ဝိရောဓိ အချစ်
ညိုထက် (လမ်းသစ်ဦး)
ဧပြီ ၁၁၊ ၂၀၀၉
သင်္ကြန်မှာ
ရေမစိုတဲ့အခါ
လွမ်းရတာတွေနဲ့ ထောင်းထောင်းကြေ။
ရေမစိုတဲ့ သင်္ကြန်တွေနဲ့
စီးချင်းထိုးခဲ့ရဖူးတယ်
စစ်မြေပြင် ကျေးလက်မှာ။
ရှားပါး ပွင့်ပေါက်
တောပိတောက်ကို
ဘားတိုက်ဆောက်ဖို့ ခုတ်လိုပြီလို့လည်း
တို့မှတ်ခဲ့ဖူးတယ်
စစ်တန်းလျား ကျေးလက်မှာ။
တူးပို့တေးသံနဲ့
ရေတွေ … ရေတွေစိုကုန်ပြီဆိုတဲ့ သင်္ကြန်မှာပေါ့ …
ပုတတ်စာတွေ လိုက်ချိုးကြ
ဥသျှစ်ရွက်တွေ လိုက်ဆွတ်ကြ
ခါချဉ်ဥတွေ လိုက်ဖွတ်ကြ
မြင်းခွာရွက်တွေ လိုက်နှုတ်ကြ
ပုရစ်တွေ လိုက်တူးရ
ပုစဉ်းရင်ကွဲတွေ လိုက်ဖမ်းရ။
နွေခေါင်ခေါင် ရေခေါင်ခေါင်မှာ
ရန်နဲ့ ငါ
ကျည်ဆန်တွေ လောင်းချကြဖို့
တောင်တန်းတွေပေါ်မှာ
မဏ္ဍပ်ထိုးပြီး စောင့်ခဲ့ကြဖူးတယ်။
ရေမစိုတဲ့ သင်္ကြန်
သံလွင် …
သောင်ရင်း …
သောက်ရေခပ်
ပွန်ချောင်း …
ပေါင်းလောင်းချောင်းတွေထဲ
ခုန်ခုန် ချကြ
အဲဒီလိုနဲ့ ကျေနပ်ခဲ့ရ။
လူထုကို မှီခိုကာ
တော်လှန်စစ် နွဲရမှာ။
သင်္ကြန်မှာ ရေမစိုစဉ်က
တခုခုကို လွမ်းခဲ့ပြီး
အခုတော့ …
ရေမစိုတဲ့ သင်္ကြန်တွေကိုပဲ
ပြန်ပြန် လွမ်းနေရ
တောင်ယာတွေက ရေမကစားတတ်ဖူးလေ။
သားရေ …
မင်းရဲ့ ရေသေနတ်ကလေးနဲ့
မပစ်လိုက်ပါနဲ့
အဖေ့ တကိုယ်လုံး
အလွမ်းတွေနဲ့ ရွှဲရွှဲစိုကုန်မှာ စိုးလို့ပါကွယ်။ ။
Comments