
ကေခိုင် မရှိတဲ့ ကမ္ဘာ
သစ်ကောင်းအိမ်
မတ် ၈၊ ၂၀၀၉
ခြေသံပြင်းပြင်းတွေနဲ့
မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ
တစက္ကန့်ဟာ တကမ္ဘာ
ရေပွက်ပမာဟာ
သံသရာလို ပွက်လို့ကွာ
ရှည်ကြာလွန်းလိုက်တာ။
မင်းမရှိတဲ့ ကမ္ဘာ
သစ်တောတွေ ပြုန်းတီးလို့
တောမီးတွေ လောင်လို့
စီးပွားပျက်ကပ်တွေ ဆိုက်လို့
သင်္ကန်းကို စစ်ဖိနပ်နဲ့ နင်းပြီး
ဘုရားကို ထီးတော်တွေ တင်လို့ ...။
တတိယကမ္ဘာ ရှိတယ်
တတိယနိုင်ငံ ရှိတယ်
တတိယအုပ်စုရှိတယ်
မင်းကျ ဘာလို့ မရှိတော့တာလဲ။
မင်းမရှိတဲ့ ကမ္ဘာ
ကဗျာနဲ့ အသေခံဗုံးဖောက်ခွဲရေးသမားဟာ
ငါဖြစ်တယ်။
မင်းမရှိတဲ့ ကမ္ဘာ
ဖြုန်းစရာ မိဘအမွေကလည်း မရှိတော့
ရှိသမျှအချိန်တွေကို ထိုင်ဖြုန်းရင်း
ရောက်လာတဲ့နေ့တွေကို ကျောမှီ
၂၃ နှစ်ပိုင်းတပိုင်း ဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ ...။
အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့
မင်းရော ငါပါ ငိုနေမိခဲ့သလား။
အသူရကာယ်ဘုံတဲ့
မင်းမရှိတော့မှ ယုံမိတယ်။
(၆၊ မတ်လ၊ ၂၀၀၉)
သရုပ်ဖော် အညွှန်း - http://blissfullydomestic.com/photo-bliss/the-other-half-feature-photo/
Comments