6th Day of Trial on DASSK - Brief Look

ဆဌမနေ့မြောက် အင်းစိန်ထောင်ရှေ့ အခြေအနေ

မိုးမခအထောက်တော် ရန်ကုန်

မေ ၂၅၊ ၂၀၀၉

မြန်မာနိုင်ငံသာမက နိုင်ငံတကာကိုပါ တုန်လှုပ်သွားစေသည့် ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရ၏တရားစွဲဆိုမှု ဆဌမမြောက်နေ့ အင်းစိန်ထောင်ရှေ့တွင် လုံခြုံရေး တင်းကြပ်စွာချထားဆဲ ဖြစ်ပြီး ဓါတ်ပုံရိုက်သူများ၊ ဗီဒီယိုရိုက်သူများ ရှိမရှိ အလွတ်မပေးပဲ စောင့်ကြည့်နေသည် ကိုမြင်တွေ့ခဲ့ရသည်။

အင်းစိန်ဈေးရှေ့

ယနေ့နံနက်တွင် ပြီးခဲ့သည့် သောကြာနေ့ကကဲ့သို့ မိုးသည်းထန်ခြင်း မရှိသော်လည်း မိုးဖွဲဖွဲ ရွာသွန်းနေပြီး အင်းစိန်ဈေးရှေ့ဘက်ခြမ်းတွင် အန်အယ်ဒီ ပါတီဝင်များ အယောက် ၂၀ခန့် စုဝေး စောင့်ဆိုင်းလျက် ရှိသည်ကို တွေ့ရသည်။

အင်းစိန်ဂုံးကျော်တံတား

အင်းစိန်ထောင် ရှေ့ဖြတ်သန်းသည့် လမ်းမကို ခုံးကျော်တံတား အဆင်းမှ စတင်ကာ ကား အ၀င် ပိတ်ထားပြီး အင်းစိန်ဈေးအလွန် မီးသတ်ရှေ့မှ စတင်ကာ ဖြတ်သန်းသွားလာခြင်းကို ပါပိတ်ဆို့ထားသည် ကိုမြင်တွေ့ရသည်။ အင်းစိန်တံတား သို့ဆင်းရာ ဘုရင့်နောင်လမ်းဘက် သွားလိုသူများမှာ အင်းစိန်ဈေးရှေ့မှ လမ်းသွယ်လေးများထဲသို့ ၀င်ရောက်ပြီး လမ်းကြိုလမ်းကြားမှ ဖြတ်သန်းသွားကြရသည်။

လုံခြုံရေး စောင့်ကြည့်မှုများ

အင်းစိန်ဈေး ကိုဖွင့်လှစ်ထားပြီး အရောင်းအ၀ယ် လုပ်နေသည်ကို မြင်တွေ့ရသော်လည်း ဈေးအပေါ်ထပ်တွင် ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ်ရဲများ ရှိနေပြီး လမ်းတဘက်ခြမ်း ရှိအန်အယ်လ်ဒီ အဖွဲ့ဝင်များကို မျက်ခြေမပြတ် စောင့်ကြည့် လျက်ရှိကြသည်။ မီးသတ်ရှေ့ အတားအဆီး ချထားရာနေရာတွင် ရဲကား ၄စီး ရပ်ထားပြီး၊ အပြာရောင် လုံထိန်းကား ၅စီးခန့်မှာ လုံထိန်းရဲများ အပြည့်ဖြင့် ထောင်ပတ်ဝန်းကျင်ကို လှည့်ပတ်လျက် ရှိသည်။

ဈေးမျက်နှာချင်းဆိုင် လဘက်ရည်ဆိုင်များ ထဲတွင် ရဲများ၊ အရပ်ဝတ် စုံထောက်များ၊ သတင်းပေးများ ဖြင့်ပြည့်နှက်လျက် ရှိပြီး ၀င်လာသည့် လူစိမ်းမှန်သမျှကို မသင်္ကာသည့် မျက်လုံများ ဖြင့် စောင့်ကြည့်နေကြသည် ကိုတွေ့ရသည်။

လူထုနိုးကြားမှု

လွန်ခဲ့သည့် သီတင်းပတ်က စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အား မတရား စွဲချက်ဖြင့် တရားစွဲဆိုသည့် အမှုကို ပြည်သူအများက စိတ်ဝင်စားလျက်ရှိကြပြီး နေ့စဉ်ထုတ် သတင်းစာများ ၊ပြည်ပမှ လွှင့်ထုတ်သည့် မြန်မာပိုင်း ရေဒီယို သတင်းများ၊ ဒီဗီဗွီ ဂြိုဟ်တု သတင်းတို့ မှတဆင့် စောင့်မျှော်နားစွင့် လျက်ရှိသည်ကို တွေ့ရှိရသည်။

Comments

မိုးမခ ကိုအမြဲဖတ်ပါတယ်