မတရားမှုမှန်သမျှ မုချကျဆုံးရမည်
အောင်သာငယ်
မေ ၃၀၊ ၂၀၀၉
အောင်သာငယ်
မေ ၃၀၊ ၂၀၀၉
သမိုင်းဆိုင်ရာ အကြောင်း တစုံတရာကို ပြောဆိုမည်ဆိုလျှင် ခိုင်မာသော အချက်အလက် လိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းသည် ဒဏ္ဍာရီ မဟုတ်။ သမိုင်းသည် နတ်သမီး ပုံပြင်မဟုတ်။ သမိုင်းသည် ယုံတမ်းစကား မဟုတ်။ သမိုင်းသည် တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အချိန်ကာလ အလိုက် အဆင့်ဆင့် မှတ်တမ်း တင်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သမိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်းများ မပါ။ စိတ်ဆန္ဒများ မပါ။ သမိုင်းတွင် အဖြစ်အပျက်များသာ ပါလေသည်။ စိတ်ကူးယဉ် မဟုတ်သော တကယ်စင်စစ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ ပါလေသည်။
သို့သော်လည်း လူသားတို့ တကယ် ဖြတ်သန်းခဲ့ကြရသော ရာစုနှစ်နှင့် ချီသည့် အချိန်ကာလများမှာပင် သမိုင်း ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို အနိုင်ရသူများကသာ ဖွင့်ဆိုနိုင်သည်ဟု ဆိုခဲ့သော ကာလများ ရှိခဲ့ဖူးလေသည်။ သည်လိုနှင့် သမိုင်း ဆိုသည်မှာ အနိုင် ရခဲ့သူများ၏ မှတ်တမ်း၊ သို့မဟုတ် အနိုင်ရနေသူများ ကသာ သူတို့ တင်ချင်သလို တင်ခဲ့ကြသော မှတ်တမ်းတခုဟု အဓိပ္ပာယ် ဖွင့်ခဲ့ကြဖူးလေသည်။ သည်လိုနှင့် ရာဇ၀င် ဆိုသည့် စကားလည်း ပေါ်ပေါက်လာဖူးသည်။ သည်လိုနှင့် သမိုင်းဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်မှာလည်း လွဲချော်ခဲ့ရ လေတော့သည်။ သမိုင်းဆိုသည်မှာ နိုင်သူတို့၏ မှတ်တမ်း။ သည်လိုနှင့် သမိုင်းကို နိုင်သူတို့သာ ရေးနိုင်သည်ဟု မှတ်ယူနေသော န၀တ (သို့မဟုတ်) နအဖကလည်း သမိုင်း မှတ်တမ်းအမှန် ပြုစုရေးဆိုသော ခေါင်းစဉ်အောက်တွင် ကိုယ့် နာမည် ကိုယ်ရေးဖို့ ကြိုးစားခဲ့သော ရာဇ၀င် စာအုပ်များကိုလည်း ကျွန်ုပ်တို့ ဖတ်ခဲ့ကြရ လေတော့သည်။
သို့သော်လည်း သမိုင်းသည် သူနေရမည့်နေရာမှာ သူ နေနေလေသည်။ နိုင်သူ ရှုံးသူတို့က ထားရာမှာ သူ မနေ။ အချိန်ကာလတခုမှာ မည်သူက နိုင်သူ၊ မည်သူက ရှုံးသူ ဆိုသည်ကို သမိုင်းက သစ္စာရှိစွာ မှတ်တမ်း တင်လေသည်။ တချိန်ထဲမှာပင် မည်သူက မှန်ကန်သူ၊ မည်သူက မှားယွင်းသူ ဆိုသည်ကိုလည်း သမိုင်းက သစ္စာရှိရှိ မှတ်တမ်းတင်လေသည်။ ထို့အတူ အချိန်ကာလတခု ရောက်သည့်အခါတွင် မှန်ကန်သူကသာ နိုင်သူ ဖြစ်ကြောင်းကိုလည်း သမိုင်းက ရာစုနှစ် ထောင်စုနှစ်ပေါင်းများစွာ ကြာသည်အထိ သက်သေခံကာ မှတ်တမ်းတင်ခဲ့လေသည်။
သည်လိုနှင့် ယဉ်ကျေးသော လူ့သမိုင်းသည် အနိုင် အရှုံးထက် မှန်ကန်မှု၊ မှားယွင်းမှုကိုသာ တင်ခဲ့သော သမိုင်း ဖြစ်ခဲ့လေတော့သည်။ တနည်းအားဖြင့် တရားမှုနှင့် မတရားမှုကို စာရင်းတို့ခဲ့သော သမိုင်းသာ ဖြစ်လေသည်။ အချိန်ကာလတခုတွင် တစုံတယောက် - သို့မဟုတ် - တစုံတရာသည် အမှားအယွင်း လုပ်သူအဖြစ် ရာဇ၀င်တခုတွင် အမည်တို့ ခံရကောင်း ခံရမည်။ သို့သော် အချိန်ကာလတခုတွင် အမှန်တရား ဘက်တော်သား အဖြစ်၊ သူရဲကောင်းအဖြစ် အသိအမှတ်ပြု ခံရမည်မှာလည်း အသေအချာသာ ဖြစ်လေသည်။ သည် အဖြစ်အပျက်များကို သမိုင်းကသာ မှတ်တမ်းတင်နိုင်သည် မဟုတ်လား။
သည်လိုနှင့် ဂျော်ဒန်နိုဘရူနို-သည် သူရဲကောင်း ဖြစ်ခဲ့သည် မဟုတ်လား။
သည်အခါ သမိုင်းဆိုင်ရာ အကြောင်းတစုံတရာကို ပြောဆိုတိုင်း အရှုံး အနိုင် ဆိုသည်ထက် အမှန်တရားကိုသာ ကျွန်ုပ်တို့ ပြောဆိုရမည်မှာ အသေအချာပင်ဖြစ်ပေတော့သည်။
၁၉၈၈ အရေးတော်ပုံသည် တစုံတရာရှုံးနိမ့်ခဲ့သလို တစုံတရာ အောင်မြင်ခဲ့လေသည်။
ရှုံးနိမ့်ခဲ့ခြင်းမှာ ကျွန်ုပ်တို့လိုလားသော ဒီမိုကရက်တစ် အစိုးရတရပ်ကို ရရှိသည်အထိ အရေးတော်ပုံကို မသယ်ဆောင် နိုင်ခဲ့ခြင်းသာ ဖြစ်လေသည်။ ကျွန်ုပ်တို့ အောင်မြင်ခဲ့သည်မှာ ဖိနှိပ်မှု မှန်သမျှကို အုံကြွ တော်လှန်ခြင်းဖြင့် အဆုံး သပ်နိုင်သည်ဆိုသော နိုင်ငံရေးအရ အရေးပါသည့် အသိတရားကို ပြည်သူအားလုံးအား ပေးနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ သည် အောင်မြင်မှုက ယနေ့ထက်ထိတိုင် အကျိုးသက်ရောက်နေပါသေးသည်။ သည်လိုနှင့် ၁၉၉၆ ကျောင်းသား လှုပ်ရှားမှုနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကြီးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။
ယခုလောလောဆယ် ကျွန်ုပ်တို့ အားနည်းကောင်း အားနည်းနေမည်၊ ကျွန်ုပ်တို့ ရှုံးနိမ့်ကောင်း ရှုံးနိမ့်နေမည်။ သို့သော်လည်း ကျွန်ုပ်တို့သည် မှားယွင်းသူများ မဟုတ်ကြ။ အမှားအယွင်းကို လုပ်နေသူများ မဟုတ်ကြ။
သို့သော်လည်း သမိုင်းဆိုင်ရာ အချက်အများအရ ကျွန်ုပ်တို့ မည်သို့ အားနည်းနေသည်ဖြစ်စေ မတရားမှုကို တရားမှုနှင့် ဆန့်ကျင်နေခဲ့သော သည်အချက်ကပင် နောင် တချိန်တွင် ကျွန်ုပ်တို့သည် အောင်နိုင်သူများ ဖြစ်လာကြလိမ့်မည်ကို သမိုင်းတကာက ပြောပြနေလေသည်။ သည့်အတွက် တနေ့နေ့တွင် ကျွန်ုပ်တို့ ခေတ်အကြောင်း သမိုင်းဆိုင်ရာအရ ပြောဆိုကြသည့်အခါ ကျွန်ုပ်တို့က မှန်ကန်သူများသာ ဖြစ်သည့်အကြောင်းကို သမိုင်းက မှတ်တမ်း ကောင်းကောင်း တင်ပါလိမ့်မည်။
ထို့အတူ လူသား၏ သမိုင်းတလျှောက်လုံးတွင် မည်သည့်အခါကမျှ မတရားမှုက တရားမှုအပေါ် အနိုင်မရခဲ့ဖူးကြောင်း သမိုင်းနှင့်ချီပြောရင်း မြန်မာပြည်တွင်သာမက တကမ္ဘလုံးရှိ မတရားမှု မှန်သမျှ သည်လည်း ကျဆုံးရမည်မှာ မုချ အသေအချာပင်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း....။

Comments