နွေဦးတွန်သံ အဆုံးမှာ
အိပ်မက်အ၀ါက
တံခါးလာခေါက်တယ်။
ဒီအချိန်…
ဟိုတုန်းကဆို
အ၀ါရောင်တွေ ရွှဲရွှဲစိုပြီး
လူတိုင်းရင်မှာ
ပိတောက်ကိုယ်စီပွင့်ကြလို့
ဒီအချိန်…
ဟိုတုန်းကဆို
နှစ်ဟောင်းက အညစ်အကြေးတွေ
ဒီနေ့မှာ
အပြီးသတ် ဆေးလို့ကြောလို့
ဒီအချိန်…
ဟိုတုန်းကဆို
တယောက်ရင်ကပိတောက်
တယောက်က တယောက်ကို ခူးပြီး ဝေလို့။
လွမ်းတယ်
အဝေးရောက် အ၀ါရောင်တွေကို တမြေ့မြေ့နဲ့ပေါ့။
ဒီမှာ
သင်္ကြန်တုတခုရဲ့ ကျောပြင်ပေါ်
ခြောက်ခြောက်သွေ့သွေ့ တန်ခူးနေ့တွေက တဖွဲဖွဲ ကြွေကျ
ချစ်တဲ့ကောင်လေးရေ…
ဒါကိုပဲ မက်မက်စက်စက် ငွေပေးပျော်သူတွေက ပျော်လို့
သူတို့က ပြောသေးတယ်
အဲဒါလဲ သင်္ကြန်ပါပဲ ဆိုလား
တကယ်ဆို
စင်ပြိုင်စင်ခဲတွေ ထားခဲ့သင့်ပြီ
၂၀၁၀ရယ်
ရေမစိုတဲ့ အ၀ါရောင်နေ့တနေ့အတွက်
နင်ရော အ၀ါဆိပ်သင့်ခံရဦးမှာလား
ဒီနေ့အဖို့ရာ
ရောင်စုံသက်တန့်ကြီးလဲ ပြန်ယူသွားပါ
ငါလိုချင်တာက အ၀ါရောင်စစ်စစ်
နောက်ပြီး
သင်္ကြန်စစ်စစ် တဖဲ့စာလောက် ဖြစ်ဖြစ်
ငါတို့ကို ပြန်ပေးပါ
ဒီမှာ
အလွမ်းတံခါး မစေ့သေးဘူး
ကြီးမြတ်လှစွာသော`မဟာသင်္ကြန်´
တနေ့နေ့
ငါတို့အားလုံး အိမ်ပြန်ရောက်ချိန်မှာ
တန်ခူးကို တန်ခူးလို
ပြန်လည်ထုဆစ်
ချစ်ခြင်းတရားစစ်စစ်မှာ
သင်္ကြန်လက်ဆေးမိုးစက်တွေ စွတ်စိုလို့
နေ့စွဲဟောင်းတွေကို
ပြန်ပြီး သန့်စင်ကြမယ်
သမုဒရာဟိုဘက်ကမ်းက အ၀ါရောင်ရယ်
နင်တကယ်စောင့်လို့ ကြိုနေနော်။ ။
Comments