အင်းစိန်ထောင်ရှေ့ သတ္တမနေ့မြောက် အခြေအနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၆ရက်၊ ၂၀၀၉
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၆ရက်၊ ၂၀၀၉
ယနေ့ အဖွဲ့ချုပ်၏ ကြေညာချက်
ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည့် အမှု သတ္တမမြောက် နေ့ အဖြစ် အင်းစိန်ထောင်တွင် ယနေ့ စစ်ဆေးလျက် ရှိပြီး သံတမန်များ၊ ပြည်ပ သတင်းဌာန ကိုယ်စားလှယ်များ နှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များ ဒုတိယ အကြိမ် အဖြစ် တက်ရောက်ခွင့်ရသည် ဟု သိရသည်။
အင်းစိန်ဈေး ရှေ့တွင် နေထိုင်သူ တဦးက ပြောဆိုရာမှာ “နံနက် ၆နာရီကျော်မှာ သံရုံးကား ၁၅ စီးကျော် ၀င်လာပြီး ၉ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ နောက် နေ့လည် ၁၂နာရီ မထိုးခင်မှာ သံရုံးကားတွေနဲ့ သတင်းထောက်တွေ တခေါက် ထပ်ဝင်သွားတာ တွေ့ရတယ်” ဟု ပြောဆိုသည်။
နံနက် ၉နာရီခွဲ ၀န်းကျင် မြင်တွေ့ရသည့် မြင်ကွင်းအရ အင်းစိန် ကမ်းနားလမ်း ပေါက်တောဝ မှတ်တိုင်ဘက်တွင် ရဲအစောင့် ၁၇ယောက်ခန့်ရှိပြီး ယခင်နေ့များကဲ့သို့ပင် ထောင်ရှေ့သို့ ဖြတ်သည့် လမ်းကိုပိတ်ဆို့ထားသည်။ လုံထိန်းရဲအစောင့် ၃ယောက် တစုစီကို တာဝန်ခံ ဖြစ်ဟန်တူသည့် အရပ်ဝတ် လုံခြုံရေးအရာရှိက လမ်းမပေါ်တွင်ပင် စီစဉ်ညွှန်ကြားလျက် ရှိသည်ကို မြင်လည်း မြင်တွေ့ရသည်။
အဆိုပါ အနီးနားတ၀ိုက်ရှိ ကြေးအိုးဆိုင်၊ ဘီယာဆိုင်နှင့် တီဗီပြင်ဆိုင်များမှာ ပိတ်ထားရပြီး လက်ဖက်ရည်ဆိုင် များကိုသာ ဖွင့်လှစ်ထားသည် ကိုတွေ့ရသည်။ လက်ဖက်ရည်ဆိုင်များထဲ တွင်လည်း ၇၀% မှာ အရပ်ဝတ် လုံခြုံရေး ဖြစ်မည်ဟု အကဲခတ်ရသည်။
ထိုသူများက အပြင် လူစိမ်းများကို သာမက သူတို့ ခိုင်းစေထားသည့် စွမ်းအားရှင်များကို ပြန်လည် စောင့်ကြည့် အကဲခတ်လျက် ရှိသည်ကို တွေ့ရသည်။ ထိုနေရာတ၀ိုက်တွင် စွမ်းအားရှင် အယောက် ၃၀ ခန့် ရှိသည်ကို မြင်တွေ့ရသည်။
ထိုသို့ အရပ်ဝတ် လုံခြုံရေးများက လဘက်ရည် ဆိုင်တွင် နေ့စဉ် ထိုင်ပြီး စောင့်ကြည့်နေခြင်းကြောင့် ပြင်ပ စားသုံးသူများ မ၀င်ရောက်ဝံ့ကြကြောင်းလည်း သိရသည်။
ယနေ့ ထူးခြားသည့် အချက် တချက်မှာ စစ် ဒိုင်နာကား တစီး တွေ့ရပြီး စစ်သား ၁၀ ယောက်ကျော် လက်နက်အပြည့်အစုံ ဖြင့် တွေ့ရှိရခြင်း ဖြစ်သည်။
အင်းစိန်ထောင် အနီးဝန်းကျင် တ၀ိုက်ရှိ ဆိုက်ကားသမားများနှင့် ဈေးသည်များအနက် အချို့မှာ ရဲသတင်းပေးများ၊ အယောင်ဆောင် ထောက်လှမ်းသူများ ဖြစ်သည်ဟု ဂျာနယ် သတင်းထောက် တယောက်က ပြောဆိုသည်။
ယခု နာရီပိုင်း အထိ စစ်ဆေးသည့် အချက်အလက်များနှင့် ပတ်သက်ပြီး မည်သည့် သတင်းမှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
Comments