Tin Ko Moe Nyo - Padauk Poem

တစ္ဆေခြောက်တဲ့ ပိတောက်အိပ်မက်
တင်ကိုမင်းညို

ဧပြီ ၁၄၊ ၂၀၀၉


သွေးရိုးသားရိုး ပြောကြကြေးဆို

အိမ်ရှေ့က စားပွဲပေါ်မှာ

ပိတောက်တွေ မပွင့်တာကြာခဲ့ပြီ။


ဘယ်လောက်ထိ ဇာတ်က နာသလဲလို့ဆိုရင်

ဘုရားညောင်ရေအိုးကလည်း

ပိတောက်ပန်းကို လွမ်းလို့။


ကလေးတယောက်နဲ့ မုဆိုးမဖြစ်နေရသူကလည်း

ပိတောက်ဆိုရင် စိတ်နာသတဲ့။


ဘယ်တုန်းကမှ မျိုးရိုးမရှိခဲ့ဘူးတဲ့

ဟစ်ဟော့ပ် ဂီတနဲ့ တောင်းစားနေရသူတွေကလည်း

ဒီနှစ် အတာသင်္ကြန်မှာ

ပိတောက်တွေပန်ပြီး တောင်းမတဲ့

သင်္ကြန်မိုးသီချင်းတွေ တိုက်လို့ တဲ့။


ဘုရား … ဘုရား

ဘာတွေ ဘယ်လိုဖြစ်ကုန်သလဲဆိုတာ

ဘုရားရှင် ကိုယ်တော်လည်း နားမလည်နိုင်တော့ဘူး တဲ့ …

သူကိုယ်တိုင်က ဘုရား … ဘုရား တနေရသတဲ့။


လူတယောက် မိုးပေါ်က ဆင်းလာတယ်

လက်တဖက်မှာ ဗော့ဒ်ကာအရက်ပုလင်း

တဖက်မှာတော့ ဗိုလ်အောင်ဒင့် ခြောက်လုံးပြူးကို ကိုင်လို့

သူ့ခေါင်းထဲက ကျည်ဆံတတောင့်ကို ဆွဲထုတ်

ပြီးတော့ …

ကျည်အိမ်ထဲ ထည့်လိုက်တယ်

သူ့ပါးစပ်က ပြောလိုက်သေးတယ်

ငါဟာ … ကဗျာဆရာ မာယာကော့စကီး ကွ တဲ့

ပြီးတော့မှ …

သူပစ်ရမယ့် ပစ်မှတ်ကို ရှာတွေ့သွားတယ်

သွေးအေးအေးနဲ့ တည်တည်ငြိမ်ငြိမ် ပစ်ထည့်လိုက်တယ်

လမ်းမပေါ်မှာတော့

သစ္စာဖောက်နေတဲ့ ပိတောက်တွေ။ ။

Comments