိုင်တာ ဝမ်းနည်းပါတယ်။ ကျမမှာ လောလောဆယ် ကြက်ဥ ခြောက်လုံးပဲ အိမ်မှာ ရှိနေပါတယ်။ ဒါပေမယ့် – ဒါက ရှင်တို့ကို ကျွေးမွေးဖို့ မတတ်နိုင်လို့တော့ မဟုတ်ဘူးနော်။

မစ္စတာရှယ်နွန်။ ။ ခင်ဗျားအမေရဲ့ ပန်းဥယျာဉ်ကော ဘယ်လိုအခြေအနေရှိလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ မေမေရှိတုန်းက ပန်းပင်စိုက်တဲ့ နေ့စား အလုပ်သမားတွေ ရှိပါတယ်။ သူတို့ တယောက်ကို ကျပ် ၆၀ နှုန်းအပြင် ထမင်းနှစ်နပ်ပါ ကျွေးရတာမို့ ကျမအနေနဲ့ မတတ်နိုင်ပါဘူး။ သူတို့ (အစောင့်တပ်သား) တွေက ရှင်တို့လာမှာမို့ ခြံထဲ နည်းနည်း ရှင်းပေးထားပါတယ်။ အိမ်ထဲမှာလည်း တကယ်တော့ ဘာမှ သိပ်ကြည့်စရာ မရှိပါဘူး။ ဒီအထပ်မှာ ရှိတဲ့ တခြားအခန်းတွေမှာလည်း အသုံးမလိုတဲ့ ပစ္စည်းတွေ စုပုံထည့်ထားတာပါ။

မစ္စတာရှယ်နွန်။ ။ ခင်ဗျား အပြင်လောကနဲ့ အဆက်အသွယ် ဘယ်လို လုပ်သလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ မာရီယာက တနင်္လာနေ့ကနေ သောကြာနေ့အထိ အလုပ် လာလုပ်ပါတယ်။ ဈေးလည်း သူပဲဝယ်ပါတယ်။ အခြားအချိန်မှာတော့ ကျမမှာ ၁၉၉၂- ခုနှစ်ကတည်းက ဒီမှာ တာဝန်ကျနေတဲ့ တပ်မတော် ထောက်လှမ်းရေးက ဒု-ဗိုလ်မှူးကြီး တဦး ရှိပါတယ်။ သူပြောပြသမျှကို ကျမ မယုံဘူး ဆိုတာကိုလည်း သူသိပါတယ်။ ဒါပေမယ့် ကျမတို့ ဆက်ဆံရေး အဆင်ပြေပါတယ်။
မစ္စတာရှယ်နွန်။ ။ ခင်ဗျားကို စောင့်ကြပ်ရတဲ့ တပ်ကို မကြာခဏ ပြောင်းရွှေ့ ပစ်တယ်ဆိုတာ ဟုတ်သလား။ ခင်ဗျားစကားတွေကြောင့် ခင်ဗျားရဲ့နောက်လိုက် ဘက်တော်သားတွေ ဖြစ်သွားမှာ စိုးရိမ်တယ် တဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပန်းခြံဘက်ကို ကျမ သွားတဲ့အခါတော့ သူတို့နဲ့ စကားပြောဖြစ်ပါတယ်။ ဒါပေမယ့် ကျမက သူတို့ကို သိမ်းသွင်းနိုင်ခြေရှိတယ် ဆိုတာတော့ ကျမ မသိပါဘူး။ သူတို့ကိုတော့ တချိန်လုံး ပြောင်းရွှေ့နေတာပါပဲ။ ဒါကလည်း လုပ်ရိုးလုပ်စဉ်နဲ့ တူတယ်။ အဲဒီအလုပ်ကလည်း သိပ် လက်ဝင်တာပဲ။ ခြံထဲမှာကို အစောင့် ၁၅ ယောက် ရှိတယ်။ ခြံထဲမှာရှိတဲ့ လူတွေကလည်း ဌာနစုံကလူတွေ မျှပြီး ရောက်နေကြတာ (တဌာနတည်းက မဟုတ်ကြပါဘူး) ခြံနောက်က လူတွေကတော့ စစ်တပ်က လူတွေချည်းပါပဲ။ အိမ်ရှေ့လမ်းဘေးမှာ တာဝန်ချထားတဲ့ အစောင့်တွေထဲက အနည်းအကျဉ်းကတော့ ရဲတပ်သားတွေလို့ ကျမ ထင်ပါတယ်။ သေနတ်ကိုင်တာ မတွေ့ရပါဘူး။

မိုက်ကယ်လ်က ဂန္တဝင်ဂီတတီးလုံးတွေ ယူလာတတ်တယ်၊ ကျမသားကတော့ ခေတ်ပေါ်သီချင်းတွေ ပေါ့ရှင်။ ကျမက pachelbel canon ရေးတဲ့ ဆိုတဲ့ သီချင်းလည်း ကြိုက်ပါတယ်။ မကြာခင်ကမှ Bocherim ရဲ့ သီချင်းကို ကြားဖူးတာပါ။ ကြိုက်ပါတယ်။ ကျမသားက GREATFUL DEAD ဂီတအဖွဲ့ရဲ့ သီချင်းတွေကို ပေးမြည်းပါတယ်။ တချို့သီချင်းတွေလည်း ကောင်းပါတယ်။ ကျမက BOB MARLEY ရဲ့ လွတ်လပ်ခွင့် အကြောင်း ဖွဲ့နွဲ့ထားတဲ့ သီချင်းတွေကို ကြိုက်ပါတယ်။ အထူးသဖြင့် Stand up for your right (သင်တို့ အခွင့်အရေးများအတွက် – နိုးထကြလော့) ဆိုတဲ့ သီချင်းကို တော်တော်လေးကို ကြိုက်ပါတယ်။ ကျမ ခုဆို စာအုပ်လည်း ရာနဲ့ချီပြီး ဖတ်ပြီး လေ့လာပြီးသွားပါပြီ။

မစ္စတာရှယ်နွန် (NYT) ။ ။ ခင်ဗျားရဲ့ နေ့စဉ် ဆောင်ရွက်နေကျ လုပ်ငန်းစဉ်လေးကို ပြောပြပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ မနက် လေးနာရီခွဲမှာ အိပ်ယာက ထပြီး တရားထိုင်တယ်။ နောက် ရေဒီယိုနားထောင်တယ်။ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ပါတယ်။ တရားစာအုပ်တွေကိုလည်း ဖတ်ပါတယ်။ ပြီးတော့ ရေချိုးတယ်။ ဒီနောက်တော့ စာအုပ်ဖတ်တယ်၊ အိမ်မှု ဗာဟီရတွေ လုပ်တာပေါ့ရှင်။ နေ့လယ်စာ စားပြီးရင် တခါ တရား ထပ်ထိုင်ပါတယ်။ နောက်တော့ စာအုပ်ဖတ် တေးဂီတ နားထောင်တာပါပဲ။ ကျမ ကမ္ဘာ့သတင်းတွေ လာတဲ့အချိန်ဆို နေ့တိုင်း နားထောင်ပါတယ်။ သီချင်းတွေလည်း နားထောင်ပါတယ်။ ကျမကိုယ် ကျမ တင်းကျပ်တဲ့ နေ့စဉ် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လုပ်ပါတယ်။ ညကျတော့ ၉-နာရီ ၂၅-မိနစ်မှာ ဒီမိုကရက်တစ် မြန်မာ့ အသံ ပြီးရင်တော့ အိပ်တာပဲ။

မစ္စတာရစ်ချဒ်ဆန်။ ။ ခင်ဗျားအနေနဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေကိုရော မှာစရာ ရှိသလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒီလို သူတို့ မိသားစုတွေကို ချဉ်းကပ် ဆက်ဆံတာ သိပ်သင့်တော်မှာ မဟုတ်ဘူး။ (ရေဒီယိုမှ တဆင့် လွှင့်ပေးမည်ဟု ပြောသောအခါ) ကျမအနေနဲ့ ကတော့ အားလုံးကို ထုံးစံအတိုင်း မှာချင်တာက တောင့်ခံထားကြပါ၊ ရလာမယ့် ရလဒ်နဲ့ စာရင် ပေးဆပ်ရကျိုး နပ်ပါတယ်။ ဒုက္ခတွေ ပင်လယ်ဝေနေကြတယ် ဆိုတာကို ကျမ သိပါတယ်။ လူတွေ ခံစားနေကြရတဲ့ စမ်းသပ်မှု အဖုံဖုံဟာ ကျမ ခံရတာထက် ပိုလို့ ဆိုးဝါးတာကိုလည်း ကျမ သိပါတယ်။ ဒါပေမယ့် အံကြိတ်ပြီး တောင့်ခံထားကြပါလေ၊ ပေးဆပ်ရကျိုး နပ်မှာပါ၊ တန်ပါတယ်။

မစ္စတာရစ်ချဒ်ဆန်။ ။ နိုင်ငံရေး အကျဉ်းသားတွေကို ကျနော့်လက်ထဲ လွှတ်ပေးဖို့ နဝတကို တိုက်တွန်းမယ့် အစီအစဉ် ရှိပါတယ်။ အကယ်၍ အကျဉ်းသားတွေက ဆန္ဒရှိမယ်ဆိုရင် ကျနော်နဲ့ အတူ မြန်မာပြည်က ထွက်ခွာနိုင်တဲ့ အခွင့်အရေးတရပ်ကို သူတို့ကို ပေးချင်လို့ပါ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒါပေမယ့် သူတို့ မြန်မာပြည်ထဲမှာပဲ ရှိသင့်ပါတယ်။ မင်းကိုနိုင်ကို ဘာလို့များ မလွှတ်သေးတာပါလိမ့်၊ သူ့ကို ချက်ခြင်း လွှတ်ပေးသင့်ပါတယ်ရှင်။

မစ္စတာရစ်ချဒ်ဆန်။ ။ သမ္မတကြီး ကလင်တန်က ခင်ဗျားဆီ ရေးတဲ့စာကို အများတကာ သိသာအောင် ထုတ်ပြန်နေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ သူ့မှာ ထုတ်ပြန်ပိုင်ခွင့် အပြည့် ရှိပါတယ်ရှင်။

မစ္စတာရစ်ချဒ်ဆန်။ ။ အတွင်းရေးမှုး(၁)ကို ကနေ့ညနေ လေးနာရီမှာ တခေါက် ထပ်တွေ့ရပါဦးမယ်၊ ရွှေတိဂုံဘုရားလည်း သွားလည်ဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဘုရားပေါ်ရောက်ရင် ခေါင်းလောင်းထိုးဖြစ်အောင် ထိုးလိုက်ပါနော်၊ ဒါမှ ရှင် ရန်ကုန်ကို နောက်တခေါက် ပြန်လာလည်ဖို့ သေချာမှာ။ ထောင်ထဲသွားတဲ့ အခါကျရင် ဦးဝင်းတင်၊ ဦးဝင်းထိန်၊ ကိုမြင့်စိုးနဲ့ ကိုဝင်းလှိုင်တို့ကို ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ မသီတာကို ကျမဆီက မေတ္တာ တရားတွေ ကမ်းလိုက်ပါ၊ ကျမ သူမကို နေ့တိုင်း သတိရနေပါတယ်။ မင်းကိုနိုင်လည်း မကြာခင် သက်သာလာမယ်လို့ မျှော်လင့်ဆုတောင်းပါတယ်။ ရှင်တို့အားလုံး ဒီပုဂ္ဂိုလ်တွေ အပေါ် အာရုံစူးစိုက်ပေးကြပါ။

မစ္စတာရှယ်နွန်။ ။ ခင်ဗျား နယူးယောက်တိုင်းမ် သတင်းစာ ရချင်သလားခင်ဗျား။

ဒေါ်အောင်ဆန်းစုကြည်။ ။ သေချာပေါက် ရချင်တာပေါ့ရှင်။

( စကားဝိုင်း အပိုင်း ၁၀ [နိဂုံးပိုင်း] ကို ဆက်လက် ဖတ်ရှုပါ။ )

Comments