- တစ် -
မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းကြီး ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာ တနှစ်ပြည့်တဲ့နေ့၊ ၂၀၀၉ ခုနှစ် မေလ ၂ ရက်နေ့၊ နေ့လယ် ၁ နာရီ ၅ မိနစ်မှာ ကျနော့်ဖေဖေ ဦးကျော်ရှိန် ကွယ်လွန်သွားခဲ့ပါတယ်။
အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ဖခင်ကြီးကွယ်လွန်ချိန်မှာ သူ့ဘေးမှာရှိနေတာကတော့ အနှစ် ၅၀ နီးပါး လက်တွဲခဲ့တဲ့၊ ဘဝရဲ့မုန်တိုင်းတွေကို အတူရင်ဆိုင်ခဲ့တဲ့ ကျနော့်မေမေ တယောက်ထဲပါ။ သားကြီးဖြစ်တဲ့ကျနော်က အမေရိကားမှာ၊ သားလတ်ရွှေဖုန်းလူက သူ့အရင် ၂၀၀၇ ခုနှစ် ဩဂုတ်လမှာ ကွယ်လွန်သွားခဲ့ပြီ။ သမီးအငယ်ဆုံး မိုးမိုးနဲ့ သမက်ဘောက်လွန်တို့က မလေးရှားမှာ၊ သမီး မနော်ဟရီနဲ့ တဦးတည်းသော မြေးကလေး ကိုကိုခေတ်နေတို့က ဩစတြေးလျမှာ၊ မေမေတယောက်တည်းကိုသာ ဘဝတလျှောက်လုံး အဖော်ပြုခဲ့ရတဲ့ ဖေဖေ၊ ခုတော့လည်း မေမေ့ကို တယောက်ထဲ ခွဲထားခဲ့ပါပြီ။
- နှစ် -
ကြေကွဲရတာတွေများလွန်းလို့ နှလုံးသားက ထုံကျင်နေသလား မသိ။ ဖေဖေဆုံးကြောင်း နေရိန်ကျော်က မနက်အစောကြီး ဖုံးခေါ်ပြီး သတင်းပေးတော့ အံ့ဩ တုန်လှုပ်မိတာကလွဲလို့ အနေထိုင်မပျက်ခဲ့။ အိပ်ရာကထပြီး မေမေ့ဆီ ဖုန်းဆက်ဖို့ ကြိုးစား၊ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်၊ ဒါနဲ့ပဲ အသိပေးရမဲ့လူတွေကို သတင်းပို့၊ ဖုန်းနဲ့ မိတ်ဆွေတချို့က မေးတာကို ဖြေကြား၊ ငိုဖို့သတိ မရခဲ့ပါဘူး။
ဒါပေမဲ့ နောက်တနေ့မနက် သူငယ်ချင်းတွေပေးပို့တဲ့ ဖေဖေ့ရဲ့နောက်ဆုံးဓာတ်ပုံတွေကို မြင်ရတဲ့အခါမှာတော့ မျက်ရည်တွေ မထိမ်းနိုင် မသိမ်းနိုင် ပြိုကျလာပါတော့တယ်။ ကျနော့်ရဲ့ဖခင်ကြီး၊ ကျနော့်ရဲ့ လက်ဦးဆရာ၊ ကျနော့်ရဲ့ သူရဲကောင်း၊ ဘဝတပါးကို ကူးပြောင်းသွားခဲ့ပြီ…။
- သုံး -
ဖေဖေနဲ့ပတ်သက်ပြီး ကျနော်မသိရတာတွေ အများကြီးပါ။ မန္တလေးသားတယောက်ဖြစ်တယ် ဆိုတာက လွဲလို့ သူ့ရဲ့ မိဘဆွေမျိုးတွေ ဘယ်သူဘယ်ဝါဆိုတာ ကျနော်မသိပါ။ ဖေဖေကလဲ တခါမှ မပြောဖူးပါ။ ကျနော့်တသက် ဖေဖေ့ဘက်က ဆွေမျိုးတယောက်မှ မတွေ့ဖူး၊ မသိဖူးခဲ့ပါ။
ဖေဖေ့ကိုယ်မှာ ဒဏ်ရာတွေ အများကြီးပါ။ ရင်ဘတ်မှာ၊ ပခုံးမှာ၊ ကျောမှာ၊ ဗိုက်က ဒဏ်ရာကြီးကတော့ နောက်ကျောထိ ပေါက်သွားတဲ့ လှံစွပ်ဒဏ်ရာပါ။ ဂျပန်တော်လှန်ရေးကာလက ရခဲ့တာလို့ ပြောဖူးပါတယ်။ ပခုံးဒဏ်ရာက အင်္ဂလိပ်ကို တော်လှန်တုံးကရခဲ့တဲ့ သေနတ်ဒဏ်ရာဖြစ်ပြီး ရင်ဘတ်က ဒဏ်ရာကတော့ ပဲခူးရိုးမတနေရာမှာ ဖေဖေပါဝင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့နဲ့ ဖဆပလအစိုးရတပ် ရင်ဆိုင်တိုက်ပွဲမှာ ရခဲ့တာလို့ ဆိုပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ပေမဲ့ ဖေဖေ့မှာ လွတ်လပ်ရေးမော်ကွန်းဝင်လက်မှတ် မရှိပါ။
ကျနော်ငယ်ငယ်က ဖေဖေ့ကို အိမ်မှာ အချိန်ကြာကြာ မြင်ရခဲပါတယ်။
"မေးစရာနဲနဲရှိလို့ ခဏလောက်လိုက်ခဲ့ပါ …"
ဆိုပြီး လာခေါ်တဲ့ ရိုင်းရိုင်းကြမ်းကြမ်းလူကြီးတွေနောက် ဖေဖေလိုက်ပါသွားပြီး တခါတခါ လနဲ့ချီပြီး ကြာ၊ တခါတခါ နှစ်နဲ့ချီပြီး ကြာ၊ ပျောက်ဆုံးနေခဲ့ပါတယ်။ ရေကြည်အိုင်တို့၊ အင်းစိန်ထောင်တို့၊ စစ်ထောက်လှမ်းရေးတို့ ဆိုတာ ကျနော် ငယ်ငယ်ကတည်းက ယဉ်ပါးနေရတဲ့ စကားလုံးတွေပါ။
အိမ်ကို ဖေဖေပြန်ရောက်လာတော့လဲ ဒဏ်ရာဒဏ်ချက်တွေ၊ ရောဂါတွေနဲ့ပါ။ အချိန် အတော်ကြာကြာ ဆေးကုရပါတယ်။ အဲဒီအချိန်တွေကတော့ ကျနော်တို့မောင်နှမတွေ ဖေဖေနဲ့ အတူကြာကြာနေခွင့်ရတဲ့ ကာလတွေပေါ့။
ဖေဖေမရှိတဲ့အချိန်တွေမှာလဲ ကျနော်တို့မိသားစု အားမငယ်ရ၊ အထီးကျန်မဖြစ်ရပါ။ ဖေဖေ့မိတ်ဆွေတွေ အိမ်ကို ပုံမှန်လာပြီး အားပေးကြ၊ ငွေကြေး ထောက်ပံ့ကြပါတယ်။ ဖေဖေ့မိတ်ဆွေတွေကလဲ လူစုံပါပဲ။ ကျွန်းပြန်ကြီးတွေ၊ ရှေ့နေတွေ၊ စာရေးဆရာတွေ၊ ဆရာဝန်တွေ၊ သတင်းထောက်တွေ၊ ဆိုက်ကားဆရာတေ၊ွ ဈေးသည်တွေ၊ အငှါးကားမောင်းသူတွေ၊ ကျောင်းဆရာတွေ အစုံ ပါပဲ။
ဖေဖေက ကျနော့်ကိုဘယ်လောက်ပဲ ချစ်ချစ် အလိုမလိုက်ခဲ့တာတွေလဲ အများကြီးပါပဲ။ သူ့ရဲ့ ကန့်သတ်ချက်တွေကြောင့် ကျနော့်ငယ်ဘဝမှာ လမ်းပေါ်ထွက်ပြီး ကစားခွင့်မရခဲ့ပါဘူး။
ဒါကြောင့် ကျနော် အခြားကလေးတွေလို ဂျင် မပေါက်တတ်ခဲ့ဖူး၊ စွန် မလွှတ်တတ်ခဲ့ဖူး၊ စက်ဘီး မစီးတတ်ခဲ့ဖူး၊ ငယ်ငယ်ကလေးကတည်းက ဖေဖေက ကျနော့်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာအုပ်တွေ တအုပ်ပြီး တအုပ်ဖတ်ဖို့ပဲ အားပေး သင်ကြားခဲ့တာပါ။ ဖတ်ရတဲ့စာအုပ်တွေကိုလဲ ကြည့်ကြပါဦး … ကျနော် ၅ နှစ်သားမှာ ဖတ်ရတာက ဇိနတ္တပကာသဏီ၊ အရင်းကျမ်း၊ ရေသောက်မြစ် ၃ သွယ်၊ အနုပဋိလောမရုပ်ဝါဒ၊ ငါတို့ခေတ်နဲ့အပြိုင်၊ စစ်ရေး ၆ စောင်တွဲ၊ အဲဒီလို စာအုပ်ကြီးတွေပါ။ ဖတ်ရုံတင်လား ဆိုတော့ မဟုက်သေးပါဘူး။ ဖေဖေ့မိတ်ဆွေတွေ ကျနော်တို့ တောင်ဥက္ကလာပက အိမ်ကလေးမှာ စုဝေးကြ စကားပြောကြတဲ့အခါ ဖေဖေက ကျနော့်ကို ခေါ်ပြီး သူ့မိတ်ဆွေတွေရှေ့မှာ အဲဒီ စာအုပ်ကြီးတွေထဲက စာသားတွေကို အလွတ် ရွတ်ပြခိုင်းပြန်ပါတယ်။ ကျနော် အလွတ်ရွတ်ပြတာကို နားထောင်ပြီး ဖေဖေနဲ့ သူ့မိတ်ဆွေတွေ သဘောကျနေခဲ့ကြတာပေါ့။
ကျနော်တို့အိမ်ကလေးမှာ အင်မတန် ဧည့်သည် များလှပါတယ်၊ အထူးသဖြင့်ရုံးပိတ်ရက်တွေမှာပါ။
အားလုံးလိုလိုက နိုင်ငံရေးသမားဟောင်းကြီးတွေပါ။ ကျနော် မှတ်မိနေတဲ့သူတချို့က ဆရာဗန်းမော်တင်အောင်၊ လေထီးလို့ခေါ်ကြတဲ့ အဘလေထီးဦးအုန်းမောင်၊ မီးရထားကြီးလို့ ခေါ်ကြတဲ့ အဘဦးလှမောင်၊ ကျူရှင်ပြနေတဲ့ ဆရာကေတီဦးကျော်တင့်၊ ရှေ့နေကြီး အဘတီပီဝမ်း၊ ရုပ်ရှင်ဒါရိုက်တာ ရှူမဝ ဦးချစ်စိန်၊ ဓတ်ပုံဆရာ ဥက္ကလာဦးဝင်းမောင်၊ စာရေးဆရာ ညိုဝင်း စသူတွေပါပဲ။ မောင်မောင်ကျော်ရဲ့ အဖေ ကျောင်းဆရာ ကိုနေဝင်းလဲ လာပါတယ်။ သူတို့တွေ အားလုံးလိုလို ဖေဖေ့အရင် ဆုံးပါးသွားခဲ့ကြပါပြီ။ ကျနော်က အဲဒီစကားဝိုင်းတွေမှာ ရေနွေးကြမ်းအိုးတွေ တအိုးပြီး တအိုးချပေးပြီး သူတို့ရဲ့ဘဝအတွေ့အကြုံတွေ၊ နာကျင်မှုတွေ၊ စွန့်စားခန်းတွေကို တမေ့တမော နားထောင်ခဲ့ရတာပါ။
ကျနော့ရဲ့ငယ်ဘဝမှာ ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိပ်သွားတဲ့ပုံပြင်တွေ တခါမှ မကြားခဲ့ရပါဖူး။ ဖေဖေနဲ့ သူ့မိတ်ဆွေတွေရဲ့ တော်လှန်ရေးကာလ အတွေ့အကြုံတွေ၊ ကိုကိုးကျွန်း အကျဉ်းစခန်းက တိုက်ပွဲတွေ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတာတွေ၊ ဒါတွေသာ ကျနော့်ငယ်ဘဝရဲ့ အိပ်ရာဝင်ပုံပြင်တွေ ဖြစ်ခဲ့ပါတယ်၊
- လေး -
ဖေဖေနဲ့ကျနော် အမြင်မတူကြတာတွေလဲ အများကြီးပါပဲ။ ကျနော် ၁၈ နှစ်သား အရွယ် စက်မှုတက္ကသိုလ် စတက်ချိန်မှာ ကဗျာလေးတွေ စ ရေးပါတယ်။ ကျနော့်ညီ ရွှေဖုန်းလူ ကလဲ စာမေးပွဲ တဖုံးဖုံးကျပြီး ကဗျာရေးနေပါပြီ။ ဖေဖေက ကျနော်တို့ ကဗျာရေးတာ လုံးဝမကြိုက်ပါဘူး။ စိတ်လေလွင့်တယ်လို့ ယူဆပါတယ်။ ကျနော်က ကဗျာဆရာကြီး ဒဂုန်တာရာကို ကြိုက်တယ်ဆိုတော့ ဖေဖေကပြောဖူးပါတယ်။
"ကိုဌေးမြိုင်က စိတ်ကူးယဉ်သမားကွ။ သူ့ကို ကြိုက်ရင် မင်းတို့ မှားလိမ့်မယ်" တဲ့။
ဒါပေမဲ့ ကျနော်တို့ရဲ့ ကဗျာအပေါ်ရူးသွပ်မှုကို သူ တားလို့မရနိုင်တော့မှန်း သိတဲ့အခါကျတော့လဲ ကျနော် မထင်မှတ်တဲ့ အကူအညီ ပေးပြန်ပါတယ်။ အဲဒီခေတ်ကာလ ၁၉၈၀ ဝန်းကျင်မှာ ကျနော်တို့လူငယ်ကဗျာသမားတွေအတွက် မိုးဝေနဲ့ ရှုမဝ မဂ္ဂဇင်းကြီး နှစ်စောင်ဟာ မီးရှူးတန်ဆောင်ပါ။ မိုးဝေနဲ့ ရှုမဝကိုပဲ ကဗျာတွေပို့ပြီး မိုးဝေနဲ့ ရှုမဝမှာ ကဗျာပါမှ အောင်မြင်တယ်လို့ ယုံကြည်ကြတာပါ။ အဲဒီမဂ္ဂဇင်းကြီးနှစ်စောင်မှာ ကဗျာပါဖို့ကလဲ အင်မတန် မလွယ်ကူတဲ့ အနေအထားပါ။ ဖေဖေက တနေ့တော့ ကျနော့်ကို စာတစောင် ပေးပါတယ်။
"မင်း မိုးဝေသွားရင် ယူသွား" တဲ့။
စာက မိတ်ဆက်စာ တိုတိုလေးပါ။ အယ်ဒီတာချုပ် ဆရာနတ်နွယ်ကို အမည်ရင်း ဦးလှမြင့်နဲ့ လိပ်စာတပ်ပြီး ရေးထားပါတယ်။
"ကိုလှမြင့်ရေ၊ အခုစာနဲ့လာသူဟာ ကျနော့်သား အကြီးကောင်ပါ၊ တတ်နိုင်သလောက် ဖေးမစေချင်ပါတယ် …" တဲ့။
ကျနော်ကလဲ အဲဒီစာကလေးယူပြီး ကျောက်မြောင်းက မိုးဝေတိုက်ကို သွားပါတယ်။ ဆရာနတ်နွယ်ကို တွေ့ပြီး ဖေဖေ့စာကို ပေးပါတယ်။ ဆရာနတ်နွယ်က စာကို ဖတ်ကြည့်ပြီး ဖေဖေ့ရဲ့ ကျန်းမာရေး အခြေအနေကို မေးပါတယ်။ ကျနော့်ကိုလဲ လူရင်းတယောက်လို ပုံမှန် တိုက်ကိုဝင်ထွက်ဖို့ မှာပါတယ်။ အဲဒီနောက်ပိုင်း ကျနော့်ကဗျာလေးတွေ မိုးဝေမှာ ဖော်ပြခြင်းခံရပါတယ်။ ဖေဖေနဲ့ ဆရာနတ်နွယ်တို့က ဆရာဦးညိုမြရဲ့ အိုးဝေသတင်းစာမှာ လက်ထောက် အယ်ဒီတာလေးတွေအဖြစ် အမှုထမ်းခဲ့ကြတယ်လို့ သိရပါတယ်။
မတတ်သာလို့ သည်းခံနေရပေမဲ့ ကျနော့်ဆီ လာလည်ကြတဲ့ သူငယ်ချင်းကဗျာသမားတွေကိုတော့ ဖေဖေ သိပ်ကြည့်လို့မရခဲ့ပါဘူး။ မကြာခဏ လာပြီး ကျနော့်ကို လဘက်ရည်ဆိုင်သွားဖို့ ခေါ်တတ်တဲ့ "နွေလယ်နေ"ကို သူ တော်တော်မျက်မုန်း ကျိုးပါတယ်။ တခါတရံမှ လာတတ်တဲ့ အကိုကြီး ကိုအောင်ချိမ့်နဲ့ ကိုချောနွယ်တို့ကိုလဲ လူကြီးလမ်းသူရဲတွေ ဆိုပြီး မဆက်ဆံပါ။ ကျနော့်ကဗျာသူငယ်ချင်းများထဲမှာ သူ ခင်ခင်မင်မင် ဆက်ဆံတာ ဇေယျဝတီမင်းလွင်စိုး လို့ခေါ်တဲ့ ကိုအောင်မြင့်နဲ့ အခု နော်ဝေနိုင်ငံကို ရောက်နေတဲ့ နှင်းခါးမိုး ခေါ် ကိုဝေလင်းတို့ နှစ်ယောက်ပဲ ရှိပါတယ်။
- ငါး -
၁၉၈၇ ခုနှစ်၊ စက်တင်ဘာ ငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လ အရေးအခင်းနဲ့ ဂျွန်လ အရေးအခင်းတွေထဲ ပါဝင်ခဲ့တဲ့ အချိန်တွေကစပြီး ကျနော် အိမ်မှာ မနေရဲတော့ပါ။ နေရာ မျိုးစုံ ရွှေ့ပြောင်း ပုန်းအောင်း နေခဲ့ရပါတယ်။ အဲဒီအချိန်တွေမှာ ကျနော့်ကို လက်ခံဖွက်ထားပေးကြတာက ဖေဖေ့ရဲ့ မိတ်ဆွေကြီးများ ပါပဲ။ သူတို့အားလုံးက သူတို့ရဲ့ မျိုးဆက်ထဲက ကလေးတယောက် သူတို့မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကို ဆက်ပြီး ထမ်းဆောင်နေတာကို ဂုဏ်ယူကြ ဝမ်းသာကြပါတယ်။ အဲဒီအချိန်မှာ ဖေဖေဟာ သူ့ရဲ့မိတ်ဆွေများအလယ်မှာ သူ့သား ကျောင်းသားခေါင်းဆောင်လေး ၂ ယောက်အတွက် ဂုဏ်တက်နေခဲ့ရတာပေါ့။
ဒါပေမဲ့လဲ မတူညီမှုတွေကတော့ ရှိနေတာပါပဲ။ ၁၉၈၈ အရေးတော်ပုံကြီးရဲ့ အမြင့်မားဆုံးကာလမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနုက စင်ပြိုင်အစိုးရ တည်ထောင်ပါတယ်။ ကျနော်က အဲဒီ စင်ပြိုင်အစိုးရကို လက်တွေ့ အခြေအနေအရ လိုအပ်တယ်လို့ ယုံကြည်ပြီး ပထမဆုံး ထောက်ခံခဲ့ပါတယ်။ ဒါတင်မက စင်ပြိုင်အစိုးရကို အများက ထောက်ခံကြအောင်လဲ စည်းရုံးခဲ့ပါတယ်။ ဒါကြောင့်လဲ ဘဘဦးနုက ကျနော့်ကို အစိုးရအဖွဲ့အတွင်းဝန်အဖြစ် တာဝန်ပေး ခန့်အပ်ပါတယ်။ ဒါကို ဖေဖေနဲ့ သူ့မိတ်ဆွေကြီးများက သဘောမကျကြပါဘူး။ အတိတ်ကာလက အဖြစ်အပျက်တွေအတွက် ဦးနုဟာ သူတို့ထောက်ခံရ လက်တွဲရမဲ့လူ မဟုက်ပါဘူး။ ဒီတော့ သူတို့ထဲက တယောက်လို့ သတ်မှတ်ထားတဲ့ကျနော်က ဦးနုအနားမှာ ထောက်ခံနေတာ သူတို့ လက်မခံနိုင်ပါဘူး။
ဒီလိုနဲ့ သူ့မိတ်ဆွေကြီးများရဲ့ တာဝန်ပေးချက်အရ ကျနော်ပုန်းအောင်းရာနေရာကို ဖေဖေတယောက် နေပူကြီးထဲမှာ ထီးအနက်ကြီး ဆောင်းပြီး မောကြီးပန်းကြီး ရောက်လာခဲ့ပါတယ်။ ကျနော့်ကို တွေ့တွေ့ချင်း ဒေါသတကြီးနဲ့ ဦးနုကို မထောက်ခံဖို့၊ ဦးနုရဲ့စင်ပြိုင်အစိုးရက နှုတ်ထွက်ဖို့ ပြောပါတယ်။ ကျနော်ကလည်း ကျနော့်ယုံကြည်မှုကို ပြန်ပြီး ရှင်းပြပါတယ်။ နောက်ဆုံး ကျနော့်ကို ပြောမရတော့တဲ့အဆုံး နေပူကြီးထဲမှာပဲ ဖေဖေတယောက် ဒေါသတကြီးနဲ့ ထီးအနက်ကြီး ဆောင်းပြီး ထွက်ခွာသွားတာကို ငေးကြည့်ရင်း ကျနော် ကျန်ရစ်ခဲ့ရပါတယ်၊
- ခြောက် -
အခုလဲ ကျနော် ကျန်ရစ်ခဲ့ရ ပြန်ပါပြီ။
ပြောမရတဲ့ သားတယောက်ကို အပြစ်တွေနဲ့ ချန်ထားခဲ့တာလား …
( မေ ၅၊ ၂၀၀၉ )
(မိုးမခမီဒီယာဝိုင်းတော်သားများ၏ မိတ်ဆွေဖြစ်သူ ကိုအောင်ဒင်၏ ဖခင် ဦးကျော်ရှိန်ကွယ်လွန်ခဲ့သည့်အတွက် မိုးမခက ကျန်ရစ်သူ မိသားစုဝင်များအားလုံးနှင့်အတူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုအပ်ပါသည်။)
Comments