ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ (၁၂)
‘၁၉၆၃ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နှင့် ကျောင်းသားသမဂ္ဂ’
အောင်ဝေး
ဧပြီ ၂၅၊ ၂၀၀၉

၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ ကိုယ်တိုင် ပါဝင် ခေါင်းဆောင်ခဲ့တဲ့ ဘိုကလေး ဦးလှရွှေက ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း (၂၈)ရက်၊ (၈)လ၊ ၈၈ ဗကသများ အဖွဲ့ချုပ် ပြည်လည် ဖွဲ့စည်းရေး ညီလာခံ မိန့်ခွန်းမှာ-
‘၁၉၆၂ ခုနှစ်မှာ စစ်တပ်က ဒုတိယအကြိမ် အာဏာ သိမ်းခဲ့တယ်။ ကျောင်းသား သမဂ္ဂများက ပထမဆုံး တပ်ဦးက ထွက်ပြီး ဆန့်ကျင်ခဲ့ကြတယ်။ ဒါကြောင့် သမိုင်းတွင် ကျန်ရစ်မယ့် ဇူလိုင်လ(၇) ရက် ကျောင်းသား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ရတယ်။ ကျောင်းသားတွေ ရာချီပြီး အသတ်ခံရတယ်။ ရာချီပြီး အဖမ်း ခံခဲ့ရတယ်။ ရာချီပြီး ဝရမ်းပြေးဘဝ ရောက်ခဲ့ကြရတယ်။ ရာချီပြီး ရာသက်ပန် ကျောင်းထုတ်ခံခဲ့ကြရတယ်။ သမဂ္ဂများ တရားဝင် ရပ်တည်မှုကို ဖျက်သိမ်းခံရတယ်။ ဗကသ၊ တကသ၊ ရကသ စတဲ့ ဗဟို ကျောင်းသား သမဂ္ဂ ခေါင်းဆောင်များနဲ့ မြို့နယ်ပေါင်း (၂ဝဝ) ကျော်က မြို့နယ် ကျောင်းသား ခေါင်းဆောင် မြောက်များစွာ အသက်စွန့်သွားကြ၊ အချို့ ထောင်ထဲမှာ၊ ကိုကိုးကျွန်မှာ လူဖြစ်ရှုံးသည် အထိ ညှဉ်းပန်း ခံခဲ့ကြရတယ်’ လို့ ပြောဆိုခဲ့ပါတယ်။
ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင် ကျောင်းသားဟောင်းကြီး တစ်ဦး ဖြစ်တဲ့ ပဒိုမန်းရှာကလည်း ‘စစ်အုပ်စုသည် မတရားမှုကို ဆန့်ကျင်သည့် လူငယ် ကျောင်းသားများ၏ တော်လှန်ရေး စိတ်ဓာတ်ကို နုတ်ပယ်ပစ်ရန်၊ လူငယ် ကျောင်းသားများကို ကျွန်ပညာရေးစနစ် ကျင့်သုံးပြီး ကျွန်သဘောက်လို ဖိနှိပ် ကျွန်ပြုထားရန် ကြိုးပမ်းခဲ့သည်။ သို့သော် လူငယ် ကျောင်းသားများ၏ လွတ်လပ်မှု၊ တရားမျှတမှုကို မြတ်နိုးသည့် စိတ်ဓာတ်ကို နုတ်ပယ် ဖျက်ဆီးခြင်းငှာ မစွမ်းနိုင်ချေ။ ဇူလိုင် (၇)ရက်၏ စိတ်ဓာတ်သည် အစဉ် ရှင်သန်နေမည်သာ ဖြစ်သည်’ လို့ရေးခဲ့ဖူးတာကိုလည်း ကျွန်တော် ပြန်အမှတ်ရလာပါတယ်။
ဗိုလ်ချုပ်ကြီး နေဝင်း တော်လှန်ရေး ကောင်စီ အစိုးရဟာ ကျောင်းသားတွေကို အစုလိုက် အပြုံလိုက် သတ်ပြီး ပြည်သူတွေကို စစ်ကျွန်ဇာတ်သွင်းဖို့ လက်နက်အားကိုးနဲ့ မြန်မာ့ နိုင်ငံရေး ဇာတ်ခုံပေါ်ကို ခေတ်သစ် ဖက်ဆစ်တွေအဖြစ်နဲ့ တက်လာကြပါပြီ။ စစ်အုပ်စုဟာ ကျောင်းသား သမဂ္ဂများကို မတရား ပိတ်ပင်လိုက်ပါပြီ။
သမဂ္ဂများ တရားဝင် ရပ်တည်ခွင့် မရတဲ့ ကာလမှာ သမဂ္ဂများ ကိုယ်စား ‘ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီ’ SAC (Student Affairs Committee) ကို ဖွဲ့စည်း လှုပ်ရှားခဲ့ကြရတယ်။ SAC ရဲ့ ဥက္ကဌက ဦးတင်မောင်ဝင်းပါ။
ဆဲဗင်းဂျူလိုင် အရေးတော်ပုံနောက်ပိုင်း ကျောင်းသား လှုပ်ရှားမှုတွေကို SAC ကျောင်းသား အခွင့်အရေး ကာကွယ်မှု ကော်မတီကပဲ တာဝန်ယူ လုပ်ဆောင်ခဲ့ပါတယ်။ SAC က ဆဲဗင်း ဂျူလိုင် (၆) လပြည့် နေ့မှာ ကျောင်းသားတွေ ရာကျော် ကျဆုံးခဲ့တာကို ရည်စူးပြီး ‘ရာကျော်’ ကျောက်တိုင် စိုက်ထူကြပါတယ်။
ဒီကျောက်တိုင်ကို ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့ ဘေးချင်း ယှဉ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေက ညတွင်းချင်း အပြီး စိုက်ထူခဲ့ကြတာပါ။ ကျောက်တိုင်က အောက်ခြေအကျယ် (၆၂) လက်မ၊ အမြင့်(၇)ပေ၊ (၇)လက်မ ရှိပါတယ်။
ရာကျော်ကျောက်တိုင် ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ‘အဆောက်အအုံ ကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ ရင်ထဲက သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး’ လို့ မိန့်ခွန်း ပြောခဲ့ပါတယ်။
၁၉၆၃ ဧပြီလထဲမှာ စစ်အစိုးရက အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်တယ်။ ဇွန်လ ဒုတိယပတ်ထဲကျတော့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ တော်လှန်ရေးကောင်စီက တောတွင်း လက်နက်ကိုင် အင်အားစုတွေကို ဖိတ်ခေါ်တဲ့ ကြေညာချက် ထွက်လာပါတယ်။
နိုင်ငံရေး အနေအထားအရ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ခေါင်းဆောင် တချို့ ပြန်လွတ်မြောက်လာပြီး ဗကသ၊ တကသ၊ ရကသ ကျောင်းသား သမဂ္ဂကြီး (၃)ခု ပြန်လည် ရပ်တည်လို့ ရလာပါတယ်။
၁၉၆၃ ဇူလိုင်လ (၇)ရက် ဆဲဗင်းဂျူလိုင် တစ်နှစ်ပြည့်တဲ့အခါမှာတော့ ဖြိုဖျက်ခံရတဲ့ သမဂ္ဂ္ဂအဆောက်အအုံ Union နေရာမှာ အလျားပေ ၂ဝဝ၊ အနံပေ ၂ဝ ယာယီ သမဂ္ဂ အဆောက်အအုံကို ဝါးဓနိ နဲ့ ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။
ဆဲဗင်းဂျူလိုင် တနှစ်ပြည့် အခမ်းအနားကို ဗကသများ အဖွဲ့ချုပ်က ကြီးမှူး ကျင်းပခဲ့တယ်။ အခမ်းအနားမှာ ဇူလိုင်လ(၇)ရက် အရေးတော်ပုံနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေ၊ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ်။
၁၉၆၃ နိုဝင်ဘာလမှာ တက္ကသိုလ် ကောလိပ်တွေ ပြန်ဖွင့်ပါတယ်။ ဒီအချိန်မှာပဲ တော်လှန်ရေး ကောင်စီနဲ့ တောတွင်း လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်ပေါ်လာပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ဥပဒေတွင်း ဒီမိုကရေစီ အင်အားစုများ အားလုံး ပါဝင်ဖွဲ့ စည်းထားတဲ့ ‘ပြည်သူ့ ကော်မတီကြီး’ အတွင်းမှာ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ပါဝင် တာဝန်ယူခဲ့ကြတာပါ။
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ (၁ဝ)ရက် ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့မှာ ကျင်းပတဲ့ (၆)ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲမှာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တဲ့ တက္ကသိုလ်နဲ့ အထက်တန်း ကျောင်းသားထု တရပ်လုံး သိန်းချီပြီး ပါဝင် ဆန္ဒပြကြပါတယ်။ (၆)ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးကို လူ(၅)သိန်း နီးပါး တက်ရောက်ခဲ့တယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလ (၁၄)ရက်နေ့မှာတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ရပါတော့တယ်။ ဗိုလ်ချုပ်ကြီး နေဝင်း တော်လှန်ရေး ကောင်စီ အစိုးရဘက်က တစ်ဖက်သတ် ရပ်ဆိုင်းပစ်လိုက်တာပါပဲ။
စစ်အစိုးရဟာ အဲဒီနေ့ကပဲစပြီး ဒီမိုကရေစီ အင်အားစုတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီးပါတော့တယ်။ တနိုင်ငံလုံးက ဒီိမိုကရေစီလိုလားတဲ့ နိုင်ငံရေးသမားတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ၊ ကျောင်းသား ခေါင်းဆောင်တွေ (၃ဝဝဝ)နီးပါး အဖမ်းခံကြရပါပြီ။ ဒီအထဲမှာ ဆရာဒဂုန်တာရာနဲ့ အခြား တိုးတက်တဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေလည်း ပါသွားပါတယ်။
ဗကသ ဥက္ကဌ ကိုသက်၊ တကသဥက္ကဌ ကိုဗဆွေလေး၊ လူထုဦးလှ လူထုဒေါ်အမာ တို့ရဲ့သား ရဲဘော်စိုးဝင်းတို့ အပါအဝင် ကျောင်းသားတွေ အများအပြား တောခိုသွားခဲ့ရပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားတာနဲ့ တပြိုင်နက် စစ်အစိုးရဟာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ယာယီ သမဂ္ဂ အဆောက်အအုံနဲ့ ရာကျော် ကျောက်တိုင်တို့ကို ထပ်မံ ဖြိုဖျက်ပစ်လိုက်ပြန်ပါတော့တယ်။
၆၂ ဇူလိုင်လ(၇)ရက် Union အဆောက်အအုံ ဗုံးခွဲခံရပြီး နောက်မှာ တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှူးချုပ် အောင်ကြီးက ‘သမဂ္ဂ အဆောက်အအုံသစ်ကို ရွှေအုတ်နဲ့ ပြန်ဆောက်ပေးပါမယ်’ လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့ စကား၊ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ သမ္မတ ဒေါက်တာမောင်မောင် က သမဂ္ဂ အဆောက်အအုံသစ်ကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပါ့’ လို့ပြောခဲ့တဲ့ စကားတွေကို ဘယ်သူမှ မမေ့ကြသေးပါဘူး။ ။

[ မူရင်း - လွတ်လပ်သည့်အာရှအသံ Radio Free Asia, Burmese Service ]
Comments