Than Soe Hlaing - Nargis Reporter Story -4

သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ (၄)
သန်းစိုးလှိုင်

ဧပြီ ၄၊ ၂၀၀၉

မုန်တိုင်းဒဏ်ခံရပြီးခါစ ကွမ်းခြံကုန်းမြို့ စံပြရပ်ကွက်


ဧရာဝတီတိုင်းမှ ရင်နင့်ဖွယ်ရာများ

ရန်ကုန်မြို့နေလူထုမှာ ကိုယ့်ဒုက္ခနှင့်ကိုယ် နပမ်းလုံးနေခိုက် လူပေါင်း ၂ သန်းမျှ နေထိုင်သည့် ဧရာဝတီတိုင်း ရှိ မြစ်ဝကျွန်းပေါ်ဒေသနေ လူထုမှာ မီးရဖို့ ရေရဖို့ ဆိုသည့်ကိစ္စများထက် အဆများစွာ ဆိုးဝါးသည့် သေရေးရှင်ရေး တမျှအခြေအနေများကို ရင်ဆိုင်နေကြရသည်။ တသက်တွင် တကြိမ်မျှ မကြုံဘူးသည့် သဘာဝ ကပ်ဘေးကြီးကို မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ခါးစည်း ခံစားခဲ့ရသည်။ ထိုကပ်ဘေးကြီးက သိန်းဂဏန်း၊ သန်းဂဏန်းနှင့် ချီသည့်လူများကို မိသားစု ဆုံးရှုံးစေခြင်း၊ အိပ်မက်ဆိုးကြီးတခုကို ရင်ဆိုင်ကြုံတွေ့စေခြင်းတို့ သယ်ဆောင်လာခဲ့သည်။


ဟိုင်းကြီးကျွန်းမှ စတင်ဝင်ရောက်လာသည့် နာဂစ်မုန်တိုင်းသည် ဧရာဝတီတိုင်းကို အရှေ့မြောက်သို့ ဦးတည်ကာ ခပ်စောင်းစောင်း ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းတွင် မြောက်ဘက်ကျသဖြင့် မုန်တိုင်းဒဏ်ကို ဆိုးဝါးစွာ မခံစားရပဲ ပင်လယ်ရေမျက်နှာပြင်၊ မြစ်ရေမျက်နှာပြင်ထက် သိပ်မမြင့်သည့် လပွတ္တာမြို့နယ် တောင်ပိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် တောင်ပိုင်း၊ ဘိုကလေးမြို့နယ်တောင်ပိုင်း နှင့်ဖျာပုံ၊ ဒေးဒရဲ ကွမ်းခြံကုန်းမြို့နယ် တို့မှာ အပျက်အစီး များသည့် ပြင် အသေအပျောက်လည်း အထူးများပြားခဲ့သည်။

နာဂစ်ဒဏ်ခံရပြီးနောက် စပါးကျီဒေသ မြစ်ဝကျွန်းပေါ်လယ်ကွင်းများ (အင်တာနက်မှ ယူသည့်ပုံ)

သေပျောက်ကိန်းဂဏန်း စတင်ကြေငြာပြီ

မုန်တိုင်း တိုက်ခတ်ပြီး ၂ရက်အကြာ မေလ ၄ရက်နေ့တွင် စစ်အစိုးရ တီဗီနှင့် သတင်းစာတွင် နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ပြည်နယ်နှင့် တိုင်း၎ခုကို အရေးပေါ်ဒေသ အဖြစ်ကြေငြာပြီး လတ်တလော ရရှိသည့် ကိန်းဂဏန်းများအရ မုန်တိုင်း ဒဏ်ကြောင့် သေဆုံးသူ ၃၅၀ ထက်မနည်း ရှိသည်ဟု ထုတ်ပြန်ကြေငြာခဲ့သည်။ နအဖ အစိုးရမှာ အစဉ်သဖြင့် သေဆုံးသူဦးရေ၊ ပျက်စီးမှုတို့ကို လျော့ပေါ့ပြောဆိုလေ့ရှိသဖြင့် စစ်အစိုးရက ယခုလောက် ကိန်းဂဏန်းထုတ်ပြန်လျင် အမှန်တကယ် ပျက်စီးမှုမှာ အတော့်ကို များပြားနိုင်သည်ဟု ခန့်မှန်းမိကြသော်လည်း မည်သူမျှ သောင်းနှင့် သိန်းနှင့်ချီလိမ့်မည်ဟု မမျှော်လင့် မိသေးပေ။


နောက်တနေ့ ဖြစ်သည့် မေလ ၅ရက်နေ့တွင် စစ်အစိုးရ၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများက ၃၅၀မှ ၁ သောင်းသို့ တက်သွားပြီး နိုင်ငံခြားရေး ၀န်ကြီးက နိုင်ငံတကာ အကူအညီကို လက်ခံရန် အသင့်ရှိသည် ဟုလည်း ပြောဆိုလိုက်သည်။ ပျောက်ဆုံးနေသည့် အရေအတွက်မှာလည်း ထောင်ဂဏန်းနှင့် ချီသည်ဟုလည်း ဆိုသည်။ မည်သည့် အခါကမျှ နိုင်ငံတကာ အကူအညီကို လက်မခံခဲ့သည့် နအဖ အစိုးရက ယခုတကြိမ်တွင် လက်ခံရန် အသင့်ရှိသည် ဆိုသည့် ကြေငြာချက်သည် ထူးခြားနေပြီး ထိုအချက်က ပျက်စီးသေဆုံးမှု များပြားလိမ့်မည်ဟု တွက်ဆမိသည်။


ပြည်ပအခြေစိုက် မြန်မာဘာသာ ရေဒီယို အစီအစဉ်များမှလည်း လက်လှမ်းမှီသလောက် ဆက်သွယ် တင်ပြပေးနေသဖြင့် နာဂစ်မုန်တိုင်း ရက်စက်မှု သရုပ်ကို တဖြည်းဖြည်း သိရှိလာကြသည်။ သို့သော်လည်း ရန်ကုန်နှင့် အခြားဒေသများမှ လူထုမှာ ဧရာဝတီတိုင်းမှ အခြေအနေများကို ခရေစေ့ တွင်းကျ မသိရှိနိုင်သေးပေ။


၆ ရက်နေ့တွင် ဧရာဝတီတိုင်းသို့ သတင်းယူရန် စတင်သွားရောက်သည့် သတင်းထောက်က ၇ရက်နေ့ နေ့လည်တွင် မြောင်းမြမှ ဖုန်းဆက်လာသည်။ လပွတ္တာ မြို့အခြေအနေကို မြင်တွေ့ရသမျှပြောပြသည်။ လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့နယ်များရှိ ကျေးရွာများမှ ဒုက္ခသည်ပေါင်း သောင်းဂဏန်းနှင့် ချီရောက်ရှိနေကြသည် ဟုဆိုသည်။ မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်နေသည့် ဘုရားတန်ဆောင်း နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ၀င်ရောက်နေထိုင် ကြပြီး စားစရာအတွက်မြို့ခံများအနေဖြင့် ဆန်ပြုတ်ကိုသာ စုပေါင်းထောက်ပံ့နိုင်သည် ဟုသိရသည်။


ထိုသို့ထောက်ပံ့နိုင်အားမှာလည်း အကန့်အသတ်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြို့နေလူထုကိုယ်တိုင် မုန်တိုင်း၏ ဖျက်ဆီးမှုဒဏ်ခံစားနေရပြီး မိမိတို့ထက် ပိုဒုက္ခရောက်သူများကို ကိုယ်ချင်းစာစိတ် အပြည့်ဖြင့် ကူညီထောက်ပံ့ထားခြင်းဖြစ်သည်ဟုဆိုသည်။


မြို့နယ် အာဏာပိုင်များအနေဖြင့် မုန်တိုင်းတိုက်ပြီး ၄ ၊ ၅ ရက်ကြာသည့် ထိုရက်များအထိ ဒုက္ခသည်များကို အစားအသောက်၊ ရေကူညီမှု ထင်ထင်ရှားရှားမတွေ့ရဟုလည်း ပြောဆိုသည်။ ထို့အတွက်ကြောင့် လက်ရှိအခြေအနေများကို မြန်မာနိုင်ငံ တနိုင်ငံလုံးနှင့် ကမ္ဘာကပါ သိရှိဖို့ အရေးကြီးသည်ဟုလည်း သူကပြောဆိုသည်။


လပွတ္တာမြို့မှ ၂ နာရီမျှ ပဲ့ထောင်ဖြစ်သွားရသည့် ရွာများတွင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသည့် လူ၊ကျွဲနွား တို့၏ အလောင်းများမှာ မြင်မကောင်းအောင် ရှိနေသည်ကိုလည်း ကိုယ်တိုင်တွေ့ခဲ့ရသည် ဟုပြောပြသည်။ လယ်ကွင်းထဲတွင် ရေပြန်ကျသွားပြီးနောက် တင်ကျန်ရစ်ခဲ့သည့် အလောင်းများမှာ နေလောင်ဒဏ်ဖြင့် မဲနေပြီး အနံ့အသက်မှာလည်း ဆိုးဝါးလှသည် ဟုဆိုသည်။ ချောင်းသွယ် မြောင်းသွယ်များထဲသို့ သွားလာသည့် အခါ လူအလောင်းများ၊ ကျွဲနွား အလောင်းများကို ၀ါးတချောင်းဖြင့် တွန်းဖယ်ကာ သွားလာကြရသည် ဟုလည်းဆိုသည်။ အချို့သော ပဲ့ထောင်မောင်းသူများမှာ ထိုသို့သောမြင်ကွင်းကို မကြည့်ရက်သဖြင့် ငှားသော်လည်း မသွားလိုကြဟုလည်း ပြောဆိုသည်။


ထိုရက်များအထိ အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ်များတွင် ဧရာဝတီတိုင်းမှ အဖြစ်အပျက်များအကြောင်း မဖေါ်ပြနိုင်ကြသေးပေ။ ထိုသီတင်းပတ်ကုန်ခါနီးရက်များတွင်မှ ပြည်တွင်းဂျာနယ်များတွင် စတင်ဖေါ်ပြနိုင်ကြ ခြင်းဖြစ်သည်။ စာပေစိစစ်ရေးမှနာဂစ်သတင်းများ ဓါတ်ပုံနှင့် တကွဖေါ်ပြမှုကို မပိတ်ဆို့မှီ တပတ်တာမျှ အချိန်တွင် သတင်းဓါတ်ပုံနှင့် တကွ ဖေါ်ပြခဲ့ခြင်းကြောင့် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ စေတနာ့ ၀န်ထမ်း နာဂစ်ကယ်ဆယ်ရေး လှိုင်းလုံးရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးနေသည့် ဒလ ဆိပ်ခံဗောတံတား


နာဂစ်ဒေသသို့ ပထမဆုံးခရီး

မေလ ၉ရက်နေ့တွင် ရန်ကုန်မြို့နှင့် အနီးဆုံး နာဂစ်ဒဏ်ခံစားရသည့် ကွမ်းခြံကုန်းမြို့သို့ စတင်သွားရောက်ဖို့ စီစဉ်ခဲ့သည်။ လုပ်ဖေါ်ကိုင်ဘက် သတင်းထောက်တယောက် ကိုအဖေါ်ညှိကာ နံနက် ၈နာရီခွဲခန့်တွင် ဒလဘက်ကမ်းသို့ ထွက်ခဲ့သည်။ မုန်တိုင်းဒဏ်ကြောင့် မြစ်ထဲ ခေါင်းစိုက်ကာ ပျက်စီးနေသည့် ဆိပ်ခံဗောတံတားများ၊ မြစ်ထဲတွင် မြုပ်တ၀က်ပေါ်တ၀က် ဖြစ်နေသည့် ဌါနဆိုင်ရာ သဘောင်္များက ရန်ကုန်မြို့ပန်းဆိုးတန်းနှင့် ဒလဘက်ဆိပ်ကမ်း တို့ကို သရုပ်ပီပြင် စေသည်။


ပုံမှန်ကူးနေကျ ဒလမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှိရာ ဆိပ်ခံဗောတံတားမှာ ရန်ကုန်မြစ်ကို အလျားလိုက် တင်နေပြီး သုံးမရတော့၍ ဒလသဘောင်္ကျင်းရှိရာ ကွန်ကရစ် ဗောတံတားဘေးတွင် ကူးတို့ သဘောင်္က ကပ်ရသည်။ ရေအတက်အကျ ကိုလိုက်ပြီး မျောပါသည့် ဗောတံတားမဟုတ်ပဲ ကွန်ကရစ် ပုံသေတံတားဖြစ်ရာ ရေကျချိန်နှင့် ကြုံ၍ အောက်ထပ်မှ ထွက်မရပဲ သဘောင်္၏ အပေါ်ထပ် ပြူတင်းပေါက်မှကျော်ထွက်ကာ ၅ပေမျှမြင့်သည့် ကွန်ကရစ် ဆိပ်ခံပေါ်ခုန်ချကြရသည်။ ယောင်္ကျား၊ မိန်းမ လူကြီးလူငယ် မရွေး အားလုံးခုန်ချကြရသဖြင့် ၀ိုင်းကူပြီး လုပ်ဆောင်ပေးသူများ ရှိသဖြင့်သာ တော်သေးသည် ဟုဆိုနိုင်သည်။


ခရီးသည်များမှာ ဒလသဘောင်္ကျင်းထဲမှ ဖြတ်ကာ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ဖျာပုံ ကားဂိတ်ဘက်ဆီ ခြေကျင် လျှောက်ခဲ့ကြရသည်။ ဒလမြို့မြင်ကွင်းမှာလည်း အမိုးပွင့်နေသည့် စာသင်ကျောင်း၊ သဘောင်္ကျင်းစက်ရုံ ၊ ရုံးစသည်ဖြင့် အပျက်အစီးများဖြင့် အတိပြီးနေသည်။


ရန်ကုန်မြို့မှ တကြိမ်တခါမျှ မရောက်ဘူးသည့် ကွမ်းခြံကုန်းသို့ သွားဖို့ရာ ဒိုင်နာကား နှင့် ဆိုင်ကယ်တက်စီများသာ ရှိသည်။ ဒိုင်နာကားမှာ တယောက်ကို ကျပ် ၁၅၀၀ ကျသင့်ပြီး ဆိုင်ကယ် တက်စီမှာတော့ တယောက်ထဲသွားလျင် ကျပ် ၁သောင်း၂ထောင် မှ ၅ထောင်ဝန်းကျင်၊ နှစ်ဦးဆိုလျင် ၂သောင်း ဟုဆိုသဖြင့် ၁၈,၀၀၀ ကျပ်ဆစ်ကာ နှစ်ယောက်စီးခဲ့သည်။


မုန်တိုင်းဒဏ်ခံရပြီး ၁ပတ်အကြာ ကွမ်းခြံကုန်းမြို့ အထက်တန်းကျောင်း


အငိုက်မိထားသော စစ်အစိုးရ ဟာကွက်များ

ဆိုင်ကယ်သမားက ပြောဆိုရာတွင် ယနေ့နံနက် စောစောကပင် နိုင်ငံခြားသား သတင်းထောက် အုပ်စု တီဗီကင်မရာ ပစ္စည်းအပြည့်အစုံသယ်ဆောင်ကာ ဆိုင်ကယ်ဖြင့် ဖျာပုံသို့ ဆင်းသွားကြပြီဟု ပြောသည်။


ထိုနိုင်ငံခြားသား သတင်းထောက်များ နေ့စဉ် ဒလဘက်ကမ်းမှ ဖျာပုံ၊ ဘိုကလေးသို့ ဆိုင်ကယ်၊ ကားဖြင့် ဆင်းကာ သတင်းယူနေကြသည်မှာ ၄၊ ၅ရက်ရှိပြီဟု လည်းဆိုင်ကယ်တက်စီ မောင်းသူကပြောပြသည်။ နိုင်ငံခြားသားများကို ပို့ဆောင်ဖို့ ဒလမြို့ မ၀တကို သွားရောက် သတင်းပို့ရပြီး မ၀တကလည်း ခွင့်ပြုသည်ဟု လည်းသိရသည်။


ထိုအဖြစ်အပျက်က စိတ်ထဲတွင် အနည်းငယ် ထူးခြားနေသည်ဟု ခံစားရသည်။ ယခင်ကဆိုလျင် သဘာဝ ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် မည်သည့် သတင်းထောက်ကိုမှ ချက်ခြင်း ၀င်ခွင့်မပေးပဲ ဖြစ်ပျက်ရာဒေသကို ထိန်းချုပ်ထားလေ့ရှိခဲ့ သောကြောင့် ဖြစ်သည်။


နိုင်ငံခြား သတင်းထောက်တွေမှန်း သိလျက်နှင့် သွားခွင့်ပြုသည် ဆိုခြင်းကြောင့် နအဖအစိုးရ၏ ပြည်ပ သတင်းဌါနများ အပေါ် ကိုင်တွယ်ပုံပြောင်းသွားပြီလားဟု အတွေးပေါ်မိသည်။


ယခုအဖြစ်အပျက်မှာ နိုင်ငံရေး လှုပ်ရှားမှု မဟုတ်ပဲ သဘာဝ ဘေးအန္တရာယ် ဖြစ်သဖြင့် ခွင့်ပြုခြင်းလား ဟုလည်း တွေးမိသည်။ သို့ရာတွင် ထိုသံသယမှာ သိပ်ရက်ကြာကြာမခံလိုက်ပေ။ နအဖ အစိုးရသည် မည်သည့် ကိစ္စမှာမဆို ချက်ခြင်းတုံ့ပြန် ဆောင်ရွက်နိုင်သည့် အစိုးရမျိုး မဟုတ်ခြင်းကြောင့် ယခုလို ကမ္ဘာပျက်သလို ဖြစ်နေသည့် အခြေအနေကိုလည်း မြန်ဆန်ထိရောက်သည့် ညွှန်ကြားချက်မပေးနိုင်ပဲ၊ အောက်ခြေ အာဏာပိုင်များမှာ အထက်မှ မည်သည့် ညွှန်ကြားချက် မရှိသေး ၍သာ သတင်းထောက်များကို ခွင့်ပြုခဲ့ကြခြင်း ဖြစ်သည်။


မေလ ၁၁ရက်နေ့ နောက်ပိုင်းတွင်မူ မည်သည့် နိုင်ငံခြား သတင်းထောက်မှ ရန်ကုန် တဘက်ကမ်း ဒလကိုကျော်၍ သွားခွင့် မရရှိတော့ပေ။


အနောက်နိုင်ငံ စကားဖြင့်ပြောရလျင် တစုံတရာ လျင်မြန်စွာ မတုံ့ပြန်နိုင်မီ ရရှိသော အခွင့်အလမ်း (window opportunity) ဟုဆိုရမည် ဖြစ်သည်။ ထိုသတင်းထောက်များ၏ ရုပ်ပုံများ ဗီဒီယိုမှတ်တမ်းများက ကမ္ဘာ့ သတင်းမီဒီယာများသို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသ အခြေအနေများသည် `ရွှေဝါရောင် တော်လှန်ရေး´နောက်ပိုင်း ကမ္ဘာ့ သတင်းခေါင်းစည်းများပေါ်တကြိမ် ရောက်ရှိခဲ့ပြန်သည်။


(ဆက်လက်ဖေါ်ပြပါမည်)

Comments