မြစ်ကြီးနားထောင်တွင် ထောင်ဝင်စာကန့်သတ်သဖြင့် နိုင်ငံရေးအကျဉ်းသားတချို့က ကန့်ကွက်
မိုးမခအထောက်တော် ၀၀၃
ဧပြီ ၆၊ ၂၀၀၉
မြစ်ကြီးနားထောင်ရောက် နိုင်ငံရေးအကျဉ်းသားတချို့၏ ထောင်ဝင်စာကို တလလျှင် ၂ ကြိမ်မှ တလလျှင် ၁ ကြိမ်သို့ အကြောင်းပြချက် တစုံတရမရှိဘဲ ပြောင်းရွှေ့ကန့်သတ်လိုက်သည်ဟု ဆိုသည်။ သင်္ကြန်နီးချိန် ရုံးပိတ်ရက်များကို ရှောင်လွှဲနိုင်ရန်အတွက် ယခုဧပြီလ ဒုတိယအပတ်အတွင်း ထောင်ဝင်စာတွေ့ရန် ကြိုးစားသူမိသားစုဝင်တို့ကို နောက်လမှ လာရန် ထောင်အာဏာပိုင်တို့က အမိန့်ထုတ်လိုက်သည်ဟု သိရသည်။
ထောင်အာဏာပိုင်တို့က အချို့သော အကျဉ်းသားများကို တလ ၂ ကြိမ် ထောင်ဝင်စာတွေ့ခွင့်ပေးထားပြီး ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားတို့ကို ကန့်သတ်ပိတ်ပင်ခြင်းမှာ တရားမျှတမှုမရှိဟု ဆိုကာ ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားတချို့က ၎င်းတို့လက်ခံရရှိထားသော ထောင်ဝင်စာများကို လက်မခံဘဲ ငြင်းဆန် ကန့်ကွက်လိုက်သည်ဟုလည်း မိသားစုဝင်များက ပြောကြားသည်။
ထို့အပြင် မြစ်ကြီးထောင်အာဏာပိုင်အချို့က ထောင်ဝင်စာတွေ့ခွင့်ရရေးနှင့် မိသားစုဝင်များနှင့် နီးသော အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခွင့်ရရေး စသည်အခွင့်အရေးများကို စီစဉ်ပေးမည်ဟု လှည့်ဖြားလိမ်ညာပြီး ငွေကြေးများ တောင်းဆိုခဲ့ကြသည်ဟုလည်း သိရသည်။
“အားလုံးက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ၀ိုင်းတောင်းဆိုနေတဲ့ဆီမှာ စစ်အစိုးရနဲ့အတူ ဒီကိစ္စကို သဘောမတူတဲ့သူတွေကတော့ အကျင့်ပျက်ထောင်ဝန်ထမ်းတွေ၊ ထောင်အာဏာပိုင်တွေပဲ။”
ဟု မိုးမခပရိသတ်တဦးက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင် ကျော်ရှိသည်။
Comments