Win Myat - One Year After Nargis, the victims still struggling

နာဂစ်လွန် ၁ နှစ် အနီး
ခရီးမဆုံးနိုင်သေးသည့် မုန်တိုင်းဒုက္ခသည်များ
ဝင်းမြတ်
ဧပြီ ၁၁၊ ၂၀၀၉

နာဂစ် ဆိုင်ကလုန်းဒဏ်ကို အပြင်း အထန် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အတွင်းရှိ ရွာများတွင် ယခင်နှင့် မတူသော ပတ်ဝန်းကျင် ဆိုင်ရာ အပြောင်း အလဲများ၊ နေထိုင် စားသောက်ပုံ အပြောင်းအလဲများ တွေ့လာရသည်ဟု ၄င်း ဒေသများသို့ မကြာသေးမီက သွားရောက် ခဲ့သော ပြည်တွင်း သတင်းသမားများ က ပြောကြသည်။

ကြွက်များ အဆမတန် ပေါက်ပွားလာ

“အခု တစ်ခေါက် ခရီးစဉ်မှာ ထူးထူး ခြားခြား တွေ့ခဲ့ကြရတာတော့ ကြွက်တွေ ပေါလာတဲ့ ကိစ္စပဲ။ ကြွက်တွေက အကောင် အကြီးကြီးတွေ ဆူဆူ ဖြိုးဖြိုး ကြီးတွေ” ဟု လပွတ္တာမြို့နယ် အတွင်းရှိ ကျေးရွာများ သို့ သွားရောက်ခဲ့သော ပြည်တွင်း သတင်းထောက် တစ်ဦးက သူ၏ အတွေ့အကြုံကို ပြောသည်။

နာဂစ် မုန်တိုင်းကြောင့် ကြွက်ကို စားသော မြွေ အများအပြား သေကြေခဲ့သောကြောင့် ယခုကဲ့သို့ ကြွက်များ ပေါများ လာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်ဟုဆိုသည်။ ကြွက်နှင့်အတူ ဖားများလည်း ယခင်ကထက် ပိုမို များပြားလာသည်ဟု ဆိုသည်။

ကြွက်များမှာလည်း ယခင်က ရှိခဲ့သော ကြွက်များထက် အကောင် ပိုကြီးလာကြပြီး ဒေသခံအချို့ကလည်း ကြွက်များကို နှစ်ခြိုက်စွာ စားလာကြသည်ဟု သိရသည်။

ကြွက်များ ပေါများလာခြင်းကြောင့် စပါးနှင့် အခြား သီးနှံအချို့ ဖျက်ဆီးခံရသော်လည်း အခြေအနေ ဆိုးရွားခြင်း မရှိသေးဟု ၄င်းဒေသသို့ သွားရောက်ခဲ့သော ပြည်တွင်း ဂျာနယ် သတင်းထောက်များ က ပြောကြသည်။

“သီးနှံခင်းတွေ ကိုတော့ ကြီးကြီး မားမား ဖျက်ဆီးတာတော့ မရှိသေးပါဘူး။ ကြွက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေလည်း လောလောဆယ် ဘာမှ မဖြစ်သေး ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်” ဟု ပြည်တွင်းက ဂျာနယ် သတင်းထောက် တစ်ဦးက ပြောသည်။

လပွတ္တာမြို့နယ် အတွင်း ကျေးရွာများတွင် စပါး၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ဖရဲ စသည့် သီးနှံပင်များ စိုက်ပျိုးကြသည်။

ရေလုပ်ငန်း ကျဆင်း

နာဂစ်မုန်တိုင်း ပြီးခါစမှာ ငါးဖမ်းဆီးရရှိမှု အတော်အတန် မြင့်တက်လာသော်လည်း ပြီးခဲ့သော ငါးဖမ်းရာသီ တစ်လျှောက်တွင်မူ ငါးဖမ်းဆီးရရှိမှု ယခင်နှစ်များ ကထက် နည်းပါးလာသည် ဟု ဆိုသည်။

“အရင်နှစ်တွေကလောက် ပုစွန်တွေ ဖမ်းလို့ မရတော့ဘူးလို့ လေယာဉ်ကွင်းရွာက တံငါတွေက ပြောကြတယ်ဗျ။ သူတို့ရွာမှာ ငါးပိကောင် လုပ်တဲ့ ငါး သေးသေးလေးတွေလည်း အရင်လောက် မရတော့ဘူး တဲ့” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

ငါးဖမ်းရာသီအတွင်း ငါးဖမ်းဆီး ရရှိမှု နည်းပါးပြီး ၀င်ငွေ နည်းပါးခဲ့သောကြောင့် လာမည့်မိုးရာသီအတွင်း စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်မည်ကို တံငါများက စိုးရိမ်နေသည်ဟု ဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်ဆီးသွားသော ငါးဖမ်းပိုက်များ ပြန်လည် မ၀ယ်ယူနိုင်သေးသည့် အတွက်လည်း လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲများ ရှိနေသေးသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌါနမှ ဦးစီးပြီး ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ ငါးဖမ်းပိုက် နှင့်လှေများ ကူညီပေးသည့် အစီအစဉ် ရှိခဲ့သော်လည်း ကူညီသည့် ပိုက်များနှင့် အမှန်တကယ် ရေလုပ်သားများ လိုအပ်သည့် ပိုက်များ မကိုက်ညီခြင်း၊ တကယ် လိုအပ်သည့် ပမာဏကို လိုက်မှီအောင် မပေးဝေနိုင်ခြင်း တို့ကြောင့် မုန်တိုင်း တိုက်ပြီး တနှစ်တာ ကာလအထိ လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ကို တွေ့ရသည်။

လေယာဉ်ကွင်းကျေးရွာသည် အိမ်ခြေ ၆၅၀ ကျော်ရှိ ရွာကြီး တစ်ရွာ ဖြစ်ပြီး ကပ္ပလီ ပင်လယ်နှင့် ထိစပ်နေသော ကျွန်းကြီး တစ်ခုပေါ်တွင် တည်ရှိသည်။ လူဦးရေ နှစ်ထောင်ကျော် ရှိပြီး နာဂစ်မုန်တိုင်းကြောင့် ၆၀၀ ခန့် သေဆုံးခဲ့ရသည်။

သောက်သုံးရေ အခက်အခဲ

နာဂစ် မုန်တိုင်း အပြီး မြစ်ချောင်းများအတွင်း ရေချို ရရှိနိုင်သော နေရာများမှာ အထက်ကုန်းတွင်းပိုင်း သို့ ပိုမို ရောက်ရှိသွား ကြခြင်းကြောင့် ရေချို ရရှိနိုင်ရန် ပိုဝေးဝေး သွားလာရသည် ဟု ဒေသခံများက ပြောကြသည်။ ယခင်က မြစ်ညာဖက်သို့ ငါးမိုင်ခန့် သွားလျှင် ရေချို ရရှိနိုင်သောနေရာ များမှာ ယခုအခါ ခုနစ်မိုင်ခန့်သွားမှ ရေချို ရရှိနိုင်သည်ဟု ဆိုသည်။

အချို့ရွာများမှာ ယခင်ကတည်းက သောက်သုံးရေကန်၊ ရေတွင်း များမရှိဘဲ တခြား ရွာများမှ သွားရောက် ခပ်ယူကြရသည်။ နာဂစ် မုန်တိုင်းအပြီး ဒေသအတွင်းရှိ သောက်သုံး ရေကန်များအတွင်းသို့ ရေငန်နှင့် အမှိုက် သရိုက်များ ၀င်ရောက်သွားသောကြောင့် သောက်သုံးရေ မျှဝေ သုံးစွဲကြရန် အခက်အခဲ ဖြစ်လာသည်။

လောလောဆယ် အခြေအနေတွင် မုန်တိုင်းဒဏ်သင့် ဒေသများအတွင်း သောက်သုံးရေ ရရှိရေးအတွက် အကူအညီ ပေးနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နည်းနေသေးသည်ဟု ၄င်းဒေသများသို့ သွားရောက်ခဲ့သော ပြည်တွင်း သတင်းသမားများက ခန့်မှန်းကြသည်။

“လပွတ္တာမှာတော့ မာလင် Merlin (နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း) က သောက်သုံးရေအတွက် လူတစ်ဦးကို တစ်နေ့စာ ကျပ် ၁၄၀ နှုန်းနဲ့ ကျေးရွာ ရေပေးဝေရေး ကော်မတီကို ပေးထားတယ်။ ကျေးရွာက အဲဒီ ပိုက်ဆံတွေနဲ့ သောက်ရေ ၀ယ်ပေးရတယ်” ဟု ပြည်တွင်း သတင်းသမားတစ်ဦးက ပြောသည်။

လုံခြုံသော အမိုးအကာ မရှိ

အရေးပေါ် နေထိုင်ရန် တာပေါ်လင်စဖြင့် ပြုလုပ်ထားသော တဲငယ်များမှာ လာမည့် မိုးရာသီအတွက် လုံခြုံသော အမိုးအကာများ မဟုတ်တော့ကြောင်း ပြည်တွင်း သတင်းထောက်များက ပြောကြသည်။

ကျေးရွာများအတွင်း အများစုသော နေအိမ်များမှာ တာပေါ်လင်စဖြင့် ပြုလုပ်ထားသော ခပ်သေးသေး တဲအိမ်များသာ ဖြစ်ကြသည်။

“မြစ်ကမ်းဘေးက ကြည့်လိုက်ရင် အိမ်သာလေးတွေ တန်းစီထားတယ် လို့တောင် ထင်ရတယ်။ တဲလေးတွေက သေးသေးလေးတွေ။ တာပေါ်လင်စ တွေနဲ့ ဆောက်ထားတော့ အခုလို ပူတဲ့ရာသီမှာ ဘယ်လို နေကြလဲ မသိဘူး” ဟု ပြည်တွင်း သတင်းသမားတစ်ဦးက ပြောသည်။

နေ့စဉ်ထုတ် သတင်းစာများနှင့် ရုပ်မြင် သံကြားတွင် တွေ့မြင်ကြရသော မုန်တိုင်းသင့် ဒေသ အတွင်း ဆောက်လုပ် လှူဒါန်းသည် ဆိုသော တန်ဖိုးနည်း အိမ်ရာများမှာ အစိုးရ အရာရှိကြီးများ လာရောက်တတ်သည့် ကျေးရွာများတွင်သာ ဟန်ပြ ဆောက်လုပ်ထားကြသည်ဟု ဆိုသည်။ အမှန်တကယ် နာဂစ်ဒဏ် ခံစားခဲ့ရသည့် ကျယ်ပြန့်လှသည့် ဧရိယာနှင့် နှိုင်းစာလျင် ရုပ်မြင် သံကြားနှင့် သတင်းစာများတွင် အပြသဘော တည်ဆောက်သော တန်ဖိုးနည်း အိမ်ရာမှာ အလွန် နည်းပါးလှသည့် အရေအတွက်ဟု လည်း ဆိုသည်။

၎င်းအိမ်ယာများကိုလည်း အချို့ ကျေးရွာ လူကြီးများ၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများကိုသာ ဦးစားပေး ချထားခြင်း ဖြစ်ပြီး အိမ်ယာ နေထိုင်ခွင့် ရရှိရန်အတွက်လည်း အာဏာပိုင်များထံသို့ လာဘ်ငွေ ကျပ်နှစ်သောင်းမှ ခြောက်သောင်း အထိ ပေးခဲ့ရသည်ဟု ပြောကြသည်။

ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦ

လပွတ္တာမြို့နယ် အတွင်း မုန်တိုင်း ဒဏ်ခံ အဆောက်အဦများ ခိုင်ခိုင် မာမာ မတွေ့ရှိရသေးကြောင်းလည်း ပြည်တွင်းသမားများက ပြောကြသည်။ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများမှာ စစ်အစိုးရ ထိပ်ပိုင်း အရာရှိကြီးများ လာရောက် စစ်ဆေးတတ်သည့် ရွာများတွင်သာရှိပြီး အချို့မှာ သုံးပုံတစ်ခန့်သာ ပြီးဆုံးသေးကြောင်း ဆိုပါသည်။

“ကျေးရွာတွေမှာ မုန်တိုင်းလာရင် ခိုဖို့ ဆိုပြီး ကုန်းလေးတွေ လုပ်ပေးထားတယ်။ ဘေးနားက မြေကြီးတွေကို ကုန်းဖြစ်အောင် ယက်တင် ထားတာပါပဲ။ ရေတက်လာရင် မြေကြီးတွေ စားသွားပြီး ပြိုသွားနိုင်တယ်။ နောက်ပြီး ကုန်းပေါ်တက်ဖို့ လှေကားလည်း မတွေ့ရဘူး” ဟု လပွတ္တာ အောက်ပိုင်း ကျေးရွာများသို့ သွားရောက်ခဲ့သည့် ပြည်တွင်း သတင်းသမား တစ်ဦးက ပြောပါသည်။

မုန်တိုင်းဒဏ်ခံ အဆောက်အဦများ၊ အသက်ကယ် တောင်ကုန်းများမှာ လူဦးရေနှင့် စာလျှင် ငါးပုံ တစ်ပုံ ခန့်သာ အကာ အကွယ် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်ဟု ပြည်တွင်း သတင်းသမားများက ပြောသည်။

လူတန်းစားညီ

နာဂစ်မုန်တိုင်းဒဏ် မခံရမီက ကျေးရွာအတွင်း ချမ်းသာ ကြွယ်ဝခဲ့သူများမှာ မုန်တိုင်းဒဏ်ကြောင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ကြပြီး ယခင်က ဆင်းရဲခဲ့သူများမှာ နာဂစ်မုန်တိုင်း အပြီး ၀င်ရောက်လာသော အကူအညီပေးရေး အဖွဲ့အစည်းများကြောင့် အတော်အသင့် အဆင်ပြေခဲ့သူများ တွေ့ရှိရသည်။

“အရင်က ပိုက်သူဌေးတွေ လယ်သူဌေးတွေက နာဂစ်ကြောင့် အကုန်လုံး ကုန်သွားကြပြီ။ သူတို့က ပိုက်ဆံရှိခဲ့တော့ ဝေခြမ်းရေး (ကယ်ဆယ်ရေးအဖွဲ့ အစည်းများ) တွေ ကို သွားဖို့လည်း ရှက်ကြတယ်။ အရင်ကတည်းက မရှိခဲ့တဲ့ လူတွေကတော့ ဝေခြမ်းရေးက ပေးတာလေးတွေနဲ့ အဆင်ပြေနေတာ ရှိတယ်” ဟု ပြည်တွင်း သတင်းသမားတစ်ဦးက ပြောသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ အစည်းများ ရောက်ရှိ လာကြခြင်းကြောင့် ကျေးရွာအတွင်းရှိ ရေပေးဝေရေး၊ ဝေခြမ်းရေး စသော အဖွဲ့ အစည်းများ ဖွဲ့စည်းရာတွင်လည်း အမျိုးသား အမျိုးသမီး မျှတစေရန်(Gender balance) ဂရုစိုက် ဖွဲ့စည်းတတ်လာသည်ကို တွေ့ရကြောင်း ဆိုသည်။

စိတ်ဒဏ်သင့်နေဆဲ

နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်နီးပါးရှိလာသည့်တိုင်အောင် မုန်တိုင်းဒဏ်ကို ကိုယ်တိုင်တွေ့ ကြုံခံစားခဲ့ရသောသူများမှာ ထိတ်လန့် ကြောက်ရွံ့မှုနှင့် စိုးရိမ် သောကများ မပျောက်သေးသည်ကို တွေ့ရသည်ဟု သတင်းထောက်များကပင် ပြောဆိုသည်။

“အမျိုးသမီး တစ်ယောက် ဆိုရင် စကားပြောနေရင်းကနေ မျက်ရည်တွေ ထွက်လာပြီး ဒေါသတကြီး ဖြစ်လာတယ်။ ကိုရင်လေးတစ်ပါးဆိုလည်း ဒီအတိုင်းပဲ။ ပြောရင်းနဲ့ တဖြည်းဖြည်း ခံစားချက်တွေ မာန်တွေ ပါလာတယ်” ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာမှ ပြန်လာသည့် သူကပင် ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် နှစ်သိမ့် ဆွေးနွေးမှုကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်း မတွေ့ခဲ့ရပေ။ စိတ်ကျန်းမာရေး အထူးကု ဆရာဝန် တဦးက ပြောဆိုခဲ့ရာတွင် မြန်မာနိုင်ငံတွင် ထိုသို့သော သဘာဝဘေး အန္တရာယ် ဆိုင်ရာ စိတ်ဒဏ်သင့်မှု အတွက် ဆွေးနွေးတိုင်ပင်မှု လေ့ကျင့်ပေးထားသည့် ဆရာဝန် မရှိသေးကြောင်း ၊ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန် အရေအတွက်လည်း နည်းပါးနေသေးပြီး ထိုသို့သော ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ကောက်ချက်ချသည်။

မြန်မာလူမှု အဖွဲ့အစည်း၏ ရှေးရိုး အစဉ်အလာအတိုင်း စိတ်ဒဏ်သင့်ခံရသူများအား ကျေးရွာ၏ ဘာသာရေး လူမှုရေးအရ ဦးဆောင်သည့် ဘုန်းတော်ကြီးများက ဘာသာရေး ရှုထောင့်မှ နှစ်သိမ့် ဆုံးမခြင်းတို့ကိုသာ ကျယ်ကျယ် ပြန့်ပြန့် မြင်တွေ့ခဲ့ရသည် ဟုလည်း သိရသည်။

တစ်နှစ်ပြည့်ဆွမ်းကြိုသွပ်

မတ်လ ဒုတိယပတ်အတွင်း ရွာသွန်းခဲ့သော မိုးကြောင့် ဒေသခံ အချို့ အစိုးရိမ် လွန်ခဲ့ကြသေးသည် ဟု ဆိုသည်။ ပင်လယ်နှင့် နီးစပ်သော ရွာများမှ လူအချို့မှာ နာဂစ်ကြောင့် သေဆုံးခဲ့သော ဆွေမျိုးသားချင်းများကို ရည်စူး၍ တစ်နှစ်ပြည့် ဆွမ်းသွပ်ခြင်းများကို ကြိုတင် ဆောင်ရွက်ပြီး လပွတ္တာမြို့ပေါ်နှင့် ရေတက်လျှင် လွတ်နိုင်မည့်နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ အောက်ဖက် ဆင်းတော့ ရွာက လူတွေက ဘာသွားလုပ်မှာလဲ၊ ရွာတွေမှာ လူတွေမရှိတော့ဘူး အန္တရာယ်များတယ်၊ မသွားကြနဲ့ လို့ ပြောကြတယ်။ သူတို့က လာမယ့် မိုးဦးကျကို တော်တော် ကြောက်နေကြတဲ့ပုံပဲ” ဟု ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

မုန်တိုင်းလာမလာကို သိရှိနိုင်ရန် ဒေသခံများက ရိုးရာနည်းများဖြင့် ခန့်မှန်းကြသည်ဟု ဆိုသည်။ ပျံလွှားငှက်တွေ သစ်ပင်ခြေရင်းမှာ အသိုက်လုပ်လျှင် လေပြင်းတိုက် နိုင်ပြီး ဖားပျံများ အိမ်အမြင့်တွင် တက်နေလျှင် ရေကြီးနိုင်သည် စသဖြင့် ခန့်မှန်းကြသည်။

မုန်တိုင်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်အတွက် ရေဒီယိုကို အဓိက အားကိုးကြကြောင်းဒေသခံများကပြောသည်ဟု ပြည်တွင်းသတင်း သမားများက ဆိုသည်။

“မေ ၂-၃” နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦးသေဆုံး၊ ၅၃၈၃၆ ဦး ပျောက်ဆုံးခဲ့ပြီး လူပေါင်း ၂.၄ သန်းခန့် မုန်တိုင်းရဲ့ဒဏ်ကို ခံခဲ့ရသည်ဟု ကုလသမဂ္ဂ က ခန့်မှန်းသည်။

Comments