သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ - ၃
သန်းစိုးလှိုင်
မတ် ၁၇၊ ၂၀၀၉
မိုးစက်သံများ ကြားမှည
ရန်ကုန်တမြို့လုံး အပျက်အစီးများ သိမ်းဆည်းနေသည့် မြင်ကွင်းကို ၃ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်ကြရသည်။ အိမ်အမိုး နည်းနည်းပါးပါးပျက်စီးသူတို့ကလည်း အိမ်ရှိယောင်္ကျားသားတွေ ခေါင်မိုးပေါ်တက်ကာ ပြင်ဆင်နေကြသည်ကို မြင်တွေ့ရသည်။ လွင့်ပါသွားသည့် သွပ်ချပ်များကို ကောက်လို့ရတန် သရွေ့ကောက်ကြရသည်။ ပါးလွှာသည့် သွပ်တွေကတော့ စက္ကူချပ်များ လုံးချေထားသလို စုတ်ပြတ်ပြီး ပြန်သုံးလို့ မရသည့် အနေအထား ရောက်သည်လည်း ရှိသည်။
ပန်းပဲတန်းမြို့နယ်က “မ၀တ”ကတော့ သက်ဆိုင်ရာအနေဖြင့် အပျက်အစီး များကို ရှင်းလင်းနိုင်သရွှေ့ ရှင်းလင်းမည် ဖြစ်သော်လည်း လူထုများကပါ ကိုယ်ထူကိုယ်ထ သိမ်းဆည်းရှင်းလင်းကြဖို့ ကားတစီးတွင် စပီကာ တင်ပြီး လိုက်လံဆော်သြနေသည် ကိုလည်းကြားသိရသည်။
ထိုသို့ လိုက်လံ မဆော်သြခင်ကတည်းက မြို့နေလူထုက နီးစပ်ရာလက်လှမ်းမှီရာကို ခုတ်ဖြတ်ရှင်းလင်း နေကြပြီ ဖြစ်သည်။
ပြိုလဲသည့် သစ်ပင်များက လျှပ်စစ်မီးတိုင်များ အပေါ်ပိကာ လျှပ်စစ်မီးတိုင်များ လဲပြိုကုန်သည်။ ထိုကြောင့်ပင် လျှပ်စစ်ဓါတ်အား လုံးဝပြတ်တောက်သွားခဲ့ပြီ ဖြစ်ပြီးသောက်ရေ သုံးရေရရှိဖို့ ခက်ခဲလိမ့်မည်ကို တွေးကာ စိုးရိမ်နေကြသည်။ ပြိုလဲသည့် အရေအတွက်မှာလည်း နည်းနည်းပါးပါးမဟုတ်ပဲ ရန်ကုန်တမြို့လုံး အတိုင်းအတာနှင့်ဖြစ်ရာ မြန်ဆန်စွာ ပြင်ဆင်ပြီးစီးဖို့ရာ မလွယ်ကူမှန်း အားလုံး သဘောပေါက်ကြသည်။
မုန်တိုင်းစဲ ပြီးသည်နှင့် လူတွေအနေနှင့် စားသောက်ဖို့ အတွက် ၀ယ်ကြခြမ်းကြရာမှာ ညကတည်းက မုန်တိုင်းကြောင့် မည်သည့် အသား၊ ငါးသည်မျှ မရှိတော့ပဲ လောလောဆယ် ရောင်းစရာပစ္စည်းများ ဖြစ်သည့် ကြက်ဥလို ယခင်နေ့က ဟင်းသီးဟင်းရွက် လက်ကျန်လိုမျိုးတွေကို အလုအယက် ၀ယ်ယူနေ ကြရသည်။ ကြက်ဥတလုံးကို မုန်တိုင်းမတိုက်မီ ၁၅၀ ကျပ်ရှိရာမှ မုန်တိုင်းစဲပြီး ညနေတွင် ၂၅၀၊ ၃၀၀ ကျပ် အထိ ဖြစ်ကုန်သည်။ လူတွေလည်း စားစရာမရှိသဖြင့် ထိုဈေးနှုန်းဖြင့်ပင် ၀ယ်ယူကြသည်ကို မြင်တွေ့ရ၏။ ထိုနေ့က မည်သည့် စားသောက်ဆိုင်မျှ ပြန်မဖွင့်နိုင်လှစ်နိုင်ကြသေး။
အိမ်တွင်လည်း ညမမှောင်မီ ချက်ပြုတ်စရာရှိတာ ချက်ပြုတ်ပြီး စားသောက်လိုက်ကြသည်။ ညမှောင်ချိန်ရောက်သည့်အခါမှာတော့ မီးစက်ရှိသည့် အိမ်အချို့က မီးစက်မောင်းကာ ထွန်းသည်မှလွဲပြီး ရန်ကုန်မြို့လယ်၏ လမ်းမများမှာ မှောင်အတိဖြင့်နေ၏။ ည ၈ နာရီဝန်းကျင်သာ ရှိသေးသော်လည်း ပန်းဆိုးတန်းလမ်းမကြီး တလျောက်မှာ မှောင်မဲလျက်ရှိပြီး ဖြတ်သွား ဖြတ်လာ တဦးတလေမျှသာ တွေ့ရသည်။
ရန်ကုန်မြို့ တွင်တကြိမ်တခါမျှ ယခုလောက် မှောင်မဲပြီး လူသွားလူလာ ပြတ်သည်ကို မကြုံတွေ့စဖူး ကြုံတွေ့ရသည်။
ည၇နာရီ သာသာတွင် မိုးရွာသည့်အသံစကြား သဖြင့် ယခုညတော့ အိမ်ခေါင်မိုးဗလာ အောက်တွင် မိုးရေထဲ အိပ်ရတော့မည်လားဟု စိုးရိမ်သွားသည်။ အိမ်ရှိ အိုးတွေ ခွက်တွေကို ခေါင်မှ ကျလာသည့် မိုးစက်များကို ခံထားရာ သတ္တုအိုးပေါ်မိုးစက်ကျသည့် အသံက တတောက်တောက်နှင့် မြည်နေသည်။ မိုးမှာ မိနစ် ၂၀ ခန့် ရွာပြီးနောက် စဲသွားသဖြင့် တော်သေးသည်ဟု ဆိုရမည်။ မနေ့ညက တညလုံးမအိပ်ထားတာကြောင့်ရော၊ ညနေပိုင်း တပိုင်းလုံး နာဂစ်အပျက်အစီးတွေ လိုက်ကြည့်တာကြောင့်ပါ ခြေကုန်လက်ပန်းကျ နေပြီး မိုးစက်သံ ကြားမှာ အိပ်ပျော်သွားခဲ့သည်။
နာဂစ်အပြီး တနင်္ဂနွေ
နာဂစ်အပြီး တနင်္ဂနွေနံနက်ခင်းက မိုးမရွာတော့ပဲ နေရောင်ဖြင့် သာယာနေသည်ကို တွေ့ရသည်။ ရန်ကုန်တမြို့လုံး ရရာယာဉ်ဖြင့် သွားလာကြသည်ကို တွေ့ရသည်။ ဓါတ်ငွေ့ လက်ကျန်ရှိသည့် ဘတ်စ်ကား တစီးတလေမှ လွဲပြီး မည်သည့် ဘတ်စ်ကားမှ မပြေးဆွဲသေး။ စက်သုံးဆီရောင်းဆိုင်များ လည်း လျှပ်စစ်မီးမရသဖြင့် ပိတ်ထားသည်ကို တွေ့ရသည်။ လိုင်းကား မဟုတ်ပဲ နံပါတ် အနက် ဟိုင်းလပ်စ်၊ စက်မှုဇုန်ထုတ် တောင်းအေ့စ် ပစ်ကပ်ကားများက ဟိုနားဒီနား ပြေးဆွဲဖို့ ထွက်လာကြသည်။ ရန်ကုန်မြို့လယ်မှ သီရိမင်္ဂလာဈေးကို ၅၀၀ ကျပ်၊ စမ်းချောင်းကိုလည်း ၅၀၀ကျပ်၊ တဖန်သီရိမင်္ဂလာဈေးမှ ဆင်မလိုက်ကို ၅၀၀ကျပ်၊ ဆင်မလိုက်မှ ဘုရင့်နောင်ဈေး သွားလိုလျင် နောက်ထပ် ၅၀၀ ကျပ်ဖြင့် ကြားကား တဆင့်ထပ်စီး ရသည်။
ကားပေါ်တွင် ဆုံသည့် ရန်ကုန်သို့ အလုပ်ကိစ္စဖြင့်ရောက်ရှိနေသည့် နယ်မြို့မှ လူငယ် တဦးက သူတည်းခိုရာ သမိုင်းလမ်းဆုံမှ မြို့ထဲသို့ နံနက် ၂ နာရီကတည်းက လမ်းလျှောက်လာခဲ့ရသည်ဟု ပြောဆိုသည်။ အဝေးပြေးကားများလည်း မထွက်သေးသဖြင့် သူ နေထိုင်ရာမြို့သို့ ပြန်ဖို့ရာ သီရိမင်္ဂလာဈေးတွင် ကားကြုံရှာပြီး ရောက်သည့် နေရာအထိ လိုက်သွားကာ၊ အဆင့်ဆင့်ပြန်ရမည်ဟု ပြောဆိုသည်။ ရန်ကုန်မြို့တွင် ယခုလောက် ပျက်စီးပြီဆိုလျင် မုန်တိုင်း ဖြတ်သန်းရာ ဧရာဝတီတိုင်းမှ အခြားမြို့များလည်း အပျက်အစီးများပြားလိမ့်မည်ဟု ခန့်မှန်း ပြောဆိုကြသည်။
တက်စီကားများလည်း ဓါတ်ငွေ့မရှိတော့သဖြင့် သို့မဟုတ်အစိုးရ စက်သုံးဆီအရောင်းဆိုင်များ ပိတ်ထားသဖြင့် အရေအတွက်အနည်းငယ်သာ ပြေးဆွဲသည်ကိုတွေ့ရသည်။ ငှားမည့်သူကများပြီး တက်စီက နည်းနေသဖြင့် တစ်ဦးထည်း တောက်လျှောက်မောင်းပို့ခြင်း မဟုတ်တော့ပဲ လမ်းကြုံခရီးသည် ရလျင်ရပ်ကာ တင်သွားသည်။
ကားခမှာလည်း ပုံမှန်ထက် ၃ဆ၊ ၄ဆနှုန်းဖြစ်နေပြီး ထိုနေ့က မြို့ထဲမှ စော်ဘွားကြီးကုန်း အထိ တင်လိုက် ချလိုက်နှင့် တကြောကို ၈သောင်းကျပ်ရသည်ဟု တက္ကစီမောင်းသူတဦးက ပြောသည်။
လမ်းတလျှောက်တွင် အိမ်မိုးသွပ်ချပ်များ ထွက်ဝယ်မည့်သူ ၀ယ်ယူပြီးရရာ ဆိုက်ကား၊ ဖြင့်သယ်သွားသူများကို တလမ်းလုံးတွေ့မြင်ရသည်။ ကြည့်မြင်တိုင်ကမ်းနားလမ်း တလျှောက်သစ်ပင်ကျိုးများ၊ ဓါတ်တိုင်လဲပြိုသည်များကို ကားများကရှောင်ကွေ့သွားကြကာ၊ ကြည့်မြင်တိုင် ကမ်းနားဈေး မရောက်မီ လမ်းမတန်းပေါ်ရှိ ၄ခန်းတွဲ ပျဉ်ထောင်အိမ်အတန်းမှာ တတန်းလုံးမြေပေါ်ပြားပြားဝပ်နေသည် ကိုလည်းမြင်တွေ့ရ၏။ ခေါင်မိုးလုံးဝမရှိတော့သည့် အိမ်ခန်းလည်း အမြားအပြားတွေ့ရသလို၊ ကြည့်မြင်တိုင် တလျှောက်ရှိ ပျဉ်ထောင်အိမ်များမှာ ယိုင်လဲနေသည်မြင်ကွင်း၊ အမိုးပြိုကျနေသည့် မြင်ကွင်းများဖြင့် တင်းကြမ်းပြည့်လျက်ရှိသည်။
အိမ်မိုးသွပ်ချပ်များလည်း ဈေးတမဟုတ်ခြင်း တက်သွားသည်ဟု ကြားရသည်။ မုန်တိုင်းမတိုက်မီက ၄ထောင် ကျပ်ဝန်းကျင် ပေးရသည့် သွပ်ချပ်မှာ တနင်္ဂနွေနေ့တွင် ၁သောင်း၊ ၁သောင်းခွဲမှ ၂သောင်းအထိ တက်ရောင်းခဲ့ကြသည်ဟု ကြားသိနေရသည်။ အချို့သော အိမ်ဆောက်ပစ္စည်းရောင်းဆိုင်များကတော့ နကိုဈေးဖြင့်သာ လက်ဝယ်ရှိသလောက် ထုတ်ရောင်းပေးသည်များလည်း ရှိသည်။ သို့ရာတွင် အများစုမှာ မိမိ နဂိုဈေးဖြင့် ရောင်းပြီး ပြန်ဝယ်ရမည့်ဈေးမြင့်လိမ့်မည်ဟု ဆိုကာ ၄ထောင်တန်ကို ၁သောင်း၊ ၁သောင်း ခွဲထိတက် ရောင်းခဲ့ကြသည်။ သွပ်ရိုက်သံ အစိတ်သား တထုပ်ကို ၂၅၀၀ကျပ်ဖြင့် အော်ရောင်းနေသည်ကို သိမ်ကြီးဈေးနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် မြင်နိုင်သည်။ နကိုဈေးထက် ၄ဆ ၅ဆမက မြင့်တက်ကုန်ကြသည်။
မိုးရေထဲမှာ နေ၍မဖြစ်သောကြောင့်သာ တောင်းသည့် ဈေးကိုပေးကြရသော်လည်း မုန်တိုင်းဒဏ်ခံစားရသူများ အနေဖြင့် စိတ်မချမ်းသာကြ။ လူအများအကြပ်အတည်းနှင့် ကြုံတွေ့ရသည့် အချိန်တွင် တောင်းရက်လေခြင်း ဟု စိတ်ထဲမှာ မကောင်းကြ။
လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင် များလည်း ၃၊ ၄ဆိုင်တွင် တဆိုင်ဖွင့်ခြင်းကြောင့် ဖွင့်သည့်ဆိုင်တွင် တိုးပြီး စားသောက်ကြရသည်။ ရေမလာသဖြင့် စားသောက်ဆိုင်များမဖွင့်နိုင်ခြင်း ဖြစ်ပြီး အချို့ဆိုင်များမှာ ကိုယ်ပိုင် စက်ရေတွင်း သို့မဟုတ် လှောင်ထားသည့် ရေလက်ကျန်ဖြင့် ဖွင့်လှစ်ကြခြင်း ဖြစ်သည်။ လက်ဘက်ရည် ဈေးနှုန်းလည်း ၂၅၀ ကျပ်မှ ၄၀၀ ဖြစ်သည့်ဆိုင်ဖြစ်၊ ၃၀၀ ဖြစ်သည့် ဆိုင်ဖြစ်နှင့် ဈေးအမျိုးမျိုး ဖြစ်ပျက်ကုန်ကြသည်။
ရန်ကုန်ရှိ အိမ်ခေါင်မိုးများတွင် တပ်ဆင်ထားကြသည့် ဂြိုဟ်တု ဆက်သွယ်ရေး စလောင်းအရေအတွက်၏ ၉၀ ရာခိုင်နှုန်း ပျက်စီးကုန်သည်။ လွင့်ကျသည့်ဟာကျ၊ စုတ်ပြတ်ပြီး လဲသည့်ဟာက လဲနှင့် အိမ်ခေါင်မိုးပေါ်မှ စလောင်းဗန်းများမှာ မြင်၍မကောင်းအောင် ဖြစ်နေသည်။
ရန်ကုန်မြို့တွင် ပထမဆုံး မြင်တွေ့ရသည့် အခြားမြင်ကွင်းတခုမှာ ဘုန်းကြီးကျောင်းများ၊ ဟိန္ဒူဘုရားကျောင်း၊ မွတ်ဆလင် ဗလီများမှ ရေပေးဝေခြင်း နှင့် အချို့သော ကိုယ်ပိုင် စက်ရေတွင်း ရှိသည့် ရပ်ကွက် ဓမ္မာရုံများရှေ့မှာ ရေပုံးကိုယ်စီဖြင့် တန်းစီနေကြသည့် မြင်ကွင်းဖြစ်သည်။
မရှင်းလင်းရသေးသည့် ကျိုးပြတ်နေသော သစ်ပင်များ၊ သစ်ကိုင်းများ၊ ပြိုလဲနေသည့် အုတ်စည်းရိုးများ နောက်ခံနှင့် နေပူကျဲကျဲထဲတွင် ရေပုံးကိုယ်စီနှင့် တန်းစီနေသည့် လူအုပ်စု မြင်ကွင်းသည် ထိုနေ့ရက်များက ရန်ကုန်မြင်ကွင်းဖြစ်ခဲ့သည်။
တယ်လီဖုန်း ဆက်သွယ်ရေးမှာလည်း ၁၀ လိုင်းတွင် ၅ လိုင်းမျှသော ဖုန်းကြိုးများပြတ်ကုန်ပြီး မိုဘိုင်းဖုန်းမိသည့် ဧရိယာမှာလည်း အလွန်ကျဉ်းသွားကာ မိတချက်မမိတချက်ဖြင့် ဆက်သွယ်ရ အလွန်ခက်ခဲသည့် အခြေအနေဖြစ်နေသည်။ ဥပမာအားဖြင့် မြို့လယ်တ၀ိုက်တွင် ပန်းဆိုးတန်းနှင့် မောင်ထော်လေးလမ်း အိတ်ချိန်း ထပ်ဆင့်လွှင့်တိုင် တ၀ိုက်သာ မိုဘိုင်းဖုန်းသုံးစွဲနိုင်သဖြင့် အစွန်ကျသည့် လမ်းသွယ်များတွင်နေထိုင်သူတို့ ဖုန်းဆက်သွယ်လိုလျင် အဆိုပါ ပန်းဆိုးတန်း၊ မောင်ထော်လေးလမ်း တိုင်နှင့်နီးရာနေရာအထိ လာရောက်ပြီး မိုဘိုင်းဖုန်းကို သုံးစွဲကြရသည်။
ထိုနေ့နံနက် မြို့ထဲတွင်ဖြစ်ပေါ်လျက်ရှိသည့် သတင်းများအရ လျှပ်စစ်မီးပြန်လာဖို့ရာ အနည်းဆုံး ၁၅ရက်မှ အများဆုံး ၁ လ ကြာမည် ဆိုသည့်သတင်းဖြစ်ပြီး ရန်ကုန်မြို့ရေပေးဝေရေး စနစ်လည်း လျှပ်စစ်မီးမလာလျင် မည်သို့မည်ပုံ ရေပေးဝေမည်ကို မည်သူမျှ မပြောဆိုနိုင်ကြ။
ရန်ကုန်မြို့ခံများမှာ ကိုယ့်ဒုက္ခနှင့် မအားနိုင်ဖြစ်လျက်ရှိနေကြပြီး အခြားမြို့ရွာများ မှာ ဆိုင်ကလုန်းဒဏ် မည်သို့ ခံစားရသည်။ လူအသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရပြီး အကူအညီမဲ့နေသည့် သိန်းနှင့်သန်းချီသည့် လူထုကြီး ဧရာဝတီတိုင်းမှာ ရှိသည်ကိုလည်း ထိုအချိန်အထိ မည်သူမျှ မသိရှိခဲ့ကြပေ။
(ဆက်လက်ဖေါ်ပြပါမည်)
Comments