April is the month of Disasters, flood, stom and flu


တကမ္ဘာလုံးတွင် ဧပြီလအတွင်း သဘာဝဘေးနှင့် ကူးစက်ရောဂါဘေးတို့ အထူးပြန့်နှံ့ဟု ဆို

မိုးမခအထောက်တော် ၀၀၃

ဧပြီ ၂၈၊ ၂၀၀၉

ယခုရက်သတ္တပတ်က အမေရိကန်တိုက်အလယ်ပိုင်း၊ မက္ကစီကိုနိုင်ငံတွင် ၀က်တုတ်ကွေးကူးစက်၍ လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီဟု ဆိုသည်။ ကျောင်းများကို ပိတ်လိုက်ပြီး နိုင်ငံတော်က အရေးပေါ်အခြေအနေ ကြေငြာာထားသည်။ အမေရိကန်ပြည်ထောင်စုတွင် လူ ၄၀ ကျော် ၀က်တုတ်ကွေးသင့်ပြီး ဖျားနာသည်ဟု အတည်ပြုသည်။ ဥရောပကလည်း ကျန်းမာရေးအသိပေးချက်များထုတ်ပြန်ပြီး လူထုကို တပ်လှန့်ထားသည်။

မြန်မာပြည်တွင် ၀မ်းလျော၊ ၀မ်းပျက်ရောဂါများ ဖြစ်ပွားခဲ့ကြပြီး၊ အချို့မှာ ရက်ကြာရှည်စွာ ကုသခဲ့ရသည်ဟု ဆိုသည်။ ရန်ကုန်မြို့ကြီးနှင့် အနီးရှိမြို့သစ်များ၊ မန္တလေးတို့တွင် ၀မ်းပျက် ၀မ်းလျောများဖြစ်ခဲ့ရာ အချို့က ကာလ၀မ်းရောဂါနှင့်တူသည်ဟု စိုးရိမ်တကြီး ခန့်မှန်းကြသည်။ စစ်အာဏာပိုင်များက အတည်ပြုခြင်း မရှိသေးပေ။

နိုင်ငံတကာသတင်းများအဆိုအရ လူချင်း ထိတွေ့ခြင်း၊ အသက်ရှုလမ်းကြောင်း နှင့် မသန့်ရှင်းသော အစားအသောက်များက တုတ်ကွေး၊ ၀မ်းရောဂါနှင့် အခြားကူးစက်ရောဂါတို့ ပြန့်နှံ့ကြောင်း ထုတ်ပြန်ထားသည်။ ဆေးရုံ ဆေးခန်းတို့ကို သွားရောက်ပြသရန်၊ အနားယူရန်၊ ကုသမှုကို ခံယူရန်စသည့် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

အမေရိကန်ပြည် အနောက်ဖျားတွင် လေပူလှိုင်းများ ၀င်ရောက်ခဲ့ပြီး အမေရိကန်ရှေ့ပိုင်းတွင် လေနီကြမ်းများ တိုက်ခတ်ခဲ့သဖြင့် ပြည်နယ်အချို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြရသည်ဟု ဆိုသည်။ ယခင်အပတ်က အိန္ဒိယသမုဒ္ဓရာတွင် မုတ်သုံမုန်တိုင်းများ ဖြစ်ပေါ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနှင့် မြန်မာတို့တွင် ကမ်းရိုးတန်းဒေသများ မိုးရေလေကြီးခဲ့သည်။ ယခုအပတ်တွင်လည်း အင်ဒိုနီးရှားကျွန်းစုများအနီးတွင် မုန်တိုင်းတခု ဖြစ်ပေါ်နေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာပြည်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး အထွေထွေ အာမခံချက် နည်းပါးလှသည်ဖြစ်ရာ ယခုကဲ့သို့ သဘာဝဘေးဒဏ်နှင့် ကူးစက်ရောဂါဆိုးဘေးတို့အတွက် ကာကွယ်နိုင်ရန်၊ တွန်းလှန်နိုင်ရန်နှင့် ပြန်လည်ထူထောင်နိုင်ရန်တို့ကို အသင့်ရှိပုံမရကြောင်း၊ လူပေါင်း ၁ သိန်းကျော် သေကျေပျက်စီးခဲ့ရသည့် နာဂစ် မုန်တိုင်း တနှစ်လည် ရောက်တော့မည့်အချိန်တွင် မြန်မာပြည်၏ ပြည်သူများမှာ ဆင်းရဲဒုက္ခရောက်နေဆဲဖြစ်ကြောင်း မိုးမခသို့ ပရိသတ်တဦးက ပြောကြားသွားသည်။

(photo - Internet)

Comments