Win Myat - One Year After Nargis, the victims still struggling


နာဂစ်အလွန် တနှစ်ခရီး မပြီးဆုံးသေးတဲ့ ဒုက္ခသည်ဘ၀များ

ဝင်းမြတ်

ဧပြီ ၂၈၊ ၂၀၀၉

တည်ဆောက်ဆဲ ကျေးရွာလမ်းမြင်ကွင်း

ဘုန်းကြီးကျောင်းအ၀င် စင်္ကြံလမ်းပေါ်မှာ ခင်းထားတဲ့ တာပေါ်လင်စပေါ်မှာ ဒူးတစ်ချောင်းထောင်ပြီးထိုင်နေတဲ့ ကိုသိန်းလင်း(၄၂ နှစ်) က သူ့လက်ထဲက သတင်းစာစက္ကူနဲ့လိပ်ပတ်ထားတဲ့ ဆေးလိပ်ကို တရှိုက်မက်မက်ဖွာနေတယ်။

နေပြည်တော်မြန်မာ့အသံကနေ ဘစ်ဂျလီ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ ဒီရေ သုံးပေကနေ ငါးပေ တက်နိုင်တယ်လို့ ကြေငြာချက်ကိုကြားပြီး သူနေထိုင်ရာ ကွင်းပေါက်ရွာကနေ လပွတ္တာမြို့ပေါ်ကို တက်လာတာဆိုတော့ ငါးရက်ရှိပြီပေါ့။ ကွင်းပေါက်ကျေးရွာဟာ လပွတ္တာမြို့နယ်တောင်ဖက်စွန်းမှာ တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ရွာတစ်ရွာဖြစ်ပါတယ်။

မြို့ပေါ်မှာကလည်းဆွေမျိုး အသိမိတ်ဆွေ မရှိလေတော့ နာဂစ်မုန်တိုင်း တိုက်ခဲ့တုန်းက သူတို့မိသားစုခိုလှုံခဲ့တဲ့ ဘုန်းကြီးကျောင်းထဲမှာပဲ ဒီတစ်ကြိမ်လည်း ရောက်နေပြန်တယ်။

သူတို့လိုပဲ မုန်တိုင်းသတင်း ကြေငြာချက်ကြားပြီး လပွတ္တာမြို့ပေါ်ကိုတက်လာတဲ့ တခြားရွာတွေက ရွာသားတွေလည်း ဘုန်းကြီးကျောင်းထဲမှာ တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ နှစ်ဆန်းတစ်ရက်နေ့ကတက်လာတာ။ အဲဒီတုန်းက ကျောင်းထဲမှာ ကျွန်တော်တို့လိုပဲရောက်လာကြတဲ့သူတွေ ထောင်ကျော်တော့ရှိမယ်။ အခုတော့ တဖြည်းဖြည်းပြန်သွားကြပြီ” လို့ ကိုသိန်းလင်းက ပြောပြပါတယ်။

မုန်တိုင်းမရှိတော့တဲ့ အချိန်မှာ ကိုသိန်းလင်းလည်း ကိုယ့်ရပ်ကိုယ့်ရွာပြန်ပြီး အခြေချချင်ပေမယ့် ပြန်စရာလမ်းစရိတ် မရှိတာကြောင့် လောလောဆယ် မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။ ငွေတိုကြေးစ ရလိုရငြား မြို့ပေါ်မှာ အလုပ်လိုက်ရှာပေမယ့် မြို့ပေါ်မှာ အသိမိတ်ဆွေမရှိတဲ့ ကိုသိန်းလင်း ဘာအလုပ်မှ မရပါဘူး။

နေအိမ်သစ်များ ဆောက်လုပ်နေကြပုံ

အမိုးအကာနေရာ

ဆိုင်ကလုန်းမုန်တိုင်းနာဂစ် မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသကို ၀င်ရောက်တိုက်ခတ်ခဲ့တာ တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းမျှသာ လိုတော့ပေမယ့် မုန်တိုင်းသင့်ဒေသမှာ နေထိုင်တဲ့ သူအများစုအတွက် လုံခြုံစိတ်ချရတဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ နေရာထိုင်ခင်းတွေ၊ ရာသီဥတု ဆိုးရွားဖောက်ပြန်လာတဲ့ အခြေအနေတွေမှာ ခိုနားဖို့ ခိုင်ခံ့လုံခြုံတဲ့နေရာတွေ မရှိသေးတာကြောင့် လောလောဆယ် အခြေအနေမှာ အထိတ်တလန့် ဖြစ်နေကြရဦးမှာပဲလို့ ဒေသခံတွေကပြောကြတယ်။

မုန်တိုင်းပြီးကာစမှာ အရေးပေါ်နေထိုင်ဖို့ ပေးဝေခဲ့တဲ့ တာပေါ်လင်စနဲ့လုပ်ထားတဲ့ ယာယီ တဲအိမ်ငယ်တွေဟာ ရာသီဥတုဒဏ်ကြောင့် ပေါက်ပြဲစုတ်ပြတ် နေကြတာတွေ့ရတယ်။ မြစ်ကမ်းနဖူးတစ်လျှောက်မှာ အပြာရောင် တဲငယ်လေးတွေကို တသီတတန်းကြီးတွေ့ မြင်နိုင်ပါတယ်။ စံပြကျေးရွာအဖြစ်သတ်မှတ် ဆောင်ရွက်တဲ့ ကျေးရွာတွေမှာတော့ ပျဉ်ထောင်သွပ်မိုး အိမ်ငယ်တွေ အစီအရီတွေ့ရတယ်။

ကျေးရွာတစ်ရွာနဲ့တစ်ရွာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပုံတွေ မတူညီကြပါဘူး။ အစိုးရအကြီးအကဲတွေ အရောက်အပေါက်များတဲ့ ဒေသက ကျေးရွာ တွေကို စံပြရွာအဖြစ်သတ်မှတ်ပြီး ဦးစားပေး ဆောင်ရွက်ထားတာမျိုး တွေ့ရပါတယ်။ ဥပမာ အားဖြင့် ဘိုကလေး မြို့နယ်ဆို ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု၊ လပွတ္တာဆို ပြင်စလူ မြို့နယ်ခွဲနဲ့ လှိုင်းဘုန်း စတဲ့နေရာမျိုးတွေကိုပဲ ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေက ထပ်ခါ ထပ်ခါ လာလေ့ရှိပါတယ်။ တစ်ချို့နေရာတွေမှာ လူနေအိမ်တွေ မဆောက်ရသေးတဲ့ မြို့ကွက်သစ် တွေ ဖော်ထုတ်ထားတာလည်း တွေ့ရပါတယ်။

မုန်တိုင်းသင့်လူဦးရေ အကုန်လုံးကိုတော့ ပြန်လည်နေရာချ ထားပေးတာ မဟုတ်ပါဘူး။ အမိုးအကာအတွက် တာပေါ်လင်စ တွေသာ ရရှိတဲ့ ကျေးရွာတွေက အများစုဖြစ်ပါတယ်။

ပင်လယ်ကမ်းစပ်နဲ့နီးပြီး ဆိုင်ကလုန်းနာဂစ်ကြောင့် တစ်ရွာလုံး ပျက်စီးသွားတဲ့ကျေးရွာတွေကို ပင်လယ်ကမ်းစပ်နဲ့ ဝေးရာနေရာတွေမှာ အိမ်ယာတွေ ပြန်လည်ဆောက်လုပ်းပေးထားတဲ့ ကျေးရွာအသစ်တွေ ကိုလည်းတွေ့ရတယ်။ ကျေးရွာနာမည်တွေပါ အသစ်တွေ ဖြစ်နေတာပါတယ်။

ယခင်ကတောတောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး လူနေအိမ်ခြေတွေ လုပ်တာကြောင့် နေထိုင်သူတွေ အသားမကျသေးဘူး လို့ဆိုကြတယ်။ သောက်သုံး ရေရဖို့ တော်တော်ဝေးဝေး ကိုသွားရောက် ခပ်ယူကြရပြီး တစ်ချို့နေရာတွေမှာ ထော်လာဂျီတွေနဲ့ လိုက်လံဖြန့်ဖြူးပေးနေတာ တွေ့ရတယ်။ တံငါလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ လူအများစုက ပင်လယ်နဲ့မနီးတဲ့ ကုန်းတွင်းပိုင်းမှာ အခြေချရတဲ့အခါ သူတို့ရဲ့နေ့စဉ်ဘ၀မှာ အခက်အခဲဖြစ်ကြရတယ်။

အိမ်တွေတော့ ရွာရှိလူတွေကို အကုန်ပေးပါတယ်။ ဒါပမယ့်အရင်ကသည်နေရာက တောကြီး။ ရွာကလူတွေကအကုန်လုံးနီးပါးက တံငါလုပ်ငန်း လုပ်ကြတာဆိုတော့ နေ့ဆိုရင် ရွာထဲမှာ လူမရှိတော့ဘူး” လို့ နာဂစ်ကြောင့် ရွာလုံးကျွတ် ပျောက်ကွယ်သွာပြီး ယခုအခါ ကျေးရွာ အသစ်တစ်ရွာမှာ နေအိမ်ရရှိထားတဲ့ အသက် ၆၀ ၀န်းကျင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဒဏ်ကို ပြင်းထန်စွာခံခဲ့ရတဲ့ ကျေးရွာတွေကလူတွေ ဘစ်ဂျလီမုန်တိုင်း သတင်းကြေငြာချက် ကြားပြီး နီးစပ်ရာမြို့တွေပေါ်ကို တက်လာတဲ့အခါ သူတို့ရဲ့အိမ်တွေကို အစောင့်အရှောက်မရှိ ထားခဲ့ကြရတယ်လို့ ဆိုကြတယ်။

အိမ်မှာပစ္စည်းတွေထားခဲ့ရတယ်။ ရွာမှာတော့ ဥက္ကဌနဲ့ ငွေလေးကြေးလေး ရှိတဲ့လူတွေတော့ ကျန်ခဲ့ပါသေးတယ်။ ယူချင်တာတွေယူကြပါစေ။ ကျွန်တော်တို့ကတော့ လူကလွဲပြီး ဘာမှလည်း မလိုချင်တော့ပါဘူးဗျာ။ ပုံမှန်လေးစားနေရရင်ပဲ ကံကောင်းတယ်လို့ယူဆပါတယ်” လို့ ကိုသိန်းလင်းက ပြောတယ်။

အရေးပေါ်မုန်တိုင်းလာရင်နားခိုဖို့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေလည်း ဒေသလူဦးရေနဲ့စာရင် နည်းပါးနေပြီး လက်ရှိအခြေအနေမှာလည်း အများစုက ဆောက်လက်စပဲရှိသေတာတွေ့ရတယ်။

နာဂစ်အလွန်တစ်နှစ် ပြည့်ကာနီးပြီး မိုးရာသီ ရောက်ခါနီးလာပေမယ့် တစ်ချို့ရွာတွေမှာ နေအိမ်အသစ်တွေ အခုမှ ဆောက်လုပ်နေဆဲ ဖြစ်တာလည်း တွေ့ရတယ်။

ကျေးရွာမြင်ကွင်း

သောက်ရေသုံးရေ

ပင်လယ်နဲ့နီးတဲ့ဒေသက ကျေးရွာတွေမှာရှိတဲ့ ရေတွင်းတွေဟာ နာဂစ်တိုက်ခတ်ပြီး နောက်ပိုင်းမှာ အငံဓါတ် ပိုလာတယ်လို့ ဒေသခံတွေကပြောကြတယ်။ သောက်သုံးရေကန်တွေထဲကိုလည်း ရေငံနဲ့အမှိုက်သရိုက်တွေ ၀င်ကုန်တာကြောင့် အရင်တုန်းက ရှိခဲ့တဲ့ ရေအရင်းအမြစ်တွေ သည်နှစ်မှာ နည်းပါးခဲ့ကြ တယ်။

ပြီးခဲ့တဲ့နွေရာသီမှာ သန့်ရှင်းတဲ့သောက်သုံးရေ အခက်အခဲဖြစ်ကြပေမယ့် သောက်သုံးရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်းတွေ ရှိတာကြောင့် လုံးဝသောက်စရာ မရှိလောက်အောင်တော့ မဖြစ်ခဲ့ကြဘူးလို့ဆိုကြပါတယ်။ ဒါပေမယ့် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေ နည်းနေသေး တယ်လို့ ဆိုကြပါတယ်။

သန့်ရှင်းတဲ့သောက်သုံးရေအခက်အခဲရှိပေမယ့် ရေနဲ့ပတ်သတ်ပြီး ဖြစ်ပွားတတ်တဲ့ ရောဂါတွေကြီးကြီးမားမား မတွေ့ရှိရသေးပါဘူး။

သောက်သုံးရေရရှိဖို့ ကျေးရွာ လှေဆိပ်တွေမှာ ဖိုင်ဘာရေတိုင်ကီကြီးတွေ စုပုံထားတာ တွေ့ရတယ်။ မြစ်ချောင်းထဲကနေ စက်လှေနဲ့ ပုံမှန်ရေဖြည့်ပေးပြီး ကျေးရွာ ရေပေးဝေရေးကော်မတီကနေ ခွဲတမ်းအလိုက် ပြန်လည်ဖြန့်ဖြူးပေးကြပါတယ်။ တစ်ချို့အဖွဲ့အစည်းတွေက သောက်သုံးရေရရှိဖို့ လူတစ်ဦးစီကို သတ်မှတ်ငွေကြေး ထုတ်ပေးထားပြီး ကျေးရွာရေပေးဝေရေးကော်မတီက သောက်သုံးရေ၀ယ်ယူပြီး ဖြန့်ဖြူးပေးတာလည်း ရှိပါတယ်။

ကျေးရွာရေပေးဝေရေး ကော်မတီမှာ ရွာဦးဘုန်းတော်ကြီး၊ ကျေးရွာဥက္ကဌ၊ ကျေးရွာက ယုံကြည်လေးစားကြတဲ့ ရပ်မိရပ်ဖ စတာတွေ သင့်သလို ပါဝင် ဖွဲ့စည်းပေးထားကြတယ်။ ရေပေးဝေရေးလုပ်ငန်းတွေကို အစိုးရအဖွဲ့အစည်းတွေက ဆောင်ရွက်ခြင်းမရှိဘဲ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အင်န်ဂျီအိုတွေကသာ လုပ်ဆောင်ကြတာတွေ့ရတယ်။

ရေထမ်းသည့် ကလေးငယ်

အသက်မွေးဝမ်းကျောင်း

ဆိုင်ကလုန်းနာဂစ်ကြောင့် မုန်တိုင်းသင့်ဒေသမှာ နေထိုင်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ပြောင်းလဲလာခဲ့တယ်။ ယခင်က လယ်လုပ်သူတွေဟာ မုန်တိုင်းကြောင့် လယ်လုပ်ကိရိယာတွေ ဆုံးရှုံးခဲ့ပြီး လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲ ဖြစ်ခဲ့ကြရတယ်။ နေအိမ်ပြန်လည် ထူထောင်ဖို့နဲ့ လုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်ဖို့ နီးစပ်ရာက ငွေချေးယူကြပြီး ပြန်လည်မဆပ်နိုင်တဲ့အခါ လယ်မြေတွေကို ထိုးအပ်လိုက်ရတယ်လို့ ပြင်စလူမြို့နယ်ခွဲထဲက ရွာသားတစ်ဦးက ပြောပါတယ်။

မိသားတစ်စုလုံး သေသွားပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ လယ်ယာတွေကိုတော့ ကျေးရွာဥက္ကနဲ့ သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက ခပ်တည်တည်နဲ့ သူတို့ပိုင် မြေဖြစ်အောင် လုပ်ယူတာလည်း ရှိတယ်လို့ဆိုကြပါတယ်။

အသေးစား တံငါလုပ်ငန်း လုပ်ကိုင်ကြတဲ့သူ အများစုသည်နှစ်မှာ ငါးပုစွန် အရအမိနည်းတယ်လို့ ပြောကြပါတယ်။ အသေးစား ငါးဖမ်းလှေတွေ ဖြန့်ဝေတဲ့ အခါမှာလည်း ကျေးရွာလူကြီးနဲ့ နီးစပ်သူတွေ ရွာမှာနေထိုင်တာ ကြာပြီဖြစ်တဲ့ သူတွေကိုဦးစားပေးတယ်လို့ ဒေသခံ တံငါသည်တစ်ဦးက ပြောပါတယ်။

ကျွန်တော်တို့က သည်ရွာကိုရောက်လာတာ မကြာသေးဘူး။ လှေတွေပေးတော့ လူကြီးနဲ့နီးစပ်တဲ့သူတွေက ပထမဦးစားပေး စာရင်းထဲမှာပါတယ်။ နောက်တော့ ရွာမှာ အမြဲတမ်းနေတဲ့ သူတွေကို ပေးတယ်။ မုန်တိုင်းဖြစ်တော့ သူတို့လည်းဆုံးရှုံးသလို ကျွန်တော်တို့လည်းဆုံးရှုံးတာပဲ။ ပြန်ရတဲ့အခါ ကျတော့ ကျွန်တော်တို့က မရတော့ လုပ်ကိုင် စားသောက်ရတာ အခက်အခဲဖြစ်တာပေါ့” လို့ မုန်တိုင်းကြောင့် ရွာနေရာပါ ပျောက်သွားတဲ့ ဒေသခံ တံငါတစ်ဦးကပြောပါတယ်။

ယခင်က ဘောက်လုပ်ဘောက်စား(ကြုံရာကျပန်း) သမားတွေလည်း နာဂစ်အပြီးမှာ အလုပ်အကိုင်တွေ ရှားပါးလာတယ်လို့ ဆိုကြပါတယ်။ ငါးဖမ်းစက်လှေ တွေအများအပြား ဆုံးရှုံးခဲ့တာကြောင့်လည်း ငါးလှေလိုက်တဲ့ အလုပ်တွေ ရှားပါးသလို လယ်ပိုင်ရှင်ကြီးတွေလည်း ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတာကြောင့် အလုပ်အကိုင် ရှားပါးလာတာဖြစ်တယ်လို့ပြောပါတယ်။

အလုပ်အကိုင်တွေကရှားတယ်။ ဝေခြမ်းရေးက ပေးတာလေးရယ် ကိုယ်ရှာလို့ရတာလေးတွေ ပေါင်းလိုက်ရင်တော့ ငတ်တော့ မငတ်ဘူးပေါ့” လို့ ကိုသိန်းလင်းကသူတို့ ဘ၀အခြေအနေကိုပြောပြတယ်။

တစ်ချို့ရွာတွေမှာ အိမ်တွင်း အသေးစား ကုန်စုံဆိုင်ဖွင့် နိုင်ဖို့ ပြည်တွင်းအန်ဂျီအိုအဖွဲ့တစ်ချို့ကနေ အကူအညီ ပေးတာလည်းတွေ့ရတယ်။

ရေလုပ်ငန်းရှင်တွေကို အစိုးရက ငွေထုတ်ချေး ပေးတာတွေရှိပေမယ့် ပမာဏနည်းပါး နေသေးတယ်လို့ရေလုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။ ချေးငွေတွေ ချေးယူတဲ့အခါမှာလည်း ပွဲစားတွေကြောင့် အပြည်အ၀ မရရှိခဲ့ကြဘူး လို့ဆိုပါတယ်။ ကမ်းဝေးငါးဖမ်း လုပ်ငန်းလုပ်ကိုင်သူတွေကို ရာသီဥတုအခြေအနေ အကြောင်း ကြားနိုင်အောင် ၀ါယာလက် စကားပြောစက်(ဝေါ်ကီတော်ကီ) တွေ အသုံးပြုခွင့် ပေးထားတာတွေ့ရတယ်။

နာဂစ်ချန်ရစ်သည့် အပျက်အစီးများ

ဈေးကွက်ဝင်ကယ်ဆယ်ရေးပစ္စည်း

ကယ်ဆယ်ရေးပစ္စည်းအဖြစ် နိုင်ငံတကာက ကူညီထောက်ပံ့ခဲ့တဲ့ ပစ္စည်းတွေကို နာဂစ်အလွန် တစ်နှစ်ပြည့်ကာနီးအချိန် မုန်တိုင်းသင့်ဒေသတွေက ဈေးတွေမှာ တွေ့မြင်လာရပါတယ်။

ယူနီဆက်ဖ်က ထောက်ပံ့ထားတဲ့ ခြင်ပြေးတဲ့ ခြင်ထောင်တွေ၊ ဟိုက်အင်နာဂျီချော့ကလက်တွေနဲ့ တခြားစားသောက်ဖွယ်ရာတွေကို အလွယ်တကူ ၀ယ်ယူနိုင်တယ်။ ခြင်ထောင်တစ်လုံးကို ငါးထောင်ဝန်းကျင်နဲ့ လိုသလောက်ရောင်းပေးနိုင်တယ်လို့ လပွတ္တာမြို့ပေါ်ကရောင်းချသူတစ်ဦးကပြောတယ်။ တစ်ထည်စ နှစ်ထည်စမဟုတ်ဘဲ ပါကင်ပုံးလိုက်ကို တင်ရောင်းနေတာတွေ့မြင်နိုင်ပါတယ်။

အလှူရှင်တွေက ငါးဖမ်းလှေတွေ ဆောက်လုပ်ဖို့ ငွေတွေလှူဒါန်းတဲ့ အခါမှာလည်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက အနီးအနားရွာတွေမှာ ရှိတဲ့သစ်တောတွေခုတ်ပြီး လှေတွေဆောက်လုပ် ပေးခဲ့တာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ကျေးရွာမြင်ကွင်း

ဘာတွေပြင်ဆင်ထားကြသလဲ

မုန်တိုင်းဒဏ်ကို ကိုယ်တိုင်ကြုံတွေ့လွတ်မြောက်လာခဲ့သူတွေက နောက်တစ်ခါမုန်တိုင်းလာခဲ့ရင် အသက်ဘေး လွတ်မြောက်ဖို့ ကိုယ့်ပိုင်အစီအစဉ်တွေ စီစဉ်ထားကြတာ လည်းတွေ့ရတယ်။

ကျွန်မတို့ကတော့ စီပလပ်ဘူးလေးတွေ စုပြီးသီထားတယ်။ ရေသန့်ဗူးတွေကိုလည်း တွဲထားတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ကိုယ့်အသက်ကို ကယ်နိုင်အောင်လို့လေ” လို့ လပွတ္တာမြို့နယ်ထဲက ကျေးရွာတစ်ခုမှာနေထိုင်တဲ့ အမျိုးသမီး တစ်ယောက်ကပြောတယ်။

မိုးလေတွေကြမ်းလာပြီဆိုရင် ကျွန်မ အတွင်းခံဘောင်းဘီတွေကို အထပ်ထပ်ဝတ်တယ်။ နာဂစ်တုန်းကသေသွားတဲ့လူတွေမှာ ဖင်ပြောင်တွေနဲ့ သေနေတာက များတယ်။ သေရင်တောင်း ဖင်ပြောင်ကြီးနဲ့တော့ မသေနိုင်ဘူး” လို့လည်း သူမက ဆက်ပြောတယ်။

ဘုန်းကြီးကျောင်း တွေမှာလည်း ထုတ်တန်းတွေ ထိုးထားပြီး ဆန်နဲ့ ထမင်းခြောက်တွေကို ထပ်ခိုးလုပ်ပြီး တင်ထားတာတွေ့ရတယ်။ အိမ်တိုင်တွေကို ကန့်လန့်ဖြတ်တန်းတွေ နဲ့ ကျားကန်ထားကြတာ လည်းတွေ့ရတယ်။ ၀ါးရုံရှိတဲ့ရွာတွေမှာ ၀ါးရုံတွေပေါ်မှာ ငါးဂါလံပုံးတွေချိတ်ထားကြတယ်လို့လည်း ဆိုတယ်။

အုန်းပင်းတွေကို ခါးလည်လောက်ကဖြတ်ပြီး ကြိုးနဲ့ချည်ထားတာလည်းတွေ့ရတယ်။ ရေတက်လာရင် ရေစီးနဲ့မြောမသွားအောင် အုန်းပင်က ကြိုးကိုကိုင်ထားလို့ရအောင်ဖြစ်ပါတယ်။ ပင်လယ်နဲ့နီးတဲ့ ရွာလေးတွေမှာတော့ မြေကြီးတွေ ကော်တင်ထားပြီး ကုန်းမြင့်ဖြစ်အောင် လုပ်ထားကြတယ်။ ကုန်းမြင့်ပေါ်ကို အလွယ်တကူ တက်နိုင်အောင်လုပ်ထားတာတော့မတွေ့ရပါဘူး။

မုန်တိုင်း သတင်းကြားသိရဖို့ အဓိက သတင်းအချက် အလက်ရနိုင်တာ ကတော့ ရေဒီယိုပဲဖြစ်တယ်လို့ ဒေသခံတွေကပြောကြတယ်။ အိမ်တိုင်းလိုလို မှာလည်း ရေဒီယိုတွေတွေ့ မြင်ရပါတယ်။ နာဂစ်အပြီးမှာ ရေဒီယိုကို မဖြစ်မနေ၀ယ်ထား ကြရတယ်လို့ အသက်နှစ်ဆယ်ဝန်းကျင် ကျပန်းအလုပ်သမ တစ်ဦးကပြောတယ်။

ရေဒီယိုက သတင်းကြားတာနဲ့ ပြေးမယ်ဆိုရင် လွတ်နိုင်ချေပိုများတာပေါ့။ သင်္ကြန်တုန်းကတောင် မုန်တိုင်းလာမယ်ဆိုလို့ အိမ်ထဲကပစ္စည်းနဲ့ ဆန်တွေကို ကုန်းမြင့်ပေါ်နည်းနည်းရွှေ့ထားလိုက်တယ်။ အဲဒီမှာလည်း သူလိုကိုယ်လို ရောက်လာတဲ့ လူတွေအများကြီးပဲဆိုတော့ နေရာတစ်နေရာ ရဖို့တော်တော် ရှာရတယ်” လို့သူမက ဘစ်ဂျလီမုန်တိုင်း သတင်းကြားရပြီး သူတို့ရဲ့ကြိုတင်ပြင်ဆင်မှု အခြေအနေကိုပြောပြတယ်။

ကိုသိန်းလင်းကတော့ သူတို့ရွာမှာ မုန်တိုင်းခိုဖို့အဆောက်အအုံကြီးကြီးမားမားမရှိတဲ့အပြင် မြို့နဲ့လည်း အလှမ်းဝေးတာကြောင့် မိုးလေ၀သက သတင်းကြားတာနဲ့ လွတ်မယ်ထင်တဲ့နေရာကို ပြောင်းပြေးမယ်လို့ ပြောပါတယ်။

ကျွန်တော်တို့မှာက ငွေလည်းမရှိဘူး။ ကိုယ်ပိုင်လှေလည်းမရှိဘူး။ ပုန်းခိုစရာလည်း ခိုင်ခိုင်မာမာမရှိဘူး။ အဲဒီတော့ ရေဒီယိုကိုပဲနားထောင်နေရတယ်။ မုန်တိုင်းသတင်းကြားပြီဆိုတာနဲ့ ကျွန်တော်တို့က မြို့ပေါ်ကိုတက်လာမှာပဲ။ မုန်တိုင်းဘယ်နေရာ ကိုပဲဝင်ဝင် ဘယ်လိုနည်းနဲ့မှ ရွာမှာမနေရဲဘူး” လို့ ကိုသိန်းလင်းကပြောတယ်။

Comments