ရေခဲပုံးထဲမှ မြန်မာလူငယ် ၂ ဦးကို သြစတေးလျက နေထိုင်ခွင့်ပေး
မိုးမခ အထောက်တော် ၀၀၈
မေ ၉၊ ၂၀၀၉
မိုးမခ အထောက်တော် ၀၀၈
မေ ၉၊ ၂၀၀၉

လွန်ခဲ့သည့် ၃ လက သြစတေးလျနိုင်ငံသို့ ရေခဲပုံးဖြင့် ရောက်သွားသည့် မြန်မာငါးဖမ်းလုပ်သား၂ဦးကို သြစတေးလျအစိုးရက နေထိုင်ခွင့် ပေးလိုက်သည်။
ထို ၂ ဦးမှာ ကိုကိုဦး (အသက် ၂၂ နှစ်)၊ သောင်းထိုက် (အသက် ၂၄ နှစ်) တို့ ဖြစ်သည်။
၎င်းတို့သည် ငါးဖမ်းလှေ တိမ်းမှောက်ပြီးနောက် ပင်လယ်ထဲတွင် တလနီးပါးခန့် အသက်ရှင် နေထိုင်ခဲ့သူများအဖြစ် ထင်ရှားသည်။
လူဝင်မှု ကြီးကြပ်ရေး ဌာနက သတင်းဌာနများသို့ ယနေ့ ပြောကြားရာတွင် အခြား ငါးဖမ်းလှေ တစီးမှ ငါးဖမ်းလုပ်သား ၅ ဦးသည်လည်း ၎င်းတို့နည်းတူ နေထိုင်ခွင့် ရကြသည်ဟု ဆိုသည်။
နေထိုင်ခွင့် လျှောက်ထားစဉ်ကာလက ၎င်းတို့ ၂ဦးသည် ခရစ်စမတ် ကျွန်းပေါ်တွင် ရှိနေသည်။
နေထိုင်ခွင့် ရသွားသူများသည် သြစတေးလျနိုင်ငံ အနောက်ပိုင်း သို့မဟုတ် တောင်ပိုင်းသို့ သွားရောက် အခြေချကြမည်ဟု မျှော်လင့်ရကြောင်း သတင်းများတွင် ရေးထားသည်။
သြစတေးလျနိုင်ငံတွင် မြန်မာပြည်သား အများအပြား နေထိုင်ခွင့် ရနေကြသည်။ အများစုမှာ ပညာရေး၊ နိုင်ငံရေး ခိုလှုံခွင့်၊ မိသားစုပေါင်းစည်းရေး စသည့် အစီအစဉ်များဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။
ရေခဲပုံးမြန်မာနှစ်ဦး၏ ဖြစ်ရပ်မှာ သြစတေးလျ နှင့် နိုင်ငံတကာရှိ မြန်မာအသိုင်းအ၀န်းတွင် ထူးခြားလျက်ရှိသည်။
ယခင် ဆက်စပ်သတင်းများ
ပင်လယ်အတွင်းမှ လွတ်မြောက်လာသူနှစ်ဦးနှင့် စကားပြောခြင်း
မြန်မာ၂ဦး ပင်လယ်တွင် ၁လနီးပါး မျောပါခဲ့

Comments