![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg40LbVkWhdAut9XoKR-g9mkf6zMX01DbjklQuc-q1m9C0gwYBeorFHa4LjiQDG4wyr2-mKOblRk9W5II7HxuY-GQ3HmQvZ_O4UN3W4vWq3bSDLD3w1sqQV6x0-OmyI-vNB7vlBy7SbXDk/s320/jit-sg01.gif)
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် စင်္ကာပူက လှုပ်ရှားမှုပြုလုပ်
သတင်း - ကိုပေါ၊ ဓာတ်ပုံ - ဂျစ်တူး (မုံရွာ)
မေ ၂၄၊ ၂၀၀၉
၂၀၀၉ ခုနှစ်၊ မေလ ၂၄ ရက်၊ တနင်္ဂနွေညနေပိုင်းက စင်္ကာပူနိုင်ငံ တိုပါးရိုးရပ်ကွက်ရှိ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲကို စင်္ကာပူရှိ မြန်မာနိုင်ငံသား ၅၀၀ ရာခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ညနေ ၇ နာရီ ၁၅ မိနစ်တွင် စတင်ကျင်းပပြီး ဘုရားရှိခိုးခြင်း၊ ငါးပါးသီလ ဆောက်တည်ခြင်း၊ မေတ္တသုတ် ရွတ်ဖတ်ခြင်းများပြုလုပ်သည်။ ထို့နောက် စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်းကို ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်မှန်း၍ ငါးမိနစ်ခန့် တိတ်ဆိတ်စွာ မေတ္တာပို့သကြသည်။ ထို့နောက် ဆရာတော်ထံမှ တရားတော်ကို နာကြားပြီး အမျှအတမ်းပေးဝေကြသည်။
တရားနာပြီးသောအခါ ကျောင်းပရ၀ုဏ်ထဲရှိ ဗောဓိညောင်ပင်တွင် Free “Suu” ဟူသော အင်္ဂလိပ်စကားလုံးကို ဆီမီးများဖြင့် ထွန်းညှိကာ ပုံဖော်ကြသည်။
ပွဲဖြစ်မြောက်အောင် စီစဉ်သူ မြန်မာ့အရေးလှုပ်ရှားသူများက တက်ရောက်လာသူများအား ရွှေရင်အေးတိုက်ကျွေးခြင်း၊ အအေးဘူးများ ဝေငှခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးခြင်းနှင့်ပတ်သက်သော သတင်းများကို ရိုက်နှိပ်ထားသည့် စာစောင်များအား ဝေငှကြသည်။
လာမည့် မေလ ၃၁ ရက်နေ့တွင် (Speaker Corner) စပီကာကော်နာ (ပြောရေးဆိုခွင့် ပေးထားရာ ပန်းခြံထောင့်) တွင် ပြုလုပ်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုသို့ ဖိတ်ကြားစာများကိုလည်း အခမ်းအနား တက်ရောက်လာသူများအား ဝေငှခဲ့ကြသည်။
Comments