Mar Mar Aye 271

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၁)
ပိတောက်ရိပ်ဝယ်
မာမာအေး
ဧပြီ ၈၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေးဆရာ ရွှေပြည်အေးအကြောင်း ပြောနေတုန်းပါနော်၊ ၁၉၅၂ ခုနှစ်မှာ ‘အလင်္ကာကျော်စွာ’ ဆိုတဲ့ ဂီတရဲ့ အမြင့်ဆုံး ဘွဲ့ထူးကို ရရှိခဲ့တော့လဲ၊ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်လာရတာပေါ့ရှင်။

ဆရာက ‘၁၉ဝ၉’ ခုနှစ်ဖွား၊ ရှိများနေရင် အသက်တစ်ရာ၊ မွေးရက်က ဗိုလ်ချုပ်နဲ့ တူတယ်၊ ဖေဖော်ဝါရီ (၁၃) ရက်ပဲ၊ ဆရာ့အဖေက ဦးနု၊ အမေက ဒေါ်လှိုင် တဲ့။ ရန်ကုန်သားပါ၊ ဖခင်က ဝါသနာအရ စန္ဒရား အပျော်တမ်း တီးလေတော့ အိမ်ကို ဂီတဆရာသမားတွေ ဝင်ထွက် တီးမှုတ် ရှိတာကိုး၊ ဂီတပိုး ဝင်မှာပေါ့၊ လူကြီးတွေဝိုင်းထဲ ဝင်ပြီး သီချင်းဆိုတာ ငယ်တုန်းထဲကပါလို့ ရှေ့မှာ ပြောထားပြီပဲ။ စောင်းတို့ မယ်ဒလင်တို့ တယောတို့ စန္ဒရားတို့မှာလဲ ထူးချွန်သတဲ့။ စန္ဒရားမှာတော့ အကောင်းဆုံး တီးလုံး တီးကွက်တွေ ထွင်ပြီး တီးခဲ့တယ်။ ပန်းမြိုင်လယ်တို့ ပန်းဟေဝန်တို့ကို အဆိုတော် မအေးမိ ဆိုထားတဲ့ ဓာတ်ပြားမှာ နားဆင်ကြည့်နိုင်ပါတယ်ရှင်။ ဆရာတယောတီးထားတဲ့ ခေတ်ဟောင်း သီချင်းတွေမှာ ‘ကြိုးစားလိုက်ပါ ကိုအေးရေ’ လို့ အဆိုတော်တွေက ပြောတတ်ပါတယ်။ သတိထားကြည့်ပေါ့နော်။

မယ်ဒလင်နဲ့ စောင်းတီးတာတော့ ကိုယ်တိုင် မကြားခဲ့ရပါဘူး၊ ဆရာရွှေပြည်အေးရဲ့ ငယ်ပေါင်းရွယ်တူ ချစ်သူငယ်ချင်းဖြစ်တဲ့ အလင်္ကာကျော်စွာ စောင်းဦးဘသန်း ပြောခဲ့တာကတော့ သူတို့နှစ်ယောက်ဟာ ဆိုင်းဆရာကြီး ဦးမိုးညှင်းဆီမှာ ဆိုင်းသင်တယ်၊ စောင်းဆရာငြိမ်းဆီမှာလဲ စောင်းသင်ကြတယ် တဲ့။ ဆရာအေးက နုနုနယ်နယ် ကြွကြွလှလှလေး နေချင်တာမို့ ဆိုင်းလို အင်နဲ့အားနဲ့ ရိုက်ချက်မျိုးနဲ့ ကိုက်မယ် မထင်ပါဘူး၊ စောင်းကျတော့ သူငယ်ချင်း နှစ်ယောက်မို့ မပြိုင်လိုဘူး ဆိုပြီး စန္ဒရား ပြောင်းကျင့်တော့တာတဲ့ ရှင့်။ အဲဒီတော့ နှစ်ဦးလုံး အောင်မြင်ခဲ့ပါတယ်။

ပြန်စုကြည့်လိုက်ရင် ရွှေပြည်အေးဟာ ‘အဆို’က စပြီး ဂီတလောက ဝင်ပါတယ်။ စောင်း၊ ဆိုင်း၊ မယ်ဒလင်၊ တယောနဲ့ စန္ဒရားတို့ တီးနိုင်တဲ့ ပညာရှင် ဖြစ်တယ်၊ နာမည်ကျော် ဂန္တဝင်သီးချင်းများကိုလဲ ခေတ် အဆက်ဆက်မှာ ရေးသွားခဲ့တဲ့ ဂီတစာဆိုကြီးလေ၊ မာအေးရဲ့ ဂီတအဖေထဲမှာ တယောက်ဆိုတယောက် စံယူလောက်တဲ့ ဒီ ဂီတဆရာကြီးဟာ ငါးဆယ်နားနီးမှ ဇနီးရခဲ့ပါတယ်။ အဲဒီ အချိန်က ပြဇာတ်မင်းသမီး၊ ရုပ်ရှင်မင်းသမီး ရွေးပွဲတွေက ကောင်းနေတာကိုး။ အကဲဖြတ်ထဲ အမြဲပါတဲ့ ဆရာ ကညာ့လက်ထဲ ပါပေါ့လေ။ သူ့အချစ်ကလေးအတွက် ဘေးက လိုက်ရံရတာတွေက မာအေးတို့လို ဆရာ့အချစ်တော် တပည့် အဖွဲ့သားတွေပါပဲ။ ရန်ကုန်နဲ့ မနီးမဝေး ဟိုပြေးလည်လိုက် သည်ပြေးလည်လိုက် အဲဒီလောက် ဂရုစိုက်ရှာပါတယ်။ သံလျင်မြို့လေးက ‘ဒါရဂါ’ တခုမှာ သားဆုတောင်းရင် အောင်မြင်တယ်ဆိုတဲ့ သတင်းတခု ရတဲ့အခါမှာလဲ သွားပြီး ဆုတောင်းပါတယ်၊ ဆရာ့ သစ္စာပြု ဆုတောင်းတဲ့အတိုင်း သားကလေးသုံးယောက် ရလာလို့ အံ့သြလိုက်ရတာလေ။

ဆရာ့မှာ ‘ဗွေးတုတ်’လို ကြက်ဖခွပ် ကစားတဲ့ သီချင်း၊ ‘အောင်ထူ’လို ထုပ်ဆီးတိုးတဲ့ ကစားနည်းသီချင်း၊ ‘ဂုံညင်းထိုး’ ကစားတဲ့ သီချင်း၊ ‘ခြင်းခတ်’ ကစားတဲ့ သီချင်းတွေနဲ့ အတူ မှတ်ထားရမယ့် ‘လူကလေးတဲ့ကစားစရာ’ ဆိုတဲ့ သီချင်းတပုဒ် တိုးလာတာပေါ့ရှင်၊ မမသစ် ဆိုခဲ့ပါတယ်၊ ခုတော့ မာအေး ဆိုထားပြီ။

xxx မြူပေးမကွဲ့ (အနားမှာ)၂ xxx လူကလေး တဲ့ (ကစားစရာ)၂ xxx ဒီမယ်လေ မေ့ချစ်တဲ့သား၊ ပျော်အောင်သာ ရွှင်အောင်သာ အားလုံး အသင့်ထား xxx လိုရာသာ ပူဆာ၊ ဟိုမှာကွာ ယူပါ၊ အို လူကလေး အပြေးလာ၊ အုတ်ထရံဘေးမှာ၊ စားပွဲခုံလေးပေါ်ကဟာ၊ ကဆုံထွင် ပုံတွင် ခိုင်းဟန်နဲ့မာန်ချဲ့ကာ၊ မြေပြင်မှာ ခြေတင်ကာ အမြင်းခွာ ချင်းနင်းပေတာ xxx ဟော - ရွှေဘိုမြင်း ဆိုတာ ခွာသံညံညံ ပြင်းအောင်သာ၊ မတစ်ထောင် တကောင်ဖွား ကျား၊ ကျားသတ္တိပါ xxx
[ လူကလေးတဲ့ကစားစရာမှ ]

ဆရာရွှေပြည်အေးဟာ၊ အဲဒီလို ချစ်စရာဇနီး၊ သားကလေးတွေနဲ့ တပည့်တပန်းတွေနဲ့ တပြုံးပြုံး နေလာရင်းက ဒုက္ခလောင်မီး ဖိစီးလိုက်တာ မာအေးမျက်စေ့အောက်တွင်ပါပဲ။ မာအေးက ဆရာစားသုံးမြဲ ဖြစ်တဲ့ အားဆေး၊ စားဆေး၊ ထိုးဆေးတွေကို လတိုင်း ပို့နေကြပါ၊ တနေ့ ဆေးပို့ရင်း ရောက်သွားတဲ့အချိန်မှာ ‘စသုံးလုံးက အိမ်ပိတ်ပြီး ပိုက်စိပ်တိုက်ရှာတာနဲ့ ကြုံရပါတယ်။ အိမ်ထဲရှိတဲ့လူတွေက အပြင်ထွက်ခွင့် မပေးဘူး၊ မာအေးကိုတော့ မြန်မာ့အသံ တာဝန် ညပိုင်းကျတဲ့နေ့ ဖြစ်တဲ့အတွက် ပြန်လွှတ်ခဲ့ပါတယ်။

နောက်နေ့ ဆရာ့အိမ်ကို သွားမေးတဲ့အခါ “နိုင်ငံခြားငွေ လက်ဝယ်ထားမှု” ကြောင့် အရေးယူ ဖမ်းဆီးခံရတာတဲ့၊ ဆရာ့ဇနီးဆီက ကြားရတဲ့ စကားပါ။ နေ့ရှိသမျှ သီချင်းရေး၊ သီချင်းတိုက်၊ သီချင်းသွင်းနဲ့ နေဝင် မိုးချုပ် အလုပ်လုပ်နေရတဲ့ ဆရာ၊ ဘယ်နေရာမှာ ‘ဒေါ်လာ’သုံးမှာလဲ။ အိမ်မှာက ကက်ဆက်တို့ ရီကော်ဒါတို့လဲ မရှိ၊ ကိုယ်ပိုင်ကားလဲ မရှိ၊ သူဘာမှ မသိပါဘူးလို့ စစ်ဆေးတဲ့သူကို ပြောတဲ့ ဆရာ့အသံ နားထဲ ကြားနေတော့တယ်၊ ဒီကိစ္စမှာ ဆရာ့ဇနီး ရုပ်ရှင်ရူးမက သူ့မောင် သံရုံးတရုံးမှာ အလုပ်လုပ်နေတဲ့ ကောင်ကလေးနဲ့ ပူးပေါင်းပြီး အရောင်းအဝယ် လုပ်မှသာ ဖြစ်နိုင်မှာပါ။ အင်း - - ဘယ်သူကပဲ လုပ်လုပ်ပေါ့လေ၊ ဆရာ့အိမ်မှာ ဆရာက အိမ်ထောင်ဦးစီး ဆိုတော့ ဆရာပဲ ခံလိုက်ရတာပေါ့၊ ဘာမသိ ညာမသိ အချောင် ဝင်ငြိသွားရတဲ့ ဆရာ့ကို သနားလွန်းလို့ ငိုပဲ ငိုတတ်ခဲ့ပါတယ်။ မာအေး အသက် နှစ်ဆယ်ကျော်လေးမို့ အတွေ့အကြုံကလဲ မရှိ၊ ဘယ်သူ့ကို ကူညီခိုင်းရမှန်းလဲ မသိ၊ ဆရာ့တပည့်တွေ အားလုံး ယူကြုံးမရတဲ့ အသိနဲ့ ပြန်အလာကို မျှော်ခဲ့ကြရပါတယ်ရှင်။ သြော် - - အင်္လကာကျော်စွာ ဘွဲ့ထူး ဂုဏ်ထူးကြီးနဲ့ ပညာရှင်ဆိုပေမယ့် ထန်းပင်ပေါ်က ဆရာကြီးတွေ ငုံ့တောင် ကြည့်မိကြရဲ့လား၊ သိတောင်မှ သိပါ့မလားရှင်တို့ လို့ မေးလိုက် ချင်လိုက်တာလေ။ ဆရာမရှိတဲ့ အချိန်ကြီးမှာ ဇနီးသတင်းက မကောင်း၊ ကိုယ့်မှာကလဲ အကြောင်းကြောင့် မရောက်နိုင် ဖြစ်နေပြန်တယ်။ နောက်တော့ ဆရာ ပြန်ရောက်လာပါပြီ။ ဇနီးက မကြည်၊ ဆရာ့ဘဝ ကသီကရီ၊ တသီးတခြားစီ တဲ့။ ဆရာက တပည့်တွေဆီမယ် လိုက်နေတော့သတဲ့ရှင်။

xxx မောင်ကိုယ်တိုင်လဲ မေ့ကိုပဲ ချစ်တယ်၊ မေကိုယ်တိုယ်လဲ မောင့်ကို ချစ်တယ်၊ တူတူမောင်မယ် ချစ်ရေစင် ဖြန်းဆဲဝယ် xx ဘယ်ကံ စီမံချယ်လှယ် xx အို ရေစက်မွဲ ဖူးစာလွဲပေါ့ကွယ်၊ သံသရာထဲ တွေ့ပြန်လဲကွဲမယ်၊ မေခင်ရယ် ချစ်ဒေါသ အမျက်သန်းနှင်းတယ်၊ မျက်ရေ သက်သေ ပိတောက်ပန်း ပွင့်တော့ လွင့်ပေါ့ကွယ် xx လေယူရာ တလွင့်လွင့် ပိတောက်ပွင့်လေး၊ ချစ်ဖော်နဲ့လွဲရလို့ အသဲနာသေး၊ ပိုကယို မကြောက်စိတ်၊ ငိုမလိုတယောက်မအိပ် အို - - ပိတောက်ရိပ်ဝယ် xxx

[ပိတောက်ရိပ်ဝယ် မှ- ဝင်းဦး]

( မူရင်း - ဘီဘီစီ၊ မြန်မာဌာန )

Comments