Unknown Journalist Rangoon - Eleven Media, Junta's Censorship & Whiskey Affair


အလဲဗင်းမီဒီယာ၊ စာပေစိစစ်ရေးနဲ့ မီဒီယာလွတ်လပ်ခွင့် - ဘာလဲ ဘယ်လဲ

မျက်နှာမွဲ ဂျာနယ်လစ်တဦး

ဧပြီ ၁၀၊ ၂၀၀၉


အလဲဗင်းက အရက်ကို စိတ်နာသတဲ့လား

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ထုတ် ဝိကလီးအလဲဗင်း အပါတ်စဉ်ထုတ် ဂျာနယ်မှာ ထူးထူးခြားခြား သတိပေး ကြေညာချက် တခု ပါလာပါတယ်။ ကြော်ငြာကို အပြည့်အစုံ ပြန်ဖော်ပြရရင် -


Yangon Media Group မှ ထုတ်ဝေခဲ့သော ရန်ကုန်တိုင်းမ်ဂျာနယ် (အတွဲ၅၊ အမှတ် ၁၂၊ မတ် ၁၉-၂၅၊ ၂ဝဝ၉)၊ 8 DAYS A WEEK (အတွဲ-၁၊ အမှတ် ၃၊ ၂ဝ-၂၇ မတ် ၂ဝဝ၉) Flower News ဂျာနယ် (အတွဲ-၅ အမှတ်-၁၂၊ မတ် ၂၄-၃ဝ၊ ၂ဝဝ၉) တို့တွင် Lucky Eleven Whisky ကြော်ငြာသည် Eleven Media Group မှ ထုတ်ဝေသော ဂျာနယ်များ၏ ဂုဏ်သိက္ခာအား ထိပါးစေသော ရည်ရွယ်ချက်ရှိပြီး Eleven Media Group မှ သတင်းမီဒီယာနှင့် ဂုဏ်သိက္ခာခြင်း အပ်စပ်မှု မရှိသော အရက် ထုတ်လုပ်နေသည်ဟု ထင်မြင် ယူဆစေနိုင်သော အကြောင်းအရာများ ပါရှိပါသည်။ ထို့ကြောင့် Eleven Media Group ၏ ဂုဏ်သိက္ခာနှင့် အသရေကို ထိပါးစေသော ကြော်ငြာ ထည့်သွင်းခြင်းကို ရပ်တန့်ပေးရန် တောင်းဆိုအပ်ပါသည်။ ၄င်းတောင်းဆိုချက်ကို လိုက်နာခြင်း မရှိပါက Eleven Media Group ၏ အကျိုးစီးပွားအား ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်သည်ဟု ယူဆပြီး ထည့်သွင်းသော ကြော်ငြာရှင်အား လည်းကောင်း၊ လက်ခံဖော်ပြသော ဂျာနယ်များ၊ မဂ္ဂဇင်းများအား လည်းကောင်း ပြစ်မှုကြောင်း၊ တရားမမှုကြောင်းဖြင့် တရား စွဲဆိုသွားမည် ဖြစ်ကြောင်း သတိပေးအပ်ပါသည်။ ဒါရိုက်တာအဖွဲ့၊ Eleven Media Group Co.,Ltd.

ဆိုပြီး ပါရှိပါတယ်။


ဒါဟာ ထူးခြားတဲ့ ကြေညာချက်တခုပါ။ အကြောင်းကတော့ အခြားသူတယောက်ယောက်က ကုန်ပစ္စည်းတခု ထုတ်လုပ်တယ်။ ဒီကုန်ပစ္စည်းဟာ ကိုယ့်ကုန်ပစ္စည်းရဲ့ တံဆိပ်နဲ့ ဆင်တူရိုးမှား ဖြစ်နေလို့ အမှတ်တံဆိပ် ပိုင်ဆိုင်မှု အငြင်းပွားပြီး တရားစွဲဆိုဖို့ ကြေညာတာမျိုး မဟုတ်ဘဲ၊ ကြော်ငြာထည့်သွင်းတာကို ဂုဏ်သိက္ခာ ထိခိုက်တယ် ဆိုပြီး တရားစွဲမယ်လို့ ခြိမ်းခြောက်တာမျိုးပဲ ဖြစ်ပါတယ်။


နောက်ထပ် ထူးခြားတာက ကြော်ငြာထည့်သွင်းတဲ့ ကုန်ပစ္စည်းပိုင်ရှင်ကိုပဲ တရားစွဲမယ် ဆိုတာမျိုး မဟုတ်ပဲ လက်ခံ ထည့်သွင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်း စတဲ့ မီဒီယာတွေကိုပါ တရားစွဲမယ် ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။


ဒီကြေညာချက် ထွက်ပေါ်လာတဲ့အခါ ပြည်တွင်းမီဒီယာ လောကသားတွေ အတော်လေး ခံပြင်း ဒေါသ ထွက်ကြပါတယ်။ အကြောင်းကတော့ အလဲဗင်း မီဒီယာ ဂရု ပိုင်ရှင် ဒေါက်တာသန်းထွဋ်အောင်ဟာ သူတို့မီဒီယာနဲ့ ပါတ်သက်လို့ တစုံတခု ရေးတိုင်း၊ ဝေဖန်တိုင်း ပြောဆိုတိုင်း ထစ်ခနဲရှိ ရှေ့နေကနေ တဆင့် နို့တစ်စာပို့၊ တရားစွဲ စတာတွေ လုပ်တတ်လို့ပဲ ဖြစ်ပါတယ်။


တကယ်တော့ တရားစွဲခံရတယ်၊ တရားရင်ဆိုင်တယ် ဆိုတာ မှန်တာ လုပ်သူတွေအဖို့ ဘာမှ စိုးရိမ် ကြောင့်ကြစရာ မရှိပေမယ့် မြန်မာပြည်လို နေရာမျိုးမှာတော့ တရားစွဲခံရပြီ ဆိုတာနဲ့ ရှေ့နေငှားရ၊ တရားရုံးချိန်းသွားရ၊ နိုင်ငံခြား ထွက်ခွင့် ပိတ်ပင်ခံရ စတာတွေနဲ့ပဲ အချိန်ကုန် ငွေကုန်ဖြစ်ကြရတာမျိုးပါ။


နောက် အခြားတဖက်မှာလည်း ကိုယ်က အခုလို မတရားသဖြင့် တရားစွဲဆို ခံရတာကို ဘယ်မီဒီယာတွေမှာမှ ရေးသား ဖော်ပြခွင့်မရသလို တရားနိုင်သွားပြီးရင်တောင် ဘယ်မီဒီယာကမှ ရေးသားလို့ မရပါဘူး။ အထူးသဖြင့် အလဲဗင်း မီဒီယာဂရုနဲ့ ဖြစ်ပွားတဲ့ အမှုတွေမှာ ဖြစ်ပါတယ်။


ဒီအတွက် အလဲဗင်းမီဒီယာဂရုက တရားစွဲမယ်ဆိုပြီး နို့တစာ ပေးလိုက်တာနဲ့ တော်ရုံ မီဒီယာသမား၊ တော်ရုံ လုပ်ငန်းရှင်တွေ နောက်ဆုတ်ပြီး ခပ်အေးအေး နေလိုက်ကြတာ များပါတယ်။ ဒီလို တရားသူကြီးတွေကို လာဘ်ငွေပေးပြီး တရားစွဲဆိုခွင့်ရနေ၊ စာပေစိစစ်ရေးအဖွဲ့ကြီးကလည်း နောက်က ရပ်တည်ပေးနေလေတော့ အလဲဗင်း မီဒီယာ ဂရုဟာ အတင့်ရဲသထက် ရဲလာကာ ခုလို တရားဥပဒေနဲ့ မညီတဲ့ ကြေငြာချက် ထုတ်ရဲတဲ့အထိ ဖြစ်လာတာ ဖြစ်ပါတယ်။


ဒီတကြိမ်တော့ ပြည်တွင်း မီဒီယာသမားတွေဟာ တရားစွဲချင်စွဲ ဥပဒေကြောင်း အရ ရင်ဆိုင်မယ် ဆိုပြီး ဖြစ်လာပါတယ်။


လပ်ကီးအလဲဗင်း ဝီစကီကလည်း ရန်ကုန်မီဒီယာ ဂရုတင်မက အခြားသော ဂျာနယ်တွေမှာပါ ကြော်ငြာ ထည့်လာပါတယ်။

ဒါပေမယ့် အလဲဗင်းမီဒီယာဂရုက ကြေညာချက် ပါပြီးတဲ့ နောက်ပိုင်း စာပေစိစစ်ရေးအဖွဲ့ဟာ ဂျာနယ်တွေ အားလုံးမှာ အဆိုပါ လပ်ကီး အလဲဗင်း ကြော်ငြာတွေကို ထည့်သွင်းဖော်ပြခွင့် မပြုတော့ပါဘူး။ ဒီအခါ ပြည်တွင်း မီဒီယာသမားတွေ ပိုလို့ စိတ်ဆိုး ဒေါသထွက် ခံပြင်း ဖြစ်ကြရပါတယ်။


ဒီအတွက် အလဲဗင်းမီဒီယာဂရုနဲ့ လပ်ကီးအလဲဗင်းဝီစကီ ကိစ္စ၊ စာနယ်ဇင်းတွေရဲ့ အနေအထား စတဲ့ အဖြစ်မှန်တွေကို သတင်းအဖြစ် ရေးသားဖော်ပြကြပြန်ပါတယ်။ ထုံးစံအတိုင်း ဒီ သတင်းတွေအားလုံးဟာလည်း ဖော်ပြခွင့်မရပဲ စာပေစိစစ်ရေးရဲ့ ပိတ်ပင်တာ ခံလိုက်ရပြန်ပါတယ်။


ချုပ်လိုက်ရင်တော့ ဒီ အဖြစ်မှန်တွေကို မြန်မာပြည်က စာဖတ်သူတွေ ဘယ်သူမှ မသိလိုက်ကြပါဘူး။ စာဖတ်သူတွေ သိကြမှာက အလဲဗင်း မီဒီယာ ဂရုက ကြေညာချက်ထုတ်တယ်။ နောက်ပိုင်း လက်ကီး အလဲဗင်း ဝီစကီ ကြော်ငြာတွေကို မမြင်ရတော့ဘူး။ တရားစွဲခံရမှာ ကြောက်လို့ နောက်ဆုတ်သွားတယ် စသဖြင့် ဒီလိုပဲ နားလည်ကြမှာ ဖြစ်ပါတယ်။


အဖြစ်အပျက်ကို သိတဲ့ ရှေ့နေတွေကတော့ ကုန်ပစ္စည်း အမှတ်တံဆိပ်တခုကို ဆင်တူယိုးမား ပြသနာကြောင့် ဖြစ်စေ၊ အကြောင်းတခုခုကြောင့် ဖြစ်စေ အငြင်းပွားနေတဲ့တိုင် တရားရုံးက အမိန့်ဒီဂရီနဲ့ တားမြစ်ထားတာ မရှိဘူးဆိုရင် ဆက်လက် ကြော်ငြာနေခွင့် ရှိတယ် ဆိုတာပါပဲ။


ခုတော့ မီဒီယာလောကသားတွေကရော တရားဥပဒေ နားလည်သူ ရှေ့နေတွေကပါ စာပေစိစစ်ရေးအဖွဲ့ဟာ တရားရုံးရဲ့ အထက်ကနေ တရားစီရင်ရေးရဲ့ အထက်ကနေ ပြုမူဆောင်ရွက်နေတယ် ဆိုပြီး ဝေဖန်နေကြပါပြီ။ ဒီအတွက် စာပေစိစစ်ရေးအဖွဲ့ဟာ အလဲဗင်း မီဒီယာဂရုကို ဘာကြောင့် ဒီလောက် အကာအကွယ်ပေးနေရသလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

စာပေစစ်စစ်ရေးအပေါ်က အဲလဗင်းမီဒီယာ

တကယ်တော့ စာပေစိစစ်ရေးဟာ အလဲဗင်းမီဒီယာဂရုကို အကာအကွယ် ပေးနေတာ ဒီကိစ္စ တခုတည်းမှာမှ မဟုတ်ပါဘူး။ စာပေစိစစ်ခွင့် ပြုပေးရာမှာ အလဲဗင်းမီဒီယာက ထုတ်တဲ့ ဂျာနယ်တွေကို မျက်နှာသာပေးနေတာ မြန်မာနိုင်ငံ ပြည်တွင်းက မီဒီယာသမား အားလုံးလိုလို သိနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီအတွက် ဥပမာပေါင်း မြောက်များစွာ ပေးလို့ ရပါတယ်။


ဂျာနယ် အားလုံးလိုလိုဟာ စာပေစိစစ်ရေးကို စာမူတွေ တင်ပြ အစစ်ဆေးခံရာမှာ အဲဒီ ရုံးရဲ့ လုပ်ထုံး လုပ်နည်းတွေ အတိုင်း လိုက်နာ ရပါတယ်။ သတ်မှတ်ချိန်မှာ ရုံးလာတင်၊ ဖြုတ်ဆိုတာတွေ ဖြုတ်၊ ဖြတ်ဆိုတာတွေ ဖြတ်၊ ရုံးက ချပေးတဲ့ အချိန်ကျမှ ပုံနှိပ်ဖို့ ဆက်လုပ် စသဖြင့် ဖြစ်ပါတယ်။


အလဲဗင်းမီဒီယာ ကတော့ တခါတရံ စာပေစိစစ်ရေးရုံးကို သွားစရာ မလိုပဲ ညွန်မှူး (အငြိမ်းစားဗိုလ်မှူး) တင့်ဆွေကို ဖုန်းဆက်ပြီး ဒါတွေ ဒါတွေ ရေးထားတယ်၊ ဒါတွေဒါတွေ ထည့်လိုက်မယ် ဆိုတာနဲ့ကို ကိစ္စပြီးပါတယ်။ ပြည်တွင်းပြည်ပ သတင်းတွေ ဆိုရင်လည်း အခြားဂျာနယ်တွေမှာ ဖော်ပြခွင့် မပေးတဲ့ သတင်းတွေကို အလဲဗင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ပေးပါတယ်။ တကယ်လို့ အလဲဗင်းဂျာနယ်မှာ ဖော်ပြခွင့်ပေးခဲ့တယ်ဆိုပြီး သက်သေနဲ့တကွ စောဒက တက်ရင်တော့ ကိုယ့်ဂျာနယ်မှာ ဖော်ပြခွင့်ရပါတယ်။ အဲဒီအချိန်ကျရင်တော့ ကိုယ့်ဂျာနယ်မှာ ဖော်ပြလိုက်တဲ့ သတင်းဟာ အလဲဗင်းဂျာနယ်တွေထက် အနည်းဆုံး ၃-၄ ရက်လောက် နောက်ကျသွားပါပြီ။ ဒီအတွက် ဥပမာပေးစရာ သတင်းပေါင်း မြောက်များစွာ ရှိပါတယ်။


ယခု နောက်ဆုံး မတ်လ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့တယ် လို့ ယူဆရပြီး ဧပြီလ ၃ ရက်နေ့ကမှ ပေါ်ပေါက်တဲ့ ဗိုလ်တထောင်ဘုရား လမ်းသွယ်(၄)က နှစ်လောင်းပြိုင် လူသတ်မှု ဆိုရင် ဖြစ်ပွားပြီး နောက်တနေ့မှာကို ဂျာနယ် ၃ စောင်ထက်မနည်းက ဖော်ပြခွင့်ရဖို့ တင်ပြခဲ့ကြပေမယ့် စာပေစိစစ်ရေးက လုံးဝ ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် တနင်္လာနေ့ထုတ် ဝိကလီး အလဲဗင်းဂျာနယ် မှာ ပထမဦးဆုံး ဖော်ပြခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းကျမှ အခြားဂျာနယ်တွေမှာ ဖော်ပြခွင့်ရလာတာ ဖြစ်ပါတယ်။ ဒီလို စာပေစိစစ်ရေးရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ အလဲဗင်းဂျာနယ်တွေဟာ အခြားဂျာနယ်တွေထက် သတင်းတွေ ဦးပြီး ဖော်ပြခွင့်ရ၊ ပိုပြီး ဖော်ပြခွင့်ရ အချိန်ကပ်ပြီး ဖော်ပြခွင့်ရတော့ ဈေးကွက်ထဲမှာပါ အသာစီးရနေခဲ့တာ ဖြစ်ပါတယ်။


စာပေစိစစ်ရေးက ညွှန်မှူး(ဗိုလ်မှူး)တင့်ဆွေ အနေနဲ့ အလဲဗင်းမီဒီယာဂရုကို ဘာလို့ ဒီလောက် အခွင့်အရေးပေး အကာအကွယ် ပေးနေရသလဲ ဆိုတဲ့ကိစ္စကိုလည်း ရန်ကုန်ဂျာနယ် အသိုင်းအဝိုင်းက လူတိုင်းလိုလိုလောက် သိနေကြပါတယ်။ အလဲဗင်းမီဒီယာဂရုရဲ့ အဓိက ပိုင်ရှင်ဟာ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ပါတယ်။ နဂိုမူလက သူနဲ့အတူ ဇော်သက်ထွေး၊ လေတပ်ဗိုလ်မှူးဟောင်း ၀ဏ္ဏ၊ ဒေါက်တာသိန်းမြင့်တို့က အစုရှယ်ယာတွေ ပိုင်ဆိုင်ကြပြီး ယခုအခါမှာတော့ အကျဉ်းကျခံနေရတဲ့ အယ်ဒီတာချုပ်ဟောင်း ဇော်သက်ထွေး၊ ဗိုလ်မှူးဟောင်းဝဏ္ဏတို့နဲ့ အစုရှယ်ယာ ဆိုင်ရာကိစ္စ တရားရုံးမှာ ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။


အယ်ဒီတာချုပ်ဟောင်းဇော်သက်ထွေး ပထမ တကြိမ် အကျဉ်းကျခံရပြီး ထောင်ကလွတ်လာချိန် သူပိုင် အစုရှယ်ယာတွေကို ဒေါက်တာသန်းထွဋ်အောင်က အပိုင်စီးဖို့ ကြံစည်ရာကနေ အမှုအခင်းဖြစ် တရားရုံး ရောက်လာတာပါ။


အလဲဗင်းမီဒီယာဂရုရဲ့ ကြေညာချက်မှာ သူတို့မီဒီယာအလုပ်နဲ့ ဂုဏ်သိက္ခာခြင်း အပ်စပ်မှုမရှိသော “အရက်” ထုတ်လုပ်နေသည်ဟု ထင်မြင်ယူဆစရာ ဆိုတဲ့ စကားရပ် ပါပါတယ်။ အလဲဗင်းမီဒီယာဂရုရဲ့ အလုပ်တွေကရော ဘယ်လောက် ဂုဏ်သိက္ခာရှိနေသလဲ၊ ဒီနေရာမှာ အလဲဗင်းမီဒီယာဂရုအတွက် ဒေါက်တာသန်းထွဋ်အောင် အစုရှယ်ယာ စုဆောင်းပုံကို လေ့လာကြည့်ရင် အဖြစ်မှန်ကို သိနိုင်ပါလိမ့်မယ်။


အလဲဗင်းမီဒီယာရဲ့ ငွေ လက်စောင်း

ဒေါက်တာသန်းထွဋ်အောင် ဟာ နဂိုမူလက စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တွေဆီက ရတဲ့ ငွေမဲတွေ၊ ဘောလုံး လောင်းကစားရာက ရတဲ့ ငွေမဲတွေနဲ့ လုပ်ငန်းစခဲ့တာပါ။ (ယနေ့ထိတိုင် ဘောလုံး လောင်းကစားကို ကြီးကြီး ကျယ်ကျယ် လုပ်နေတာ ရန်ကုန်က လောင်းကစားဒိုင်တိုင်း သိနေပါတယ်)။ နောက်ပိုင်း စစ်ထောက်လှမ်းရေးတွေ အားလုံး ဖမ်းဆီး ထောင်ချ ခံရတဲ့အခါ အဲဒီရှယ်ယာငွေတွေ အားလုံး ဒေါက်တာသန်းထွဋ်အောင် ရရှိသွားပြီး ပို အင်အား တောင့်လာတာပါ။


ဒါတင်မက အလဲဗင်းမီဒီယာဂရုကို ပိုပြီး အင်အား တောင့်တင်းအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ကိုယ်ရံတပ်က တပ်မှူး ဒုဗိုလ်မှူးကြီး စိုးရှိန်ရဲ့ အစုရှယ်ယာကိုပါ ထည့်သွင်းခဲ့ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်ဟာ နေပြည်တော် ရာဇဌာနီလမ်းမှာ ခမ်းနားလှတဲ့ မြင့်မိုရ်နန်းဟိုတယ်ကို ပိုင်ဆိုင် ဖွင့်လှစ်ထားသူလဲ ဖြစ်ပါတယ်။


နောက်ထပ် အစုရှယ်ယာဝင် အဖြစ် သိမ်းသွင်းခဲ့သူကတော့ လက်ရှိ စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးဟောင်းတင့်ဆွေကိုပဲ ဖြစ်ပါတယ်။ အတွင်းသတင်းတွေအရ စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးဟောင်း တင့်ဆွေက ငွေကြေးအရ ဘယ်၍ဘယ်မျှ ရှယ်ယာ ထည့်ဝင်တဲ့သဘော မဟုတ်ဘဲ ဒေါက်တာသန်းထွဋ်အောင်ကနေ ဗိုလ်မှူးရဲ့ရှယ်ယာ ဘယ်လောက်ရှိပါတယ်၊ ဒီအတွက် လစဉ် အမြတ်ငွေထဲက ဘယ်လောက် ခွဲပေးပါတယ် ဆိုပြီး ပုံမှန် လာဘ်ထိုးနေတဲ့ သဘောလို့ သိရပါတယ်။


ဗိုလ်မှူးဟောင်းတင့်ဆွေ ပြည်တွင်းခရီးထွက်တဲ့အခါ၊ ကားပြင်တဲ့ ကိစ္စလို အကြောင်း တစုံတခု ပေါ်တဲ့အခါ မြန်မာကျပ်ငွေနဲ့ ငွေကြေးထောက်ပံ့သလို နိုင်ငံခြားခရီးစဉ် ရှိတဲ့အခါမျိုးမှာတော့ ဒေါ်လာ ၁ဝဝဝ-၂ဝဝဝ စသဖြင့် ခရီးစားရိတ်သဘော ပေးကမ်းတတ်ပါတယ်။


ဒီအတွက်လည်း စာပေစိစစ်ညွှန်မှူး ဗိုလ်မှူးဟောင်းတင့်ဆွေက အလဲဗင်းမီဒီယာဂရုကို အသေအခြာ ဂရုစိုက် အထူး အခွင့်အရေး ပေးတာ ဖြစ်ပါတယ်။ ဒါကို မီဒီယာလောက တခုလုံး သိနေကြတဲ့တိုင် ဗိုလ်မှူးဟောင်းတင့်ဆွေက ဘာကြောင့် ပေါ်ပေါ်တင်တင် ဆက်ပြီး လုပ်နေနိုင်သလဲ ဆိုတာကလဲ မေးရမယ့် မေးခွန်းပါ။


စာပေစိစစ်ရေး အကြောင်းမရွေးတဲ့ လက်စောင်း

အဓိကကတော့ စစ်အစိုးရလက်အောက် စာပေ လွတ်လပ်ခွင့် မရှိတာ၊ စာပေစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး စည်းကမ်းတကျ စိစစ်တာမျိုး လုပ်ကိုင်စေတာ မဟုတ်ပဲ လုပ်ချင်သလို လုပ်ကိုင်ဆောင်ရွက်ခွင့် ပေးထားတာတွေကြောင့်ပဲ ဖြစ်ပါတယ်။


လက်ရှိ စာပေစိစစ်ရေးအဖွဲ့ဟာ စာပေရေးသား ထုတ်ဝေသူတွေကို ဘယ်အကြောင်းအရာတွေကို ရေးသားဖော်ပြခွင့်ပြုမယ်၊ ဘယ်အကြောင်းအရာတွေကိုတော့ ရေးသားဖော်ပြခွင့် မပြုဘူး စသဖြင့် တိတိကျကျ စည်းကမ်းချမှတ်ပေးထားတာ မရှိပါဘူး။ ဒီအတွက် စာပေရေးသား ထုတ်ဝေသူတွေဟာ အခြေအနေကို မှန်းဆပြီး ရေးသားတင်ပြကြရပါတယ်။


စာပေစိစစ်ရေးကလည်း ထင်သလို စိစစ်ဖြတ်တောက် ပိတ်ပင်တာတွေ လုပ်ပါတယ်။ ထင်သလို လို့ ပြောရတာမှာ အကြောင်း ရှိပါတယ်။ အကြောင်းအရာ တခုကို အရင်က ဖော်ပြခွင့်ပေးပေမယ့် ခုဖော်ပြခွင့်မပေးတာ၊ အကြောင်းအရာ တခုတည်းကိုပဲ ဒီဂျာနယ်မှာတော့ ဖော်ပြခွင့်ပေးပြီး ဟိုဂျာနယ်မှာတော့ ပိတ်ပင်လိုက်တာ၊ အချို့အကြောင်းအရာတွေကို ခွင့်ပြုလို့ ပုံနှိပ်ထုတ်ဝေပြီး ဖြန့်ချီတော့မယ့် အချိန်ကျမှ ပြန်လည် တားဆီး ပိတ်ပင်တာ၊ တချို့အကြောင်းအရာတွေဆို မျက်နှာဖုံးမှာ ဖော်ပြခွင့်မပြုတာ စသဖြင့် ထင်သလို စိစစ် ဖြတ်တောက်နေတာမျိုး ဖြစ်ပါတယ်။


ဒီလို လုပ်နေပေမယ့်လည်း ဘယ်မီဒီယာသမားကမှ တကြိမ် နှစ်ကြိမ်ထက် ပိုပြီး စောဒက မတက်ရဲကြပါဘူး။ စောဒက တက်လေ ပိုပြီး စိစစ် ဖြတ်တောက် ပိတ်ပင်မှုလုပ်လေ၊ စည်းကမ်း တင်းကြပ်လေ လုပ်ခွင့်ရှိနေတာမို့ စီးပွားပျက်မယ့် အရေး၊ ဂျာနယ် မဂ္ဂဇင်းတွေ ရပ်ဆိုင်းမယ့် အရေး၊ ကိုယ့်ကလောင်နာမည် Black List ဝင်မယ့်အရေး ဘယ်သူမှ မလုပ်ချင်ကြပါဘူး။


ဒီကမှ တဆင့် စာပေစစ်ရေးအဖွဲ့ဟာ အတင့်ရဲသထက် ရဲလာပြီး စစ်အစိုးရကို ကာကွယ်တာအပြင် အလဲဗင်းမီဒီယာဂရုလို ကိုယ်နဲ့ အကျိုးစီးပွားတူရာ မီဒီယာဆီက အဂတိ လိုက်စားပြီး မျက်နှာသာပေးတာတွေ ပြောင်ပြောင်တင်းတင်း လုပ်ရဲကိုင်ရဲတဲ့ အခြေအနေအထိ ရောက်လာရတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Comments