Child Aid Foundation to establish Charity School for the Needy Children

Sample Image

နာဂစ်အလွန် တနှစ်ပြည့် မေတ္တာနန္ဒပရဟိတကျောင်းအဖြစ် တိုးချဲ့ရန်

နာဂစ်သင့် မိဘမဲ့ကလေးများ ကူညီရေး ရန်ပုံငွေအဖွဲ့က ပြင်ဆင်

မိုးမခ အထောက်တော် ၀၀၂

မေ ၁၃၊ ၂၀၀၉

ရန်ကုန်မြို့အနီး မြေ ၄ ဧကပေါ်တွင် မေတ္တာနန္ဒ ပရဟိတကျောင်းတကျောင်းကို မန္တလေး ဖောင်တော်ဦး ပရဟိတကျောင်းက ဆရာတော်များ၏ ၀ိုင်းဝန်းကူညီမှုဖြင့် ထူထောင်လိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့ ငါးကျမ်းပြန်သာသနာ့ရိပ်သာက ဆရာတော်များ၊ တကာ၊ တကာမ မိသားစုများက ကမကထပြုလုပ်ခဲ့ပြီး၊ ပြည်တွင်းပြည်ပရှိ ကုသိုလ်ရှင်များ၊ စေတနာရှင်များ၏ စုပေါင်း အလှူဒါနဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သော Child Aid Foundation (Myanmar) အမည်ရှိ နာဂစ်သင့်မိဘမဲ့ ကလေးများကူညီရေး ရန်ပုံငွေအဖွဲ့သည် နာဂစ်မုန်တိုင်းအလွန် တနှစ်ပြည့်ချိန်တွင် ပရဟိတလုပ်ငန်းများ ပိုမိုကြိုးစားဆောင်ရွက်နိုင်ရန် ရှေ့သို့ ခြေတလှမ်း တိုးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

Sample Image

အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရန်၊ နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များ၏ ပညာရေး နောင်ရေးအတွက်သာမက၊ ကျေးလက်တောရွာများ၊ တိုင်းရင်းသားကလေးသူငယ်များ၏ ပညာရေး၊ လူမှုရေးနှင့် အထွေထွေ အသိပညာ ဖွံဖြိုးတိုးတက်စေရေးအတွက် တတ်စွမ်းသလောက် ဆောင်ရွက်နိုင်ရန်၊ အခြေခံပညာများသာမက အထက်တန်းပညာများအထိ သင်ကြားနိုင်ဖို့ ပြင်ဆင်ပေးနိုင်ရန်နှင့် ဒေသန္တရအသီးသီးက စေတနာရှင်၊ ကုသိုလ်ရှင်များ၏ ကာယ၊ ဉာဏ နှင့် အထွေထွေသော အလှူ ဒါနအားများကို အခြေပြုပြီး ထိုကလေးသူငယ်များကိုယ်တိုင် ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးနိုင်သည့် စွမ်းဆောင်ရည်ရှိသော ပရိဟိတကျောင်းကလေး တကျောင်းအဖြစ် ဖြစ်ထွန်းအောင် ဆောင်ရွက်မည်ဟု မျှော်လင့်ထားကြောင်း ငါးကျမ်းပြန်သာသနာ့ရိပ်သာနှင့် ဖရီးမောင့်မြို့ မေတ္တာနန္ဒကျောင်းတိုက်က ဆရာတော် ဦးဓမ္မပီယက မိန့်ကြားသည်။

Sample Image

မူလက ချိုင်းလ်ဒ်အိတ်ဒ် ဖောင်ဒေးရှင်း အမည်ဖြင့် ရန်ပုံငွေအဖွဲ့ကို စတင်ခဲ့ပြီး အင်တာနက်လိပ်စာအဖြစ် - www.childaidmyanmar.org ကတဆင့် စေတနာရှင်၊ ကုသိုလ်ရှင်များကို သတင်းပေးပို့ခဲ့သည်။ ယခုအခါတွင် ပရဟိတလုပ်ငန်းတခုအဖြစ် အမေရိကန်ပြည်ထောင်စုတွင် မှတ်ပုံတင်ဆောင်ရွက်ရာ - Metta Child Aid Foundation အမည်ကို ရယူသုံးစွဲရန် ဆွေးနွေးတိုင်ပင်နေကြကြောင်း သိရှိရပါသည်။

Sample Image

(ဓာတ်ပုံများ - ၂၀၀၉ မတ်၊ ဧပြီလများအတွင်းက ရန်ကုန်မြို့အနီးတွင် ထူထောင်မည့် မေတ္တာနန္ဒ ပရဟိတစာသင်ကျောင်း မြေနေရာနှင့် အဆောက်အဦကို ၅ ကျမ်းပြန်ကျောင်းတိုက်ဆရာတော် ဦးဓမ္မပီယ၊ မန္တလေး ဖောင်တော်ဦး ပရဟိတကျောင်း ဆရာတော် ဦးနယကနှင့် သံဃာတော်များ ပြင်ဆင်ကြည့်ကြပ်နေကြစဉ်)

Sample Image

Comments