Burmese Regime cover up health situation of Political Prisoners

နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေများကို စစ်အစိုးရက ဖုံးကွယ်ထား

မိုးမခအထောက်တော် ၀၀၄

ဧပြီ ၂၈၊ ၂၀၀၉

၈၈ မျိုးဆက်ကျောင်းသားများကို မြန်မာပြည် အကျဉ်းထောင်အနှံ့သို့ ရွှေ့ပြောင်းချုပ်နှောင်ထားခဲ့ပြီး ယခုအချိန်တွင် ၎င်းတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး၏ ကျန်းမာရေးအခြေအနေများ၊ ထောင်တွင်း တကိုယ်ရေသန့်ရှင်းမှုများ၊ စားသောက်နေထိုင်မှုကိစ္စများနှင့် ပတ်သက်ပြီး ဖုံးကွယ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်တဦးက ပြောကြားလိုက်သည်။


“မိသားစုဝင်တွေက ပြောလွန်းလို့၊ ပြည်ပမီဒီယာတွေကနေ ထုတ်ဖော်ပြောဆိုနေလို့သာ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေကို လူတွေက သိနေရတာ။ အဲလိုမျိုး စွန့်မပြောရင် ဘယ်သူ ဘာဖြစ်လို့ ဖြစ်သွားမှန်း သိလိုက်မှာ မဟုတ်ဘူး။” ဟု ၎င်းက ပြောသည်။


ဥပမာအားဖြင့် ကိုလှမျိုးနောင်၏ မျက်စိဝေဒနာ၊ စုစုနွေး ကျန်းမာရေး၊ အရှင်ဂမ္ဘီရ စသည်တို့အခြေအနေကို မိသားစုဝင်များက ထုတ်ဖော်ပြောဆိုမှသာ ပြည်သူတို့ သိရှိရခြင်းဖြစ်ကြောင်း၊ စစ်အစိုးရက ထောင်သွင်းအကျဉ်းချထားသူတို့၏ ကျန်းမာရေးကိစ္စအ၀၀ကို တာဝန်ယူအာမခံချက်ပေးရန် လုံးဝစိတ်ကူးမရှိကြောင်း၊ လုံခြုံရေး၊ ဥပဒေရေးနှင့် ထောင်ဝန်ထမ်းအချို့ကလည်း မိသားစုဝင်များထံက ငွေကြေးဥစ္စာများကို အကြပ်ကိုင်တောင်းဆိုပြီး မတရားပြုမူနေကြသဖြင့် လူသားချင်းစာနာမှု မရှိကြောင်း၊ ထိုအကြောင်းအရာများကို ထုတ်ဖော်ပြောဆိုပါက မိသားစုနှင့် ထောင်ဝင်စာတောင်မှ တွေ့ခွင့်မရတော့မှာ စိုးရိမ်သဖြင့် အချို့သော မိသားစုများမှာ ရေငုံနှုတ်ပိတ်နေရကြောင်း စသည်ဖြင့် မိသားစုဝင်က ဆက်လက် ပြောကြားသည်။


ထင်ရှားသော သာဓကတခုမှာ ထောင်ဝန်ထမ်းတဦးက လာဘ်တောင်းခဲ့သည်ဟု မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျနေသူ လူရွှင်တော် ကိုဇာဂနာ၏ မိသားစုများက တိုင်ကြားမှုပြုလုပ်ခဲ့ပြီး ထောင်ဝင်စာတွေ့ရန် ရွှေ့ဆိုင်းခြင်း ခံခဲ့ရသည်။ သင်္ကြန်ရက်အတွင်း ကိုဇာဂနာ သွေးတိုးပြီး မူးလဲခဲ့ပြီးနောက် မိသားစုဝင်များက ဆေးကုသခွင့်ပြုရန် အကြိမ်ကြိမ် တောင်းပန်ခဲ့ရပြီး ထောင်ပြင်ပရှိ ဆေးရုံသို့ ပို့ဆောင် ဆေးစစ်မှုရယူရာတွင် စောင့်ဆိုင်းနေသော မိသားစုဝင်များကို အကြောင်းကြားခြင်း မပြုခဲ့ဟု ဆိုသည်။


စစ်အစိုးရ၏ ဥပက္ခာပြုမှုများ၊ နှိပ်စက်ညှင်းပန်းမှုများနှင့် ကျန်းမာရေး အာမခံချက်မပေးမှုများကြောင့် ၂၀၀၆ ခုနှစ် အေအေပီပီ (မြန်မာ) ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။


“ဘာတဲ့ … သေရင် ပြီးပြီ တဲ့ ဟုတ်လား။ စာအုပ်ထဲမှာ ဂျာနယ်လစ်တယောက်က ပြောတာနဲ့ တူတယ်။ နိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ်မှာ စစ်အစိုးရအဖို့က အဲသည်လို သဘောထားတယ် လို့ ပြောချင်တယ်။ သေရင် … ပြီးပြီ။ အပြင်ကမိသားစုတွေအဖို့မှာ ကိုယ့်သားသမီး၊ ကိုယ့် လင်သား၊ ဇနီး မပြောကောင်း မဆိုကောင်း ထောင်ထဲမှာ သေသွားခဲ့ရင် ဘာတတ်နိုင်မှာလဲ။ ပြီးပြီပဲပေါ့။ သူတို့ အသက်ရှင်ဖို့ ကြံ့ကြံ့ခံနေနိုင်ဖို့ အခုလို မိသားစုတွေက အစွမ်းကုန်လုပ်နေရမှာပဲ။”


ဟု သူက နောက်ဆုံး မှတ်ချက်ပေးခဲ့သည်။

Comments