မုန်တိုင်းသတိပေးချက်
မြန်မာ့အလင်းသတင်းစာ
ဧပြီ ၁၇၊ ၂၀၀၉
မြန်မာ့အလင်းသတင်းစာ
ဧပြီ ၁၇၊ ၂၀၀၉
(၁၆-၄-၂ဝဝ၉ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီထုတ်ပြန်ချက်)
ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း (ဘစ်ဂ်ျလီ)သည် အိန္ဒိယနိုင်ငံ ဗီဆာကာပတ္တနမ်မြို့ ၏ အရှေ့ဘက် မိုင် ၁၈ဝခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သော သုံးနာရီအတွင်း မြောက်၊ အရှေ့မြောက်သို့ ရွေ့လျားပြီးနောက် ၄၈နာရီအကြာ ဧပြီ ၁၈ရက်(စနေနေ့) မွန်းလွဲပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။
မုန်တိုင်း၏ လက်ရှိအင်အားအဆင့်မှာ လိမ္မော်ရောင်အဆင့် ဖြစ်လာပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားလာနေသည်ဟု သတ်မှတ်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်း ဒီရေသည် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် ငါးပေမှ ခုနစ်ပေခန့်၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်တွင် သုံးပေမှ လေးပေခန့် မြင့်တက်လာနိုင်သည်။ မုန်တိုင်းဖြတ်ကျော်စဉ် ရေပြင်မြေပြင်လေသည် တစ်နာရီ မိုင်၆ဝမှ မိုင် ၇ဝ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သည်။
သို့ပါ၍ ရခိုင်ကမ်းရိုးတန်းဒေသ မြန်မာ့ပင်လယ်ပြင်ဒေသများရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်နှင့် စက်လှေများ၊ ခရီးသွား ရေယာဉ်များအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် ပင်လယ်ပြင်မှ ဘေးလွတ်ကင်းရာသို့ ကြိုတင်ရှောင်ရှားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ (သတင်းစဉ်)
Comments