Thit Kaung Ein - Sushi Poem


ဆူရှီသမားလိပ်တဲ့ ကဗျာ
သစ်ကောင်းအိမ်
မတ် ၄၊ ၂၀၀၉

မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီး ဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ

ရှင့်သတင်း နားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမိန်လှည့်ပေါင်နေရတယ် … ကိုကိုရေ

ခင်ဗျားရေးတာတွေကို
လူတွေ နားမလည်ဘူး
(အင်းပါ …)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်

ကြုံလို့ ပြောပြတာပါ
မဝေးတော့တဲ့ တလံမှာ
၂၀၁၀ ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ် ထင်တယ်နော်

ဝယ်တိုင်း ရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်
လေထန်ကုန်း ညနေခင်းတွေကို
ငါ ပြန်ဝယ်မယ်
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါ ပြန်ဝယ်မယ်
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ် ပြန်ဝယ်မှာပေါ့

ကြိမ်ဒဏ်တွေ ပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေ ရောက်လာတတ်စမြဲ
ငါ့သွေး ငါ
မထေမဲ့မြင် လျှာနဲ့လျက်
ချိုမြိန်လှချေရဲ့

ပြီးပါပြီ … လို့
ဘယ်သူတွေ စာတန်းထိုးထိုး
အရိုးတွန်သံတွေ မဆုံးဘူး
ကိုယ့်လူတို့

(၃ မတ်လ ၂၀၀၉)

Comments