Burma's prisons and labour camps: Silent killing fields


ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသားများ ကျန်းမာရေး စိုးရိမ်ရ
မိုးမခ အထောက်တော် ၀၀၈
မေ ၁၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အထိန်းသိမ်းခံနေရသည့် နိုင်ငံရေးသမား အနည်းဆုံး ၁၂၇ ဦး ကျန်းမာရေး ချွတ်ယွင်းနေပြီး ကုသမှု အမြန်ဆုံး လိုနေသည်ဟု အကျဉ်းသား စောင့်ကြည့်ရေး အဖွဲ့တခုက ပြောသည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ၏ ယနေ့ ထုတ်ပြန်ချက်တစောင်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။ ထိုအသင်းသည် AAPP ဟု ထင်ရှားသည့် အသင်း ဖြစ်သည်။

AAPP က ယနေ့ ရက်စွဲဖြင့် ဖြန့်လိုက်သည့် အစီရင်ခံစာကို “အသံတိတ် သတ်ကွင်း - ထောင် နှင့် ရဲဘက်စခန်းများ” ဟု အမည်ပေးထားသည်။ စာမျက်နှာ ၂၂ မျက်နှာ ပါဝင်သည်။

ထောင်ကျနေသည့် နိုင်ငံရေးသမားတို့ ကြုံတွေ့နေရပုံကို အသေးစိတ် တင်ဆက်ထားသည်။

အောက်တိုဘာလမှ စပြီး ဗိုလ်ချုပ်ကြီးတို့က နိုင်ငံရေးသမား ၃၅၇ ဦး ကို နှစ်ရှည် ထောင်ဒဏ် ပေးလိုက်သည်ဟု ဆိုသည်။ ထိုအထဲတွင် ထောင် ၁၀၄ နှစ်အထိ ကျသွားသည့် ကျောင်းသားတဦးလည်း ပါဝင်သည်။ အဆိုပါ နိုင်ငံရေးသမားများကို နယ်ထောင်အသီးသီးသို့ ဖြန့်ခွဲပြီး ပို့လိုက်သည်။

ဤထောင်ပြောင်းမှုကြီးမှာ ဦးနေ၀င်းလက်ထက်က အင်းစိန်ထောင်မှ ကိုကိုးကျွန်းစခန်းသို့ ပြောင်းရွှေ့မှုပြီးလျှင် အကြီးမား အကျယ်ပြန့်ဆုံးသော ထောင်ပြောင်းမှုကြီး ဖြစ်သည်။

ထောင်အတွင်း ဆေးဝါး နှင့် ဆေးဝန်ထမ်းများ အခြေအနေကိုလည်း အစီရင်ခံစာတွင် ရေးထားသည်။

မြန်မာပြည်တွင် ထောင်ဆေးရုံများသာမက ပြင်ပ ပြည်သူ့ဆေးရုံများလည်း ဆေးဝါး ပြတ်လပ်နေသည်မှာ ထူးဆန်းသည့် အကြောင်းအရာ မဟုတ်ပေ။ သို့သော်လည်း မြန်မာပြည်တွင် အထိန်းသိမ်းခံ နိုင်ငံရေးသမားတို့ ဆေးဝါးကုသမှုအတွက် ဗိုလ်ချုပ်ကြီးတို့၏ သဘောတူညီချက် မဖြစ်မနေ လိုအပ်သည်။

နာမည်ကျော် အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချွတ်ယွင်းနေသော်လည်း အစိုးရက ဆေးကုသခွင့် ပေးရေးအတွက် တုံ့ဆိုင်းနေမှုမှာ ယခုရက်ပိုင်းအတွင်း ကမ္ဘာကျော် သတင်းများ ဖြစ်သွားသည်။


ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ထိန်းသိမ်းခံရစဉ် သေဆုံးသွားသည့် နိုင်ငံရေးသမားပေါင်း ရာနှင့်ချီ၍ ရှိသည်ဟု ဆိုသည်။

အကျဉ်းသားဟောင်း ကိုဌေးအောင်၊ ကိုအောင်ကျော်ဦးတို့၏အကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ သူတို့နှစ်ဦးအား မေးမြန်းလိုပါက AAPP တာဝန်ရှိသူများထံ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Comments