Mar Mar Aye - 272

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၂၇၂)
ရွှေပြည်အေး ဇာတ်သိမ်း
မာမာအေး
ဧပြီ ၁၂၊ ၂၀၀၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့ တပတ်က ဆရာ ရွှေပြည်အေးရဲ့ ကံကြမ္မာ နုံချာချာ၊ ကြုံလာတာ၊ ပုံတပုံသာ ဖြစ်လိုက်စမ်းပါတော့ လို့ ဆုတောင်းဖို့ ကောင်းလာပြီနော်။ အဲဒီ အကျော်ဒေယျ ဂီတဆရာကြီး ပွားစည်းခဲ့တဲ့ ပြောစရာတွေကို နားထောင်ပါဦး။

ဆရာရွှေပြည်အေးမှာ အလေးစားရဆုံးကတော့ ကိုယ့်အမျိုးသား အသံ၊ နိုင်ငံတကာအသံ၊ ဘယ်အသံနဲ့ ဘယ်လို သီချင်းမျိုးကို ရေးစပ် ဖွဲ့သီ ဆိုရသည်ဖြစ်စေ ခွင်ကျ-ဒေါင့်ကျိုး၊ စာချိုး နဲ့ သံစဉ် အံဝင်တာမှ တထပ်ထဲ ၀ဲကို မနေပါဘူး။ မြန်မာတို့ရဲ့ လင်္ကာ ကဗျာ၊ ကာရံနဘေ၊ ရှည် - တို - လေး - ပေါ့ - တချက်ကလေးမှ လျော့မသွားအောင် ရေးနိုင်စွမ်းတဲ့ ဂီတ စာဆိုပါ။ နိုင်ငံတကာ ဂီတ၀ိုင်းကြီးမျိုး စိုက်ပျိုးလိုတဲ့ ဂီတဥယျာဉ်မှူး လို့ ကင်ပွန်းတပ်နိုင်အောင်လဲပဲ ၁၉၅၂ ခုနှစ်ထဲမှာ ‘သုခုမအခြေခံ’ ပဒေသာ ကပွဲမျိုး ကြိုးစား တင်ဖက်ဖူးခဲ့ပါတယ်ရှင်။

အဲဒီအကြောင်းဆက်ကြောင့် တော်လှန်ရေးကောင်စီ ခေတ်မှာ စစ်ကြိုခေတ်က ဆရာကိုယ်တိုင် ရေးသား စင်တင်ခဲ့တဲ့ လယ်သမား အကျိုးပြု ‘ဗမာ့သွေးခဲ’ ပြဇာတ်ကို ပြန်လည် တင်ဆက်စေခဲ့ပါတယ်ရှင်။ ရှင်ရှင်မင်းသား ၀င်းဦး၊ မင်းသမီး သင်းသင်းလဲ့၊ ဘေဘီနွဲ့ နဲ့ ဖိုးပါကြီးတို့ ခေါင်းဆောင် ကပြခဲ့ကြပါတယ်။ ရွှေပြည်အေးရဲ့ ဗမာဂီတ တူရိယာနဲ့ နိုင်ငံတကာ ဂီတ တူရိယာတို့ ပေါင်းစပ် ဖွဲ့ဆင်ထားတဲ့ တီးဝိုင်းကြီးက ဟီး လို့ပေါ့။ တူညီဝတ်စုံနဲ့ အလှဆင်ထားတဲ့ ၀ိုင်းသား လေးဆယ်လောက် တီးမှုတ်နေတဲ့ ဇာတ်ခုံငယ်ဟာ ဇာတ်ခုံအောက်က တရွေ့ရွေ့ တက်လာတာမျိုး၊ ဖျော်ဖြေတာမျိုး ပရိသတ် မြင်အောင် တီထွင်ခဲ့ပါသေးတယ်။ မာအေးလည်း စည်းဝါးလေး ကိုင်ရင်း အဖွဲ့ထဲ ပါရတာပေါ့။ မင်းသမီးအဓိက ဖြစ်တဲ့ သင်းသင်းလဲ့ကလေးက အကိုဝင်းဦးတို့ မမဘေဘီတို့ ဦးလေး ဖိုးပါကြီး တို့လို ပြဇာတ် ကပေမယ့် သီချင်း မဆိုတတ်ဖူး။ မာအေးက သူ့နေရာ ကျရင် တီးဝိုင်းထဲက လိုက်ဆိုပေးရတာလေ။ သူရိုက်တဲ့ ရုပ်ရှင်တွေမှာလည်း မာအေးက ဆိုပေးနေကျမို့ပါ။ အခု ကြားရမယ့် မိန်းမနောက်ပိုး သီချင်းလေးဟာလည်း ဆရာအေးက ရေးပြီး မာအေး ဆိုပေးခဲ့တာ သင်းသင်းလဲ့အတွက်ပါပဲ။ ‘ငုတ်မိသဲတိုင်’ ကားမှာတုန်းက မင်းသား ထွန်းဝေကြီးကို ပိုးနေတဲ့ တောသူမလေး အခန်းမှာ သုံးခဲ့တဲ့ သီချင်းလေးပေါ့ရှင်။

xxx ကိုလူပျို မြို့သားကြီးကို တို့လိုများ တဖက်သတ်နဲ့ ချစ်ပါလား၊ တသက်အပ်မယ့် မေတ္တာထား၊ သွားတူတူ၊ လာတူတူ၊ စားတူတူ၊ ထိုင်တူတူ၊ အိပ်တူတူ၊ နေတူတူ၊ တွဲတူနှစ်ကိုယ်မခွဲ မြှူချိုချို၊ အသဲယူတော့ဆို xxx (ကိုလူပျိုချော မှ)

ဆရာ့သီချင်းကို ဆိုမယ့်ကြံရင် စည်းဝါး အ၀င်အထွက် အတိအကျ ဆိုမှ ပိုလှပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ရှေ့တိုးနောက်ဆုတ် အဆို အိုက်တင် လုပ်လို့ကတော့ ခလုတ်တိုက်ပြီး လိုက်လို့ရမှာ မဟုတ်ဘူး လို့ မှာထားမယ်နော်၊ အသေ မှတ်ပေရော့၊ အဆိုသမားက ရေးတဲ့ သီချင်းမို့လား၊ ဆိုပေါက်ပါ ထည့်ရေးပြီးသားပါ။ တခြားက အစားထည့်လို့ မရနိုင်ပါဘူး။ ဒီတခါ နားထောင်ကြည့်ရအောင် ‘မောင်ချစ် နှမချစ်’ ဇာတ်ကားမှာ နှမ လုပ်တဲ့ ၀ါဝါ၀င်းရွှေက အကိုဖြစ်တဲ့ ‘ခင်မောင်ဇင်’ ကို ရှက်စနိုးနဲ့ ရည်းစားရလာတာကို ပြောပြပုံမျိုး ဆရာ ရေးတဲ့ သီချင်း မာအေး ရွေးထားပါတယ်။
xxx ကိုကို … ၊ ကျမကို၊ သူလာကာ ပြောစကား၊ ပူဆာတာ နားစိုက်တော့ကွယ် xxx ပျိုပျို … မျက်လုံးကို၊ ပျူငှာစွာ လက်နှစ်ဖက်နဲ့ သူ အသာအယာ ပိတ်လိုက်တော့တယ် xxx ဘယ်လို ငြင်းရမယ်၊ တကယ်ကို အခင်းမလှဘွယ်၊ နှစ်သွယ် ကိုယ်ချင်း ရှင်းရာ ခင်းပြန့်နဘေးဝယ်၊ ၀ါစာရင့်ကြွေးသေးတော့တယ်၊ ကိုကို … ၊ ကျမကို သူလာကာ ပြောစကား၊ ပူဆာတာ နားစိုက်တော့ကွယ် xxx (ကိုကို မှ တပိုဒ်)

သီချင်းတပိုဒ်က တပိုဒ်ကို ဆက်တဲ့ နေရာတွေမှာ စာမပါဘဲ ဆွဲတဲ့ ဆိုပုံမျိုး ကြားလိုက်တယ် မဟုတ်လား။ စာကလည်း လိုရာရောက်၊ သဘောပေါက်ပါတယ်နော်။ သြော် - အဲဒါ ကုလားသီချင်း၊ ရွှေပြည်အေး လက်တွင်းမှာ မြန်မာ့လုံကွင်း အထင်းသားပါပဲ။

ချစ်ဆွေတို့ရယ်၊ ပြီးနှင့်လေတဲ့ ရွှေပြည်အေး ကိစ္စတွေနောက်၊ ဆရာ့ ကြမ္မာက ဖောက်ခဲ့ပြီလေ။ ကံသီလို့ လယ်စိုက်ရှင်းက မြေပဒေသာ ဇာတ်ခုံဆောက်၊ ဆိုတဲ့ တီးတဲ့ ကတဲ့သူတွေကို ထောက်တာနဲ့ ကြုံလို့ နေ့စား လရှင်း အလုပ်ဆင်းရရှာပါတယ်။ ဒီတော့လည်း သီးနှံတွေကို ဖွဲ့၊ စိုက်ပျိုးမှုတွေကို ဖွဲ့တဲ့ သီချင်းတွေ ထွက်လာတာပါ။ မြန်မာနိုင်ငံ ခေတ်ပေါ် တေးဂီတ ကောင်စီ ဥက္ကဋ္ဌ ဖြစ်ခဲ့တော့လည်း ဂီတကောင်စီ သီချင်းတွေ ရေးပေးတယ်။ မာဒေးကား ဘောလုံးပွဲအောင်ပွဲတွေလည်း မကျန်ပါဘူး။ ထူးထူးခြားခြား စင်ပေါ် ဘယ်တော့မှ မတက်တဲ့ ‘ပြည်လှဖေကြီး’ ကိုတောင် မေရှင်နဲ့ စုံတွဲ ဆိုခဲ့တဲ့ ‘နန်းကေသီ’ သရုပ်ဖော် ဆိုပေးဖြစ်အောင် စည်းရုံးနိုင်ခဲ့သူပါ။ သူ့အိမ်သူ ဇနီး မပါ လို့ ပြောရမှာပေါ့လေ။ အခြေအနေ ပေးတဲ့ အသည်းကွဲဒဏ်ရာက ကိုမြင့်ဆွေ အသံလွှင့်ဖို့ ‘စိမ်း’ ဆိုတဲ့ သီချင်းနဲ့ ‘စိမ်းသည်ထက်စိမ်း’ ဆိုတဲ့ နှစ်ပိုဒ် ရေးထုတ်ခဲ့ပါသေးတယ်။ ဆရာနဲ့ မာအေး ရုပ်ရှင်တေးက ‘မိုးပုလဲနဲ့တိမ်မည်းညို’ ဟာ နောက်ဆုံး လို့ ပြောရမှာပါပဲ။ ‘အတိတ်က တနာရီ’ ဆိုတဲ့ နာမည်နဲ့ လုံးချင်း ၀တ္ထုတအုပ်လည်း ဆရာ ရေးဖြစ်ခဲ့ပါသေးတယ်ရှင်။

၁၉၇၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက် ကမ္ဘာကြီး ငြိမ်းချမ်းရေး ရဖို့ ကမ္ဘာ့ကုလသမဂ္ဂ တည်ထောင်တဲ့ ညမှာ ဆရာတယောက်ဖြင့် ငြိမ်းချမ်းရာဆီ သွားတော့ပြီ တဲ့။ အကိုလို နေတဲ့ အဆိုတော် ကိုစိန်ဝင်းက ဖုန်းဆက် သတင်းပေးခဲ့တယ်။ ညနေ ရေချိုးရင်းက နှလုံး လေရိုက်တာ ဖြစ်မယ် တဲ့။ မာအေး ချက်ချင်း လိုက်သွားခဲ့ပါတယ်။ ‘အမယ်လေး ဖြစ်ရလေခြင်း ဆရာရယ်’ လို့ ရင်ထဲက အသံတောင် မထွက်နိုင်တော့ပါဘူးရှင်။ တိုက်ရဲ့ မြေအောက်ခန်း ဆယ်ပေညပတ်လည်လောက် အထဲမှာ ခေါင်းအုံးတလုံး၊ ဖျာတချပ်၊ သော့တန်းလန်းနဲ့ သံသေတ္တာလေး တလုံးရဲ့ ဘေးမှာ ခွေခွေလေး။ အဲဒါ … ဂန္ဓ၀င်တေးတွေရဲ့ အရှင်သခင်ကို နောက်ဆုံးမြင်ရတဲ့ ဆို့နင့်ကြေကွဲ တရား ရစရာ မြင်ကွင်းပါပဲ။ ကျန်တာကို ဆက်တွေးကြည့်ကြပါတော့။ ဆရာ့အုတ်ဂူလေးမှာတော့ ‘လွမ်းငွေ့ဝေေ၀’ လို့ ဆရာ့ဆန္ဒအတိုင်း ရေးထိုးပေးခဲ့ကြပါတယ်ရှင်။

xxx လွမ်းတယ် … အို … ဖူးစာကံ နည်း ဆန်း ၍ ထွေထွေ … ပျိုတဦးမှာသာပဲ လွမ်းမြေ့နေစေ … နှင်းရည် ပက်ဖြန်း … ချမ်းတဲ့လတွေ အခါခါ မြန်းချွေနေ … လွမ်းငွေ့ ဝေေ၀ xxx

( မူရင်း - ဘီဘီစီ၊ မြန်မာဌာန )

Comments