Zaw (Pyinmanar) - Birthday Poems

ဇော် (ပျဉ်းမနား) - မွေးနေ့ ကဗျာများ

မတ် ၁၂၊ ၂၀၀၉


ချက်ကြိုးထုံးတဲ့နေ့

ဇော် (ပျဉ်းမနား)


တကယ်ပါ … တကယ်ပါ

လူစင်စစ်လေ မှက်ခြင် ဖြစ်ချင်ပါဘိတောင်း။


တကယ်ပါ … တကယ်ပါ

လျှာမရမ်းပါဘူး

သမ္မာကျမ်းကို လက်တင်ထားပါတယ်

ချက်ထုံးစကတည်းက

ဆယ်သုံးက မတက်ပါဘူး

ခွက်ထိုးခွက်လန် ပြုံးရပါတယ်။


အလို မွေးနေ့ဆိုပါလား

ဆွေးမြေ့စရာ ကဗျာဓါတ်တွေနဲ့

ပြေးတွေ့စရာ ကြမ္မာရဟတ်ပေထင့်

မွေးနေ့လွန်ရင် ငါ အမြတ်ပေပဲ

ကဗျာစပ်သူ သံသရာမှာ

ဟင့်အင်း ဆိုတဲ့ စရဏ

အငြင်းဝါကျ တခု

လက်ဆွဲ ဂုတ်တွန်းတွေနဲ့

ပွန်းနေတဲ့ ခြေထောက်

ပိတောက် ဘယ်နှဆယ် ရောက်ပြီလဲ

(ဗိုလ်အောင်ဒင် လေသံနဲ့)

“မကြောက်ပါနဲ့ မြ ရယ် …

ကွယ် … ငါ လောင်ကျွမ်းသွားတာမှ မဟုတ်တာပဲ …”


ကျုပ်တို့ ဆော့ခရတ္တိ

သတိရတိုင်း ချစ်မိတယ်

အသက်သစ်လည်း သူ မရှာ

ငါဖြစ်ပါ သူမတမ်း

မှက်ဖြစ်တာ သူက လွမ်းသတဲ့ …


အို … အေသင်မြို့သား အမျိုးကောင်းသားတို့

အနာဂတံကို ခွာသံဖြောင်း

ဒေါင်းဒေါင်းပြေး

သွေးဖျတ်လတ်

တောင်စဉ်မှာ မရပ်အောင်

ဆတ်ခနဲ ကြွ

နတ်ကျတဲ့မြင်းလို

မြင်းကိုယ်ထဲ ငါဝင်

ကိုက်နှိုးနေမယ့် ၀ိညာဉ်

ငါ ခုံမင်စွာ … တဲ့။


အသက်ရလည်း တက်ကြွမပျက်

ငှက်ဘ၀ထက် မှက်ခြင်ဘဝ

သူတောင့်တ သတဲ့

အလှဆုံး အာဂမသဒ္ဒါတရား ပါလေ။


(အာဂမသဒ္ဒါ = အသက်ကို ပဓါနမထားတဲ့ သဒ္ဒါ၊ အာဇာနည်တို့တွင်သာ တည်တဲ့ သဒ္ဒါ)


ဇီမာနယ်သား ကျောရိုး

ဇော် (ပျဉ်းမနား)


စရိုက်ကြမ်းတယ်လား

(ယက်ဗတူရှင်ကို ပြောသလို)

ဆိုက်ဘေးရီးယန်း နယ်သားပ

ဂါစကွန်နယ်သား ဓါးတညံ တဲ့

အာသိုး တဲ့ … ပေါသိုး တဲ့

သူရဲကောင်းတို့ အမျိုး

ဇီမာနယ်သား ကျောရိုးလေ …


အို … မာသလား မမေးနဲ့

တြာသလား မမှတ်နဲ့

ကဗျာဆရာ ဗမာ

မျက်နှာသားတစ် ရယ်ဟဟ ဖြစ်သွား

ကဲ … လုပ်လိုက်လေ ကြာသလားလို့။


ဗမာသား ဗမာသူ

ပြာပူကို ကြောက်ရိုးလား

ခင်ဗျား မယုံရင်

ယုံမှားလို့ ဒွိဟဖြစ်ရင်

ဟေ့ … အဘိရမာဆိုတဲ့ ဂျပန်ကို မေး

မောင့်ဘက်တန်ကို မေး

တခါမက အခါခါ မေးပေတော့

ဟဲ့ နိဗ္ဗာန်ကို မတွေးကြနဲ့ဦး

လိပ်ကန်အရေးက အဓိက … တဲ့

က၀ိဓဇ ကိုယ်တော်မှိုင်းလေ


ကျုပ်တို့ လူမျိုးလား

စိန်ခေါ်ရင် တိမ်ပေါ်သွားမတဲ့

ခေါ်မလား ရောရုဝကို

ဟဲ … ဟဲ … လာမကြွားနဲ့နော်

နှာတဖျားနဲ့တော့

မာသလား မမေးနဲ့

ဗမာသား ဗမာသူ ပြာပူကို ကြောက်ရိုးလား။

(မိမိမွေးနေ့)

Comments